ပြည်သူဒုက္ခချနင်းထားတဲ့ လျှာဖျားပေါ်က ငြိမ်းချမ်းရေး
ပြည်သူဒုက္ခချနင်းထားတဲ့ လျှာဖျားပေါ်က ငြိမ်းချမ်းရေး
လွတ်လပ်မှု၊ ငြိမ်းချမ်းမှုဆိုတာ လူတိုင်း လိုချင်တဲ့အရာ၊ လူတိုင်း လိုအပ်တဲ့အရာပါ။ ဒါပေမယ့် မတရားမှု၊ အကြမ်းဖက်မှုနဲ့ ပြည့်နှက်နေတဲ့ ဒီအမိမြေမှာ မလုံခြုံမှုနဲ့ အန္တရာယ် အငွေ့အသက်တွေကပဲ အမြဲတမ်း ဖုံးလွှမ်းနေတာ အချိန်အတန်ကြာပါပြီ။ ကိုယ့်ဝန်းကျင်မှာ လုံလုံခြုံခြုံနေထိုင်ခွင့်ဟာ ဘယ်အချိန်များမှ ပြန်လည်ရနိုင်ပါဦးမလဲ။
မိုးလေကင်းလွတ် သီတင်းကျွတ်ကာလ ရောက်နေပြီဆိုပေမယ့် ဒီနေရာမှာ မိုးတွေက ခပ်ကျဲကျဲ ရွာသွန်းနေဆဲပါ။ ညကရွာထားတဲ့ မိုးအရှိန်ကြောင့် ရေစက်တွေတင်ကျန်နေတဲ့ ရွက်စိမ်းတွေကြားမှာ ပန်းပွင့်လေးအချို့က အစီအရီပွင့်လို့။ အဖြူ၊ အဝါ၊ဗေဒါ၊ ခရမ်း အရောင်မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ။ ဟိုတစ်ပွင့် ဒီတစ်ပွင့်နဲ့ ခြံဝိုင်းပတ်ပတ်လည်မှာ အမြဲလိုလို ပွင့်နေတော့တာပါပဲ။
မိုးရွာနေသေးပေမယ့် အောက်တိုဘာလ ဆောင်းဦးရောက်စမို့လား မသိဘူး။ ပန်းတွေက ပိုပွင့်လာကြသလို လိပ်ပြာတွေလည်း ဟိုဝဲဒီပျံနဲ့ ပိုတွေ့လာရတယ်။ သူတို့ရဲ့ ပျံသန်းပုံကတကယ့်ကို လွတ်လွတ်လပ်လပ်။ ဟိုတစ်ပွင့်မှာ နားပြီး ဒီတစ်ပွင့်ဆီ အတောင်ပံဖြန့် ဝဲလာပုံက ကဗျာဆန်လိုက်တာ။ အနက်နှစ်ကောင်က တဖျတ်ဖျတ်နဲ့ မျက်စိရှေ့နား ဝဲသွားတယ်။ အဝါတစ်ကောင်က မော့ကြည့်ရတဲ့ အပင်ထိပ်ဖျားဆီမှာ တလှုပ်လှုပ်နဲ့ နားလို့။
အသက်ရန်အန္တရာယ် မရှိလို့ပဲလား။ ဘေးရန်ကို မြင်နိုင်လောက်တဲ့ အသိဉာဏ် မရှိလို့ပဲလား။ ဘာဖိစီးလေးလံမှုမှမရှိ လွတ်လပ်ပေါ့ပါးလို့။ ဒီလို မြင်ကွင်းမျိုးကို ကြည့်နေသူတစ်ယောက်အတွက် စိတ်နှလုံး အေးချမ်းတဲ့ အငွေ့အသက်တွေ ဖြစ်ပေါ်နေရမှာ မဟုတ်လား။ အခုတော့ လိပ်ပြာလေးတွေရဲ့ ပေါ့ပါးလွတ်လပ်မှုကို ကြည့်ပြီး ချမ်းမြေ့ကြည်နူးနေရမယ့်အစား ပူလောင်စိုးထိတ်စိတ်ပဲ ဖြစ်နေမိတယ်။
ဘာမှမလုပ်နိုင်ပဲ အဖြစ်အပျက်ဆိုးကို ရပ်ကြည့်နေရတဲ့ ကူကယ်ရာမဲ့ အနေအထားတွေ ကြုံရတိုင်း အမေခိုင်းနှိုင်းပြီးသုံးတဲ့ ဥပမာတစ်ခုရှိတယ်။ ကြက်မကြီးရဲ့ကလေး ကြက်ပေါက်လေးတွေ ရေတွင်းထဲ ကျသွားတာမျိုးတဲ့။ ကြက်မကြီးခမျာ ကိုယ်တိုင်လည်း ရေမကူးတတ်၊ ရေတွင်းထဲလည်းမဆင်းနိုင်။ ရေတွင်းထဲကျနေတဲ့ ကိုယ့်ကလေးကိုကြည့်ပြီး ရေတွင်းနှုတ်ခမ်းဝမှာပဲ အော်ရင်းဟစ်ရင်း အထပ်ထပ်အခါခါ ပတ်ပြေးနေရရှာတယ်။ ကယ်နိုင်တဲ့နည်းလမ်း၊ ကယ်နိုင်တဲ့ အခွင့်အရေး မရှိဘဲ ကိုယ့်သားသမီး ကိုယ့်မျက်စိရှေ့မှာ ရေနစ်သေသွားတာကို ရင်ကွဲပြီး ကြည့်နေရတဲ့ အဖြစ်မျိုးပေါ့။
ကွမ်းသီး၊ ရာဘာ စတဲ့ ခြံလုပ်ငန်းနဲ့ အသက်မွေးနေရတဲ့ တောင်သူတွေအတွက် ခြံသွားလို့မရတာဟာ ငတ်သေအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အကြမ်းဖက်တပ်ဘက်က ဒီတောနယ်တစ်ဝိုက်ကို မြေလှန်ပြီး စစ်ကြောင်းထိုးနေတယ်။ ရန်သူလို့ သူတို့သတ်မှတ်ထားတဲ့ တော်လှန်ရေးတပ်တွေ မရှိဘဲလည်း တောထဲလှည့်လည်ပြီး တိုက်ပွဲဖြစ်တဲ့ပုံစံသေနတ်တွေကို တဒိုင်းဒိုင်းနဲ့ ပစ်ခတ်ကြတယ်။
ကျည်ဆံဆိုတာ သူတို့အတွက်တော့ အပေါများဆုံး ထင်ပါရဲ့။ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ သယံဇာတတွေကိုလက်ဝါးကြီးအုပ်ထားတာ နှစ်ပေါင်းများစွာ ကြာပြီကိုး။ ပြည်သူတွေကို သေနတ်မိုး အုပ်ချုပ်နိုင်ဖို့အတွက်ပဲ အစဉ်အဆက် ပြင်ဆင်လာခဲ့တာ မဟုတ်လား။ အခုတော့ တောတောင်တစ်လျှောက်မှာရှိတဲ့ ဥယျာဉ်ခြံတွေထဲ လှည့်လည်ပြီးသေနတ်နဲ့ ရမ်းကားပစ်ခတ်လို့။ တစ်တိုင်းပြည်လုံး ပြာကျသွားအောင် မီးလောင်တိုက်သွင်းလို့။
တောင်သူတွေဟာ ခြံထဲမှာ အလုပ်လုပ်နေရင်း စစ်ကြောင်းနဲ့တိုးရင် အဖမ်းခံရတော့တာပါပဲ။ သူတို့လှည့်လည်တဲ့ တောတောင်တစ်လျှောက်မှာ လူသားဒိုင်း လုပ်ခိုင်းတယ်။ သူတို့ရဲ့ အထုပ်အထည်တွေကို သယ်ပိုးခိုင်းတယ်။ ညဘက်မှာ ကြိုးနဲ့ချည်ထားပြီး တစ်ညလုံး ထိုင်ခိုင်းထားတယ်။ မိုးရွာနေလို့ မိုးရေထဲ တစ်ညလုံး အချည်ခံထားရသူတွေထဲမှာ အသက်ခြောက်ဆယ်ကျော် လူကြီးတွေလည်းပါတယ်။ အစာငတ် ရေငတ်နဲ့ တကယ့်ကို မသေရုံတမယ်ပါပဲ။ ခြံလုပ်သားတစ်ချို့ဆို အရိုက်အနှက် ခံကြရတယ်။
ခြံမှာ အလုပ်သွားလုပ်တဲ့သူတွေ ညဘက်အထိ အိမ်ပြန်မရောက်လာတဲ့အခါ အိမ်မှာကျန်နေတဲ့ မိသားစုဝင်တွေကလည်း တစ်ညလုံး မအိပ်စက်နိုင်။ သေနတ်သံတဒိုင်းဒိုင်းကြားနေရတဲ့ တောထဲကိုလည်း သွားမရှာရဲ။ ကိုယ့်မိသားစုဝင် တစ်ဦးဦးက တောထဲမှာ သေလား ရှင်လား မသိသေးတဲ့ အနေအထားမှာ တစ်ညတာကာလကို ဖြတ်သန်းရတာကတကယ့်ငရဲပါပဲ။
နောက်တော့ အဖမ်းခံထားရတဲ့ ခြံသမားတွေ လွတ်လာရှာပါရဲ့။ လွတ်လာဖို့အတွက် ပူဇော်ပသကြေးကိုဘယ်လောက်အထိ ပေးလိုက်ရသလဲဆိုတာတော့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ဘူး။ အဖမ်းခံရသူတွေနဲ့ မိသားစုဝင်တွေကတော့ မပြောရဲ မဆိုရဲနဲ့ ရေငုံနှုတ်ပိတ်ပဲနေနေကြတယ်။
နောက်ဆက်တွဲ ပြဿနာကတော့ ခြံအလုပ်လုပ်မှ ထမင်းစားရမယ့် တောသူတောင်သားတွေခမျာ ခြံထဲကို မသွားရဲကြတော့တာပါပဲ။ စစ်ကြောင်းထိုးလာပြီဟေ့ ဆိုတဲ့သတင်းဟာ နေ့စဉ်ရက်ဆက် ပျံ့နှံ့လာနေတယ်။ သတင်းအမှန်လည်း ရှိသလို ကောလာဟလလည်း ရှိပေမယ့် ခြံဘက်ကို ရက်သတ္တပတ် အတော်ကြာတဲ့အထိ ခြေဦးမလှည့်ရဲကြတော့ဘူး။
ဒါတွေကို အနီးကပ် မြင်နေကြားနေရတော့ အမေပြောပြတဲ့ ကြက်သားပေါက်လေး ရေတွင်းထဲကျတဲ့ ဥပမာလေးလိုပါပဲ။ မတရားလုပ်တာ၊ အနိုင်ကျင့်စော်ကားတာ၊ နိုင်ထက်စီးနင်း နှိပ်စက်ခံနေရတာတွေကို ဘာတစ်ခုမှ မကူညီနိုင်ဘဲ ဒီအတိုင်း ကြည့်နေရတဲ့အဖြစ်က တကယ်နာကျင်ရပါတယ်။
ယခင်နှစ်ကာလတွေတုန်းက ညနက်သန်းခေါင်တိုင် သွားသွားလာလာ ရှိတတ်တဲ့ ဒီပတ်ဝန်းကျင်ဟာ အခုတော့ ညနေ နေဝင်ပြီဆိုတာနဲ့ ပြုန်းကနဲ တိတ်ဆိတ်ငြိမ်သက် သွားတော့တယ်။ အရေးအကြောင်း ကိစ္စရှိရင်တောင် မသွားလာရဲကြတော့။ ကိုယ့်အိမ်ထဲမှာ ငြိမ်ကုပ်နေရင်း သတင်းအဆိုးအကောင်းကို ဖုန်းနဲ့ပဲ မေးမြန်းဆက်သွယ် ကြရတော့တယ်။
ကိုယ့်အိမ်ထဲမှာ ကိုယ်နေတယ်ဆိုပေမယ့်လည်း မလုံခြုံပါဘူး။ အိမ်တံခါးဟာ ဘာလုံခြုံမှုမှ မပေးနိုင်ဘူး။ အကြမ်းဖက်တပ်ဘက်က သူတို့ဝင်ချင်တဲ့အိမ်၊ သူတို့ဖမ်းချင်တဲ့သူကို အချိန်မရွေး ဝင်ဖမ်းလို့ ရနေတယ် မဟုတ်လား။ လူတစ်ယောက်ကို ဖမ်းရတာက ကြက်ကလေး၊ ငှက်ကလေး ဖမ်းရတာထက် အဆပေါင်းများစွာ ပိုလွယ်နေတဲ့ ခေတ်ပျက်ကြီးကိုး။ လည်စဉ်းခံရတယ်ဆိုတဲ့ စကားဟာ သာမန်ပြည်သူတွေအတွက်တော့ မှန်လွန်းမက မှန်လွန်းလှတယ်။
နေ့နေ့ညည ခံစားနေရတဲ့ ဒီအကြောက်တရားနဲ့ ကိုယ်စိတ်နှစ်ပါး မလုံခြုံမှုဟာ ဒီဒေသတစ်ဝိုက်က လူတိုင်းရဲ့ ရင်ထဲမှာခိုကပ်လှိုက်စားနေတယ်။ ကိုယ့်အိမ်မှာနေလည်း အန္တရာယ်မကင်း။ ကိုယ့်ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ဥယျာဉ်ခြံရှိရာကိုလည်း မသွားရဲ။ နေ့လည်း နေ့အလျောက်၊ ညလည်း ညအလျောက် ကြောက်ရွံ့မှုထုထည်တွေကတစ်နေ့တစ်ခြား ပိုမိုသိပ်သည်းလာတဲ့အခါ ခြေကုန်လက်ပမ်းကျလာတယ်။ မျှော်လင့်ချက် မဲ့လာတယ်။
လူဆိုတာကလည်း လိပ်ပြာတစ်ကောင် မဟုတ်တော့ ရှေ့ဆက်ဖြစ်လာမယ့် အခြေအနေကို ကြိုတွေးမိ၊ ကြိုတင်မှန်းဆမိ တတ်ကြတာမျိုးကိုး။ ဒီတော့လည်း လက်ရှိအခြေအနေကိုကြည့်ပြီး နောင်ဖြစ်လာနိုင်မှာတွေကို ကြိုတွေးမိတော့ ပိုစိတ်သောကဖြစ်ရ၊ ပိုစိတ်ဆင်းရဲရတော့တာပါပဲ။ အနီးဝန်းကျင်မှာ ပန်းတွေဘယ်လိုပွင့်ပွင့် လိပ်ပြာတွေဘယ်လိုဝဲဝဲ ချမ်းမြေ့ငြိမ်သက်မှုတွေကို ဘယ်လိုမှ ဖမ်းဆုပ်လို့ မရနိုင်တော့ဘူး။ စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ပဲ တစ်ချိန်လုံး လေးလံဖိစီး နေတော့တာပါပဲ။
ဒီလိုပြောတာက ကိုယ့်အနာကို တသသပြတာလည်း မဟုတ်သလို ကိုယ့်အနာကိုမှ ပိုနာတယ်လို့ ညဉ်းချင်းချတာလည်း မဟုတ်ပါဘူး။ ဗုံးကြဲခံနေရတဲ့ ဒေသတွေ၊ မီးလောင်ပြင် ဖြစ်သွားတဲ့ မြို့ရွာတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်သူတွေနဲ့ နှိုင်းစာရင် အခုကျွန်မတို့ ကြုံနေရတဲ့ အန္တရာယ်နဲ့ ဒုက္ခသောကတွေဟာ ပမွှားဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် ဒီအနေအထားမှာလည်း ကျွန်မတို့ ဒီဒေသတစ်ဝိုက်က ပြည်သူတွေခမျာ မျက်ဖြူဆိုက်ရတာပါပဲ။
ဒီဆင်းရဲဒုက္ခတွေဟာ ဘယ်သူ့ကြောင့် ဖြစ်ရတယ်။ ဘယ်ကနေ မြစ်ဖျားခံလာတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ အာဏာလက်ဝယ် ဖမ်းဆုပ်ထားချင်တဲ့ အာဏာရှင်တွေနဲ့ အကြမ်းဖက်စစ်တပ်ကြောင့်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေတာပါ။ ဒီဖြစ်ရပ်ဆိုးတွေကိုအဆုံးသတ်ချင်ရင် ဒီစနစ်ဆိုးကို အသက်သွင်းထားတဲ့ သူတွေကို ဖြိုလှဲပစ်မှ ရမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းနားလည်လက်ခံထားရမယ့် အချက်ပါပဲ။
ဒါပေမယ့် အာဏာရူးနဲ့ အပေါင်းပါတွေကတော့ ငြိမ်းချမ်းရေး လုပ်ဆောင်နေပါတယ်လို့ အမည်ခံပြီး ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်လူသတ်ခေါင်းဆောင်နဲ့ လက်ဆွဲနှုတ်ဆက်နေကြတာကို မြင်ရတွေ့ရတာ တကယ်စိတ်ပျက်စရာ ကောင်းလွန်းလှတယ်။
စစ်မီးကြီး ငြိမ်းစေချင်လို့ ငြိမ်းချမ်းရေး လုပ်ဆောင်နေပါတယ်လို့ ဘယ်သူတွေက ဘယ်လိုပဲ ကြွေးကြော်နေပါစေ။ဖက်ဆစ်တပ်နဲ့ အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ဖို့ မကြိုးစားဘဲနေ့စဉ်ရက်ဆက် လူသတ်အကြမ်းဖက်နေတဲ့ အဖွဲ့အစည်းကို လက်ဆွဲနှုတ်ဆက်တဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေပါတယ်ဆိုရင် ဒါဟာ နည်းလမ်းအမှားပဲ ဖြစ်ပါတယ်။
အကြမ်းဖက်တပ်ကြီး အဓွန့်ရှည်တည်တံ့နေသေးသရွေ့ ကျွန်မတို့ ပြည်သူတွေမှာ မလုံခြုံမှု၊ အသက်အန္တရာယ်၊ တရားမဲ့ နှိပ်စက်အနိုင်ကျင့်မှုတွေနဲ့ နေ့နေ့ညည ရင်ဆိုင်ကြုံတွေ့နေရဦးမှာပါပဲ။ လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုမရှိသေးသရွေ့ ငြိမ်းချမ်းရေးဆိုတာ လျှာဖျားပေါ် တင်ထားတဲ့ အလိမ်အညာ စကားလုံးတွေပဲ ဖြစ်ပါတယ် ။
ငြိမ်းပန်
The Tanintharyi Times
