ရက်ပေါင်းတစ်ထောင် တော်လှန်ခရီးမှသည် အောင်ပွဲဆီသို့

ရက်ပေါင်းတစ်ထောင် တော်လှန်ခရီးမှသည် အောင်ပွဲဆီသို့

နွေဦးတော်လှန်ရေးကြီး စတင်ခဲ့တာ အောက်တိုဘာလ ၂၉ ရက်နေ့(သီတင်းကျွတ်လပြည့်နေ့) မှာ ရက်ပေါင်း တစ်ထောင် ရှိသွားပါပြီ။ ရက်ပေါင်းတစ်ထောင်ဆိုတဲ့ ခရီးဟာ အတိတ်ကာလထဲ အကျုံးဝင်သွားခဲ့ပြီ။ အတိတ်ဆိုတာ ကုန်ဆုံးသွားတဲ့ အရာတစ်ခု ဖြစ်ပေမယ့် မှတ်ဉာဏ်ထဲမှာ စွဲမြဲစွာ ထင်ကျန်ရစ်စမြဲပါ။ အထူးသဖြင့် ခက်ခဲကြမ်းတမ်းလှတဲ့ တော်လှန်ခရီးခဲကို ဖြတ်သန်းကြရတဲ့ ရက်တစ်ထောင်ခရီးဟာ မှတ်ဉာဏ်ထဲမှာ သံမှိုနှက်ထားသလို ထင်ထင်ရှားရှား နေရာယူထားတော့မှာပါ။

အတိတ်ဟာ ပြီးဆုံးသွားပြီမို့ အတိတ်အကြောင်း ပြန်တွေးတဲ့အခါ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် သင်ခန်းစာယူစရာအနေနဲ့ပဲ ပြန်လည်တွေးတောဖို့ ပညာရှိတွေက သတိပေးကြပါတယ်။ ဒီရက်တစ်ထောင်အတိတ်ထဲမှာ ရန်သူစစ်စစ်တွေ၊ မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူတွေ၊ မိတ်ဆွေစစ်စစ်တွေကို ကွဲကွဲပြားပြား သိလာကြရတယ်။ နွေဦးတော်လှန်ရေးကြီးဟာ နှစ်ကာလအတော်ကြာက ဟန်ဆောင်မျက်နှာဖုံးတွေကို ခွာချနိုင်ခဲ့တဲ့ပွဲလို့ ပြောရင်မှားမယ် မထင်ပါဘူး။

အထူးသဖြင့် ရန်သူစစ်စစ်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အစွယ်ဖွေးဖွေးနဲ့ ဘီလူးသရုပ်ကို ပျက်ပျက်ထင်ထင် တစ်တိုင်းပြည်လုံးက မြင်သွားခဲ့ကြတယ်။ စစ်အာဏာရှင်စနစ် လည်ပတ်နေတဲ့ နှစ်ပေါင်းခုနစ်ဆယ်အတွင်းမှာ ၂၀၂၁ အာဏာသိမ်းပွဲကြီးဟာ စစ်တပ်ရဲ့ မင်းသားမျက်နှာဖုံးကို အပြီးတိုင်ဆွဲချွတ်ခွာနိုင်ခဲ့တယ်။ အရင်ကာလတွေတုန်းက အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ဖို့ စတဲ့ မိစ္ဆာတွေ လိမ်ညာထားတဲ့ ဝါဒမှိုင်းထဲမှာ မှားယွင်းယုံကြည်မိသူ အများသား မဟုတ်လား။

စစ်အာဏာရှင်စနစ် အမြစ်တွယ်တဲ့ ၁၉၆၂ ခုနှစ်ကစပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်တဲ့ဒေသအနှံ့အပြားမှာ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေအပေါ် ထင်တိုင်းကြဲ ဖမ်းဆီးသတ်ဖြတ် နှိပ်စက်ညှဉ်းပန်း နေပါတယ်လို့ ပြောခဲ့ကြပေမယ့် မယုံတဲ့သူတွေ အတော်များများ ရှိခဲ့ကြတယ်။ ဒီမိုကရေစီ အရေခြုံထားတဲ့ ၂၀၁၇ ကာလမှာ စစ်တပ်က ရိုဟင်ဂျာလူမျိုးစုတွေကို အစုလိုက် သတ်ဖြတ်ခဲ့ပါတယ်ဆိုတာ သက်သေအခိုင်အလုံနဲ့ ပြောနေပေမယ့် ဟုတ်မှဟုတ်ပါ့မလားလို့ သံသယဖြစ်မိသူတွေ အများသားပါ။

ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာတော့ မိစ္ဆာဘီလူးကြီးဟာ မိမိအာဏာတည်မြဲဖို့အတွက် တစ်နိုင်ငံလုံးအနှံ့ ဗုံးမိုး ကျည်ဆံမိုးတွေရွာချ၊ အကြမ်းကြုတ်ဆုံးနည်းလမ်းပေါင်းစုံနဲ့ ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီး နှိပ်စက်ကလူ ပြုပါတော့တယ်။ ဗမာအများစု နေထိုင်ကြတဲ့ အညာဒေသမှာ ကျေးရွာပေါင်းများစွာမီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေက နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့တယ်။

ဆိုးဝါးလှတဲ့ ဒီအကြမ်းဖက်တွေကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် လက်နက်ကိုင်တော်လှန်မှပဲ ဖြစ်တော့မယ်လို့ ပြည်သူတွေက ဆုံးဖြတ်ကြပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ကြရတယ်။ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တွန်းလှန်စစ်ဟာ အခုရက်ပေါင်းတစ်ထောင်ကာလ ရောက်လာတဲ့ အချိန်မှာ အတော့်ကိုခိုင်မာအားကောင်းလာတာ တွေ့ရပါတယ်။

ပြည်သူ့တွန်းလှန်စစ်တွေ ခိုင်မာအားကောင်းလာတာနဲ့အမျှ အကြမ်းဖက်စစ်တပ်က မျက်ကလဲဆန်ပြာ ဖြစ်လာပြီး “ကြွက်မနိုင် ကျီမီးရှို့”တဲ့အလုပ်ကို ကယောင်ကတန်း လုပ်လာကြတော့တယ်။ နေအိမ်မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာကို ပိုမိုလုပ်ဆောင်လာတဲ့အပြင် “အနန့်ပါ”၊ “ပဇီကြီး”၊ “မုန်လိုင်ခက်” စတဲ့ နေရာတွေမှာလို အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကို ခပ်စိပ်စိပ်လုပ်လာခဲ့တယ်။

အမျိုးချစ်သူ၊ ကာကွယ်သူ၊ စောင့်ရှောက်သူအဖြစ် ပြည်သူတွေကို နှစ်ပေါင်းများစွာ ဝါဒမှိုင်းတိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီရက်ပေါင်းတစ်ထောင်အတွင်းမှာ ဖုံးဖိထားတဲ့ ဖက်ဆစ်သရုပ်မှန်ကို ဘယ်လိုမှ ဆက်လက်ဖုံးထားလို့ မရတော့ပါဘူး။ ပြည်သူတွေကို ဆက်လက်လိမ်လည်လှည့်ဖြားလို့ မရတော့ပါဘူး။ နိုင်ငံကြီး “ဖွတ်ကျောပြာစု ခရုဆံကျွတ်” ဘဝကိုရောက်အောင် လုပ်နေတဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်တစ်စုနဲ့ အပေါင်းပါတွေပဲဆိုတာ ပြည်သူတွေ လုံးလုံးလျားလျား နားလည်သွားကြပါပြီ။

ရန်သူဟာ ရန်သူပီသခဲ့ပါပြီ။ ရန်သူကို အမြစ်ဖြတ်ဖို့ဆိုရင် ပြတ်ပြတ်သားသား ချေမှုန်းကြရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး။

အခက်အခဲပေါင်းစုံ ရှိနေပေမယ့် တော်လှန်ပြည်သူတွေဟာ တော်လှန်ခရီးရှည်ကြီးကို အားကြိုးမာန်တက် လျှောက်လှမ်းနေကြဆဲပါ။

နှစ်ပေါင်းခုနစ်ဆယ်လောက် အမြစ်တွယ်လာခဲ့တဲ့ စနစ်ဆိုးကြီးမို့ လွယ်လွယ်နဲ့ ဖြိုလှဲလို့မရဘူးဆိုတာ ပြည်သူတွေက သိကြပါတယ်။ ဒါကြောင့်မို့လည်း လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အပါအဝင် ဘက်ပေါင်းစုံ နည်းလမ်းမျိုးစုံနဲ့ ‌တော်လှန်စစ်ကို ဆင်နွှဲနေကြပါတယ်။

ပြည်သူ့အစိုးရဖြစ်တဲ့ NUG ကတော့…

(၁) နိုင်ငံရေး စစ်မျက်နှာစာ

(၂) စစ်ရေး စစ်မျက်နှာစာ

(၃) နိုင်ငံတကာ တရားဝင်မှု (သံခင်းတမန်ခင်း စစ်မျက်နှာစာ)

(၄) ဘဏ္ဍာရေးနဲ့ စီးပွားရေး စစ်မျက်နှာစာ

(၅) စိတ်ဓါတ်စစ်ဆင်ရေးနဲ့ လူထုဆက်ဆံရေး စစ်မျက်နှာစာ

(၆) အုပ်ချုပ်ရေး စစ်မျက်နှာစာ ဆိုပြီး စစ်မျက်နှာစာကြီး (၆) ရပ်နဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ကဏ္ဍအလိုက် အကောင်အထည်ဖော်နေတယ်လို့ ဆိုထားပါတယ်။

ပြည်သူ့အစိုးရရဲ့ တော်လှန်ရေးအင်အား ယန္တရားတွေဟာ ပြည်သူထဲက ပေါက်ဖွားလာတာမို့ ပြည်သူတွေမပါပဲ တော်လှန်ရေး မအောင်မြင်နိုင်ပါဘူး။ ဒီတော်လှန်ရေးကြီးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ကို ပြည်သူတွေရဲ့ အင်အားနဲ့ပဲ ဖော်ဆောင်နိုင်မှာပါ။

လက်နက်ကိုင် တော်လှန်ရေးထဲ ဘဝပေး အသက်ပေး ဝင်ရောက်သွားသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ သူတွေ၊ မြို့ပြ ကျေးလက် သပိတ်တိုက်ပွဲမှာ ပါဝင်ဆင်နွှဲကြသူတွေ၊ ထောက်ပို့တပ်သားတွေ၊ ကျန်းမာရေး ပညာရေး ကဏ္ဍအသီးသီးမှာ တာဝန်ယူနေကြသူတွေ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ဖြတ်ဖို့ ဝိုင်းဝန်းကြိုးစားခဲ့ကြတဲ့ ပြည်သူတွေအတွက် သမိုင်းစာမျက်နှာမှာ မှတ်ကျောက်အကြီးကြီး တင်ထားကြရမှာပါ။

နွေဦးတော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကြီးနှစ်ရပ်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ကြဖို့ရယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ကြဖို့ရယ်ပါ။ အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ဖို့ဆိုရင် အကြမ်းဖက် ဖက်ဆစ်တပ်ကို နည်းလမ်းပေါင်းစုံနဲ့ ဖြိုလှဲနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့၊ မတူကွဲပြားတဲ့ လူမျိုးစုပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အတူနေသွားနိုင်ဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု အင်္ဂါရပ်နဲ့အညီ ကြိုးစားတည်ဆောက်ရမှာ ဖြစ်တဲ့အပြင် မှားယွင်းတဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း သတ္တိရှိရှိ ပြုပြင်ပြောင်းလဲရဲဖို့ လိုပါတယ်။

ဒီနွေဦးတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းကြတဲ့ပွဲမျှသာမဟုတ်။ ပုပ်သိုးဆွေးမြေ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ပြောင်းလဲတဲ့ အတွေးအခေါ်တော်လှန်ရေးလို့လည်း ဆိုကြပါတယ်။ ဒါဟာ အမှန်ပါပဲ။

အတွေးအခေါ်‌တော်လှန်ရေးကို အရေးကြီးဆုံး အခန်းကဏ္ဍမှာ ထည့်သွင်းထားရမှာပါ။ ပြင်ပပုံပန်းသဏ္ဍာန်တွေ ပြောင်းလဲသွားအောင် ဘယ်လိုလုပ်လုပ် အတွင်းအဇျ္စတ္တမှာရှိတဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်ချက်တွေ မှားယွင်းနေတယ်ဆိုရင် နောက်ထပ်အာဏာရှင်လက်သစ်တွေ ထပ်ပေါ်လာဦးမှာပါပဲ။

ရက်ပေါင်းတစ်ထောင် ဖြတ်သန်းပြီးသွားပေမယ့် မျှော်မှန်းတဲ့ပန်းတိုင် ရောက်ဖို့အတွက် အဘယ်ရွေ့ အဘယ်မျှ ကြာနေဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ မိမိအတွင်းအဇျ္စတ္တမှာ ခံယူကျင့်သုံးမိနေတဲ့ အတွေးအခေါ်အယူအဆမှားတွေ ရှိနေခဲ့ရင် ကြိုးစားပြုပြင်ကြရင်း တော်လှန်ခရီးရှည်ကို ဇွဲမာန်အပြည့်နဲ့ ဆက်လက်ချီတက်ကြရအောင်ပါ။

ဖြတ်သန်းသွားပြီဖြစ်တဲ့ အတိတ်တွေဟာ နှင်းခဲပေါ်မှာ လမ်းလျှောက်သလိုပဲ ခြေရာတွေ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့တယ်လို့ ပမာပြု ဆိုကြပါတယ်။ ဒါကို အတိတ်ခြေရာလို့လည်း တင်စားကြပါသေးတယ်။ ကိုယ့်အတိတ်ခြေရာဟာ ဘယ်လိုပုံသဏ္ဍာန်ပေါ်လာမလဲဆိုတာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ မူတည်ပါတယ်။ ရောမမြို့ကြီး မီးလောင်နေချိန်မှာ မီးငြှိမ်းဖို့ မကြိုးစားပဲ တယောထိုးနေတဲ့ ရှင်ဘုရင်တစ်ပါးရဲ့ သမိုင်းခြေရာဟာ နှောင်းလူတွေအတွက် နှာခေါင်းရှုံ့စရာ၊ ကဲ့ရဲ့ပြစ်တင်စရာအဖြစ် ထင်ကျန်ရစ်တာ သမိုင်းသက်သေပါပဲ။

ဆရာကြီး “ဗန်းမော်တင်အောင်” ကတော့ “လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” လို့ ဆိုထားပါတယ်။

ရက်ပေါင်းတစ်ထောင်ခရီးမှာ မိမိကရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ကပြခဲ့ပါသလဲ။ ခဏလောက် ကိုယ်ကိုယ်ကို မညှာတမ်း မလိမ်ညာစတမ်း စေ့ငုဆင်ခြင်သင့်လှပါတယ်။ သမိုင်းစာမျက်နှာမှာ ခြေရာကောင်းတွေ ချန်ထားကြသူတွေထဲမှာ မိမိလည်း တစ်ယောက်အပါအဝင် ဖြစ်ပါရဲ့လား။ ရက်ပေါင်းတစ်ထောင်အတွင်းမှာ ဖြတ်သန်းခဲ့တဲ့ ခြေရာတွေကိုပြန်လှည့်ကြည့်ရင် ဒီမိုကရေစီခရီးအတွက် ဘယ်လိုခြေရာမျိုး ချန်ထားခဲ့နိုင်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာပါ။

မိမိပခုံးပေါ် ကျရောက်လာတဲ့ သမိုင်းပေးတာဝန်တွေကို အသက်နဲ့ရင်းပြီး သူရဲကောင်းပြည်သူတွေက ထမ်းရွက်ခဲ့ကြပါပြီ။ ဒီခရီးဟာ ရှေ့ဆက်ရမယ့် ခရီးရှည် ခရီးခဲဖြစ်ပါတယ်။ ဒါပေမယ့် မလျှော့တဲ့ဇွဲလုံ့လနဲ့ ညီညီညာညာ ရှေ့ဆက်ကြမယ်ဆိုရင် ပန်းတိုင်ဆီ ရောက်ကိုရောက်ရမှာပါ။

နွေဦးတော်လှန်ရေးဟာ တာဝေးသွားရမယ့် ခရီးတစ်ခုပါ။ ဒေါက်တာတေဇာဆန်းရဲ့စကားကို ငှားပြီးပြောရရင် “တာတိုမှာ အင်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓါတ်” တဲ့။ တာဝေးခရီးအတွက် အရေးကြီးဆုံးကတော့ စိတ်ဓါတ်အင်အားပဲ ဖြစ်ပါတယ်။

ဘယ်လို အခက်အခဲကြုံကြုံ ကြိုးစားဖြတ်ကျော်ကြမယ်ဆိုတဲ့ စိတ်ဓါတ်ကို အရင်းတည်ပြီး အတိတ်ကကျန်ရစ်ခဲ့တဲ့ ခြေရာတွေထဲကနေ သင်ခန်းစာယူရင်း မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တော်လှန်ခရီးကို တွဲလက်ညီညီနဲ့ ရှေ့ဆက်ကြရအောင်ပါ။ ။

ငြိမ်းပန်

The Tanintharyi Times