ဖိနပ်ရွေးတဲ့အခါ သတိပြုစရာ
ဖိနပ်ရွေးတဲ့အခါ သတိပြုစရာ
ကျွန်ုပ်တို့ နေ့စဥ်စီးနေရတဲ့ ဖိနပ်တွေဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက် သက်ရောက်မှုရှိတယ်ဆိုတာ တွေးဖူးပါသလား။ တကယ့်တော့ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ဖိနပ်ကို ရွေးချယ်စီးဖို့လိုအပ်ပါတယ်။ ဖိနပ်ဆိုတဲ့နေရာမှာ အနိမ့်ရှိသလို အမြင့်လည်းရှိပါတယ်။
■ ကိုယ်စီးမယ့်ဖိနပ်ကို ရွေးချယ်တဲ့အခါ
- ကိုယ့်နဲ့သင့်တော်တဲ့ ဆိုဒ်ကို ရွေးချယ်တတ်ဖို့လိုပါတယ်။
- ဖိနပ်ဆိုဒ်က သေးနေရင်ထိခိုက်နိုင်သလို ကြီးပြန်ရင်လည်း ထိခိုက်မှုရှိနိုင်ပါတယ်။
- ဖိနပ်ဆိုဒ်ကြီးတွေက ချော်လဲစေနိုင်ပါတယ်။
- ဆိုဒ်အသေးတွေက ကိုယ့်ရဲ့ ခြေချောင်းလေးတွေနာတာမျိုး၊ အသားပွန်းတာမျိုးတွေဖြစ်နိုင်ပါတယ်။
■ ဖနောင့်နေရာမှာ ပျော့ပြောင်းတဲ့ ဖိနပ်ကိုရွေးချယ်ပါ
- ဖနောင့်နေရာမှာ မာကျောတဲ့ ဖိနပ်ကို စီးမိရင် ခြေဖနောင့်နာနိုင်ပါတယ်။
- အချိန်ကြာလာတဲ့အခါ ခြေဖနောင့် အတက်ထွက်တာမျိုးဖြစ်တတ်ပါတယ်။
■ သင့်တော်တဲ့ ဖိနပ်အမြင့်ကိုရွေးချယ်ပါ
- နေ့စဥ်စီးဖို့အတွက် ဖိနပ်အနိမ့်၊ အပါးကို ရွေးချယ်စီးသင့်ပါတယ်။
- အမျိုးသမီးအများစုက ပွဲလမ်းသဘင်သွားတဲ့အခါ ဖိနပ်အမြင့် ၊ဒေါက်ဖိနပ်စတဲ့ ဖိနပ်ကိုရွေးချယ်စီးတတ်ကြပါတယ်
- ဥပမာ။လသုံးလက်မမြင့်ဒေါက်ဖိနပ်ကိုစီးမယ်ဆို အဲဒီဖိနပ်ကြောင့် ကိုယ်အလေးချိန်ရဲ့ခုနှစ်ဆလောက်ဖိအား ရှိသွားနိုင်ပါတယ်။
- အချိန်ကြာကြာ ဒေါက်ဖိနပ်စီးတဲ့အခါ ခါးနာတာ၊ခြေချောင်းလေးတွေနာတာတွေ အပြင်ခြေဖနောင့်မှာပေါက် လေ့ရှိတဲ့ သမင်ခွာပေါက်အနာလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
■ ဒေါက်ဖိနပ်က ပေးတဲ့ ကျန်းမာရေးဆိုးကျိုးတွေ
- ဖိနပ်မြင့်လေ ခါးနာနိုင်စွမ်းမြင့်မားလေဖြစ်ပါတယ်။
- အလားတူ ဒူးလည်းနာနိုင်ပါတယ်။
- ခြေသလုံးအားနည်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။
- ဒေါက်ဖိနပ်ကို အချိန်ကြာကြာစီးလေ အာရုံကြောနာကျင်ပျက်စီးစေနိုင်ခြေ မြင့်မားလေဖြစ်ပါတယ်
■ ရွေးချယ်ထားတဲ့ ဖိနပ်အလိုက် လုပ်ဆောင်သင့်တဲ့အရာတွေ
- ရှုးဖိနပ်စီးတဲ့အခါ ခြေအိတ်ဝတ်ပြီးမှသာစီးပေးဖို့လိုပါတယ်။
- ခြေအိတ်ဆိုတဲ့နေရာမှာ ချည်၊ သိုးမွှေးတို့နဲ့ရက်လုပ်ထားတဲ့ ခြေအိတ်တွေကိုပဲရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
- ရှုးဖိနပ်ကိုခြေအိတ်ဝတ်ပြီးစီးပေးတာက ခြေချောင်းတွေပွန်းပဲ့တာကို ကာကွယ်ပေးတဲ့အပြင် ခြေဆီတွေကို စုပ်ယူပေးနိုင်စွမ်းရှိတဲ့အတွက် ခြေချော်တာမျိုးလည်းမဖြစ်နိုင်တော့ပါဘူး။
- တောင်တက်မယ်ဆိုတဲ့အခါ ဖိနပ်အသစ်စီးတာထက် ကိုယ်စီးနေကြ တောင်တက်ဖိနပ်ဒါမှမဟုတ် ဖိနပ်အပါးနဲ့ သွားသင့်ပါတယ်။
- တောင်တက်ရင်းနဲ့ ဖိနပ်အဆင်မပြေလို အရည်ကြည်ဖုတွေထွက်လာရင် အဲ့အရေကြည်ဖုတွေကို ထိုးဖောက်တာမျိုးမပြုလုပ်သင့်ပါဘူး။
■ ဖိနပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့ဝေဒနာတွေ
- ဖိနပ်ပေါက်တာ
- ဖနောင့်နာတာ
- ခြေဖဝါးနာတာ
- ခြေချောင်းလေးတွေနာတာ
- အခြေအနေဆိုးဝါးလာတဲ့အခါ ဖနောင့်အတက်ထွက်တာမျိုးပါဖြစ်လာနိုင်ပါတယ်။
■ အကြံပြုချက်တွေ
- ရွေးချယ်စီးထားတဲ့ဖိနပ်ကခြေထောက်ကို ဒုက္ခမပေးနိုင်ဖို့ ဖိနပ်အပါးစီးတာကအကောင်းဆုံးဖြစ်ပါတယ်။
- ဖိနပ်အသစ်စီးမယ်လုပ်တဲ့အခါတိုင်း ခြေထောက်ကို အသားအလှဆီတစ်မျိုးမျိုးလိမ်းပေးထားတာကလည်း ဖိနပ်ပေါက်မယ့်ရန်ကနေ ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။
- အထူးသဖြင့် ဆီးချိုသမားတွေအနေနဲ့ ကိုယ်စီးမယ့်ဖိနပ်တွေကို သေချာရွေးချယ်စီးသင့်ပါတယ်။
- တကယ်လို့ ဖိနပ်ရွေးမှားလို့ ဖနောင့်နာလာရင် အိမ်မှာလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကိုမျှဝေပေးလိုပါတယ်။
- ပထမဦးစွာ နာနေတဲ့နေရာကို ရေခဲကပ်ပေးနိုင်ပါတယ်။
- ခြေထောက်အသုံးပြုတာကို ခဏဖြစ်ဖြစ်နားပေးပါ။
- မဖြစ်မနေခြေထောက်ကိုအသုံးပြုရမယ်ဆိုရင် ဖိနပ်ထဲကို ကူရှင်ခံစီးတာမျိုးလုပ်ပေးသင့်ပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
