အစားအသောက် သန့်ရှင်းရေး

အစားအသောက် သန့်ရှင်းရေး

​အစားအသောက် သန့်ရှင်းရေး တနည်းအားဖြင့် အစားအသောက် အန္တရာယ်ကင်းစိတ်ချရရေး ဆိုတာက စားသုံးသူမှာ အစားအသောက်ကြောင့် ဖြစ်ရတဲ့ ရောဂါဘယတွေ လျော့နည်းအောင် အစားအသောက်တွေ ကိုင်တွယ်တာ၊ ပြင်ဆင်တာနဲ့ သိုလှောင် သိမ်းဆည်းတာတွေ စနစ်တကျ လုပ်ဆောင်တာကို ပြောချင်တာပါ။

အစားအသောက် အန္တရာယ်ကင်း စိတ်ချရအောင် လုပ်တယ် ဆိုတာက ရောဂါပိုးမွှား ကပ်ငြိမှုနဲ့ အစာ ကနေ အဆိပ်အတောက်တွေ ကင်းဝေးအောင် ကာကွယ်ခြင်းပါပဲ။

​အစားအသောက် ဘေးကင်းရေးက အိမ်မှာရော၊ စားသောက်ဆိုင်တွေမှာပါ သာမက အစားအစာ သိုလှောင်ရာ နေရာတွေ၊ ထုတ်လုပ်ရာ နေရာတွေမှာပါ အရေးကြီးတဲ့ ကိစ္စပါပဲ။

​အစာဆိပ်သင့်တာနဲ့ အစာနဲ့ရေက ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားမှုက အစားအသောက် သန့်ရှင်းရေးကို ဂရုမစိုက်လို့ ဖြစ်ကြရတာပါ။

အစားအသောက် သန့်ရှင်းရေးက ဘာလို့ အရေးကြီးသလဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ အစားအသောက်တွေက သန့်ရှင်း စိတ်ချရတဲ့ အနေအထား မရှိရင် မစားသုံးသင့်ပါဘူး။ ဥပမာအားဖြင့် သန့်ရှင်း စိတ်ချရတဲ့ နေရာက မဟုတ်တဲ့ ရေကို မသောက်သုံးသင့်သလိုဘဲ အစားအစာဆိုလည်း ဒိလိုပါပဲ။ ရေဂါဘယ ကပ်ငြိစေမှာပါ။

၂။ မသင့်လျော်တဲ့ အစားအသောက်တွေ စားသုံးမိလို့ ကျန်းမာရေးထိခိုက်ကြတဲ့ သူတွေ နေ့စဉ်နဲ့ အမျှ တွေ့‌နေရတာပါ။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါဝင်တဲ့ အစားအသောက်တွေကြောင့် အစာအဆိပ် သင့်ကြရတာလည်း အမြဲတွေ့နေရတာပါ။

၃။ အစားအသောက်မှာ ရောဂါပိုးမွှား ကပ်ငြိမှု ရှိနေသလား ဆိုတာကို လတ်တလော အမြင်နဲ့ ခွဲခြားဖို့ မဖြစ်နိုင်ပါဘူး။ အနံ့ ၊ အရသာ နဲ့ အမြင်မှာ သိသာတာမျိုး မရှိဘဲ ရောဂါပိုးက ရှိနေနိုင်တာပါ။

၄။ အစာအဆိပ်ဖြစ်တာက အစာအိမ်နဲ့ အူတွေ ယောင်ရမ်းစေတာနဲ့ ကိုယ်တွင်းမှာ ရေဓာတ်တွေ ဆုံးရှုံးစေတာမျိုး ဖြစ်ပွားစေသလို သိပ်ပြင်းထန်တဲ့ အခါ ကျောကပ် ပျက်စီးတာ၊ အသက် သေဆုံးတာအထိ ဖြစ်တတ်ပါတယ်။

၅။ အစားအသောက်ကနေ တဆင့် ရောဂါတွေ ဖြစ်ပွားနိုင်ချေရှိတဲ့၊ အန္တရာယ်များတဲ့ လူနာ အုပ်စုကလည်း ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်အရွယ်အိုမင်းသူတွေနဲ့ ကိုယ်ခံအား ကျဆင်းနေတဲ့ HIV ရောဂါသည်တွေ၊ ကင်ဆာ ရောဂါ ရှိနေသူတွေ ဖြစ်ကြပါတယ်။

၆။ အစားအသောက် သန့်ရှင်းရေးကို ဂရုစိုက်တာက အစာထဲမှာ ရောဂါပိုးမွှား ပေါက်ပွားတာနဲ့ အန္တရာယ်ရှိလောက်တဲ့ အနေထားရောက်မှာတွေကို ကာကွယ်ပေးပါတယ်။

၇။ မိသားစု နေ့စဉ် ကျန်းမာရေး အတွက် အစားအစာ သန့်ရှင်းရေးက အရေးပါပါတယ်။

၈။ အစားအစာ သန့်ရှင်းရေး ဂရုစိုက်လို့ အစားအသောက်က ဖြစ်ပွားတဲ့ ရောဂါဘယတွေ ကင်းရှင်းရင် ဆေးကုသရတာတွေ၊ ဆေးကုသရတဲ့ စရိတ်စကတွေ သက်သာလျော့နည်းတာက မိသားစု စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။

၉။ အစားအသောက်ကနေ အဆိပ်အတောက် ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ လက်ဆေးခြင်း စနစ်မကျလို့ ဖြစ်တဲ့ ရာခိုင်းနှုန်းက အတော်များတယ်လို့ ဆိုပါတယ်၊ တကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်ချက်ဖြစ်တဲ့ လက်ဆေးခြင်းကို အစားအသောက် ဘေးကင်းရေးအတွက် အလေးထား လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။

အစားအသောက် သန့်ရှင်းရေး အခြေခံ လုပ်ဆောင်ဖွယ်များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

• သန့်ရှင်းရေး- အစားအသောက်တွေကို သန့်စင်ဆေးကြောတာက အရေးကြီးတဲ့ ပထမ အလုပ်ပါပဲ။

• တကိုယ်ရေ သန့်ရှင်းရေး- လက်မသန့်တာကနေ ရောဂါပိုး ဖြန့်ဝေပေးသလို ဖြစ်တတ်တာမို့ လက်ဆေးတဲ့ အမူအကျင့် လုပ်ဆောင်တာကို အလေးပေးလုပ်ဆောင်ရပါမယ်။

• သိုလှောင်ခြင်း- အစာတွေကို အမျိုးအစား သဘာဝအလိုက် ရေခဲသေတ္တာမှာ သိမ်းတာ၊ လုံခြုံတဲ့ ထည့်သိုစရာနဲ့ အခြောက် သိမ်းဆည်းတာ အဆင်ပြေသလို လုပ်ဆောင်ရပါမယ်။

• အပူချိန်ထိန်း- ရောဂါပိုးမွှား မပေါက်ပွားဖို့ နဲ့ အစားအသောက် အရည်အသွေး ထိန်းသိမ်းဖို့ အပူချိန် ထိန်းသိမ်းတာကို လုပ်ဆောင်ပေးသင့်တာပါ။

• ကိုင်တွယ်ခြင်း- အစားအသောက်ကို ပြုလုပ်၊ သိုလှောင်၊ ပြင်ဆင် လုပ်ငန်းစဉ် အားလုံးမှာ ရောဂါပိုးမွှား ကူးစက်ပျံ့ပွားတာ မဖြစ်အောင် ကိုင်တွယ်တာက အရေးကြီးတဲ့ လုပ်ဆောင်မှု ပါပဲ။

အစားအသောက် ထုတ်လုပ်ရာ အလုပ်ရုံတွေ၊ စား‌သောက်ဆိုင်တွေ၊ မိသားစုရဲ့ မီးဖိုချောင်တွေမှာ အစားအသောက် သန့်ရှင်းရေး လုပ်ဆောင်တာက အစာ အဆိပ်သင့်တာနဲ့ ကူးစက်ရောဂါတွေ ကာကွယ်ရေးမှာ အရေးကြီးဆုံး လုပ်ဆောင်စရာလို့ သိရှိထားကြစေချင်ပါတယ်။ ။

ဒေါက်တာကြီး

The Tanintharyi Times