မင်းအောင်လှိုင်ရဲ့ စကစအသက်ရှင်ရေးဗျူဟာ ထောင်ချောက်ကို ဘယ်လိုရှောင်ရှားကြမလဲ

မင်းအောင်လှိုင်ရဲ့ စကစအသက်ရှင်ရေးဗျူဟာ ထောင်ချောက်ကို ဘယ်လိုရှောင်ရှားကြမလဲ

မင်းအောင်လှိုင်နဲ့ သူ့ရဲ့ရာဇဝတ်ဂိုဏ်းဟာ အရှုံးပေးလက်လျှော့ရတဲ့ အခြေအနေ မရောက်မချင်း တိုင်းပြည်ကို ဆက်လက်မီးရှို့ဖျက်ဆီးနေပါလိမ့်မယ်။

အခုအခြေအနေမှာ ဆွေးနွေးအဖြေရှာလို့ရတဲ့ အလယ်အလတ်လမ်းမရှိတော့ဘူးဆိုတာကို အားလုံးက ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်ပါတယ်။ မအလမှာ အရှုံးနဲ့ အနိုင်ပဲရှိပါတော့တယ်။ သူအောင်မြင်မှ ရမယ်။ ဘယ်လောက် အပျက်အဆီး အကုန်အကျများများ အသက်ရှင်ကျန်ဖို့လိုတယ်ဆိုတာ သူအနေအထားပါပဲ။

မအလနဲ့ စကစရဲ့ အသက်ရှင်ကျန်ရေးဗျူဟာ အစိတ်အပိုင်းတွေကို ဆန်းစစ်ဖို့လိုပါတယ်။ နောက်ရက်တွေမှာဆက်ရေးဖို့ရှိပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ ဗျူဟာနှစ်ခုကို စ စဉ်းစားကြည့်ပါမယ်။

ပထမတခုက စကစ အနေနဲ့ တကြိမ်မှာ အဓိကရန်သူတစ်ဦးကိုပဲ ဦးတည်ခြေမှုန်းဖို့ဖြစ်ပါတယ်။ လောလောဆယ်မှာ PDF နဲ့ NUG ဟာ သူ့ရဲ့ အဓိကရန်သူပါ။

ဒါ့ကြောင့်လဲ မအလဟာ KIA, KNU, CNF, KNPP, AA နဲ့ စကားလာပြောမဲ့ ဘယ် EAO အဖွဲ့ကိုမဆို တံခါးဖွင့်ထားတာဖြစ်ပါတယ်။ EAO ဒေသတွေကို စစ်တိုက် ဗုံးကြဲ၊ ရွာတွေကို မီးရှို့ရင်း တချိန်ထဲမှာ သူဟာ စကားပြောဖို့ခေါ်နေတာပါ။

မအလဟာ EAO တွေကို ပြန်လည်ရင်ကြားစေ့ရေး သဘောဆန်တဲ့ ကတိတွေပေးနေပါလိမ့်မယ်။ EAO တွေနဲ့ တိုက်ခိုက်၊ တတ်နိုင်သမျှ ပြည်သူကို အကြမ်းဖက် ဖိအားပေး ခြိမ်းခြောက်နေတဲ့ တပြိုင်ထဲမှာ မအလဟာ EAO တွေကို မက်လုံးလည်း ပေးနေပါတယ်။ အပစ်အခတ်ရပ်စဲပြီးရင်လည်း လက်နက်ကိုင်ထားလို့ရတယ်ဆိုတဲ့ မကြာခင်က သူ့ရဲ့ မက်လုံးပေးမှုမျိုးကို ကြည့်နိုင်ပါတယ်။ သူဟာ EAO တွေကို စီးပွါးရေး အခွင့်အလမ်းတွေလည်း ပေးပါလိမ့်မယ်။ နောက်လာမဲ့ ပါလီမန်နဲ့ ဒေသအစိုရမှာ နေရာပေးမယ်။ အပစ်ရပ်ရအောင်ဆိုတာမျိုး ပြောပါလိမ့်မယ်။

မအလဟာ နောက်လာမဲ့ အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ အနည်းဆုံး EAO တစ်ဖွဲ့ နှစ်ဖွဲ့လောက်ပါဝင်ဖို့ အသည်းအသန် လိုအပ်နေပါတယ်။ မအလ လိုအပ်နေတာက လူမျိုးစုစစ်မျက်နှာ များနိုင်သမျှများများမှာ အရှိန်လျော့နိုင်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ မြန်မာပြည်ရဲ့ ကျန်ဒေသတွေက PDF တွေအပေါ် အာဏာရှင်လက်သုံး ပုန်ကန်မှုနှိမ်နင်းရေး ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို အပြည့်အဝသုံးနိုင်မှာ ဖြစ်ပါတယ်။

မအလအတွက် အတော်အဆင်ပြေမဲ့နည်းလမ်းကတော့ အာဆီယံဖြစ်စေ၊ နိပွန်ဖေါင်ဒေးရှင်းဖြစ်စေက ပွဲစားလုပ် အကုန်အကျခံပေးပြီး တစိတ်တပိုင်း အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ရှိန်လျော့ဇုန်တွေဖန်တီးဖို့ပါ။ အဲဒီနေရာတွေကို INGO နဲ့ UN က အကူအညီပေး။ ဒါမှစစ်တပ်က တခြားနေရာတွေ( အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်းနဲ့အထက်ပိုင်း မြေပြန့်ဒေသ) က ခုခံမှုတွေ ချေမှုန်းဖို့ အာရုံစိုက်နိုင်မယ့် အခြေအနေကို သူမျှော်လင့်ပါတယ်။

မအလအတွက် သော့ချက်က PDF နဲ့ EAO တွေ အသေအချာပေါင်းမိသွားတာမျိုး မဖြစ်အောင် တာဆီးဖို့ပါ။

ဒါကြောင့်လည်း EAO တွေဟာ မအလနဲ့ သူ့ရဲ့ ရာဇဝတ်ဂိုဏ်းကို ပြတ်ပြတ်သားသားကို မလိုလားကြတဲ့ မြန်မာပြည်သူ လူများစုရဲ့ ဆန္ဒအပေါ်မှာ သစ္စာရှိနေဖို့အလွန်အရေးကြီးပါတယ်။ EAO တွေဟာ မအလရဲ့ အတုအယောင်စကားဝိုင်းကို ဝင်မပါဖို့ လိုပါတယ်။

တဆက်တည်းမှာ မအလ နဲ့ စကစ အသက်ရှင်ဖို့ ဒုတိယအရေးကြီးတဲ့ အချက်က ပုန်ကန်မှုနှိမ်နင်းရေး အာဏာရှင်လက်စွဲနည်းစနစ်ထဲက ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းအားလုံး သုံးသွားဖို့ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အရပ်သားပြည်သူနဲ့ ခုခံရေးအင်အားစုတွေကို အကြမ်းဖက်နည်းလမ်းနဲ့ ခွဲထုတ်ဖို့ပါ။

ပုန်ကန်မှုနှိမ်နင်းရေး အာဏာရှင်လက်စွဲနည်းစနစ် ဆိုတာကတော့ ပြည်သူအားလုံးအပေါ် သိမ်းကြုံး အကြမ်းဖက်။ တတ်နိုင်သမျှ အဖျက်စွမ်းအားကြီးဖို့ စနစ်တကျလုပ်။ လူတွေရဲ့ ထောက်ခံမှုရဖို့ ဂရုမစိုက်နဲ့။ မညှာမတာသာလုပ်ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

မအလရဲ့ မြေလှန်နှိမ်နင်းရေးဗျူဟာ ရည်မှန်းချက်က အဆုံးစွန်အကြမ်းဖက်မှုမှာ လူတွေ နေရာရွေ့ပြောင်းကြရပစေ။ မျှော်လင့်ချက်မဲ့ ထိတ်လန့်ကြောက်ရွံ့ပစေ။ ကိုယ့်အိုးအိမ်ကို စွန့်ခွါလို့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကြပစေ ဆိုတာပါ။ ပြီးရင် နေရာရွေ့ပြောင်းရသူတွေအတွက် “ ဘေးကင်းရာဒေသ”တွေလို့ သတ်မှတ်ပြီး ဒုက္ခသည်တွေကို အဲဒီနေရာတွေမောင်းသွင်း။ UN နဲ့ INGO တွေက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေး။ အဲဒီစခန်းတွေထဲ မရောက်တဲ့ ဒုက္ခသည်တွေကတော့ တောထဲတွေသွားပြီး တော်လှန်ရေးသမားတွေဆီမှာခိုလှုံ။ အဲဒီတော့ တော်လှန်ရေးသမားတွေလည်း ခိုလှုံလာတဲ့ ရပ်ရွာလူထုကို ကာကွယ်ဖို့ ကျွေးထားဖို့ ဝန်ပိဝေဖို့ပါ။

ပုံမှန်ဆိုရင် အရပ်သားပြည်သူဆိုတဲ့ ရေကန်ကြီးထဲမှာ ရှင်သန်ကူးခတ်ရင်း တော်လှန်ရေး သမားတွေက မထင်မှတ်တဲ့ တိုင်ခိုက်မှုတွေလုပ်တတ်ကြပါတယ်။ အာဏာရှင်ရဲ့ ခြေမှုန်းရေး ဗျူဟာမှာ ပြည်သူလူထုဆိုတဲ့ ရေကန်ကို ခန်းခြောက်တိမ်ကောအောင် လုပ်လိုက်တယ်။ ဒီနည်းသုံးပြီး အရပ်သားနဲ့ တော်လှန်ရေးသမားကို ခွဲထုတ်တယ်။ ဖြစ်နိုင်ရင် တော်လှန်ရေးသမားတွေကြောင့် ဒုက္ခရောက်ရတယ် ဆိုတာမျိုး အပြစ်တင်လာပြီး အရပ်သားပြည်သူကပါ တော်လှန်ရေးသမားတွေကို ဆန့်ကျင်လာအောင် လုပ်ပါတယ်။

ဒီလိုမျိုး ရက်ရက်စက်စက် မီးရှို့ပြာချ၊ ရည်ရွယ်ချက်ရှိရှိနေရာရွေ့ပြောင်းရအောင်လုပ်တဲ့ နည်းနဲ့ နယ်မြေရှင်းလင်းပြီးရင် ပြည်သူ့စစ်တွေ၊ သတင်းပေးတွေ၊ စောင့်ကြည့်ဖမ်းဆီး စနစ်တွေနဲ့ နယ်မြေသန့်စင်ရေးလုပ်။ အဲဒါပြီးရင်တော့ လူတွေစုမိအောင်လုပ်မဲ့ အဖွဲ့တွေ လည်ပတ်ပုံတွေကို ဖျက်စီးပြီး လူတွေ မစုစည်းမိ သီးခြားစီဖြစ်အောင်လုပ်ပါတယ်။ ဒါတွေဟာ အာဏာရှင်ရဲ့ နှိမ်နင်းရေး ဗျူဟာတွေပဲဖြစ်ပါတယ်။

ဒီနည်းနဲ့ တနေရာရှင်းလင်းပြီးသွားရင် နောက်နေရာရွေ့။ အရင်အတိုင်းထပ်လုပ်။ ဒီနည်းနဲ့ တဆင့်ပြီးတဆင့် တက်လာတဲ့ အခါ ခံလိုက်ရပြီးတဲ့ သူတွေက ဆက်တိုက်ချင်သေးတဲ့ လူတွေကို ကိုယ့်သဘောနဲ့ လက်လျော့အရှုံးပေးဖို့ စည်းရုံးနားချလာတော့မယ်။

ဒါကြောင့် မအလရဲ့ အကြံနဲ့ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို EAO တွေအနေနဲ့ လက်မခံပါနဲ့။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နောက်ကွယ်ကပေးတဲ့ ဖိအားတွေကို အလျော့မပေးပါနဲ့။ နိပွန်ဖောင်ဒေးရှင်းလို ပြဿနာရှိတဲ့အကြံနဲ့ မရှင်းမရှင်း အလှူရှင်တွေရဲ့ ငွေကြေးကမ်းလှမ်းမှုကို လက်မခံပါနဲ့။ အဲဒီအစား EAO တွေလုပ်သင့်တာက မအလရဲ့ အချိုဖုံးထားတဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်ရေး ထောင်ချောက်ကို ငြင်းပယ်ကြဖို့ပါ။

လိုအပ်နေတာက EAO တွေနဲ့ PDF တွေ အချိတ်အဆက်လုပ်ပြီး တပြိုင်ထဲ တိုက်ပွဲဖေါ်ပြီး ထင်ရှားပေါ်လွင်မဲ့ အောင်ပွဲနည်းနည်းရဖို့ပါ။ ဒီနည်းနဲ့ ကျိုးပဲ့ထွက်တဲ့ အဆင့်ရောက်အောင် စစ်တပ်ကို ဆွဲဆန့်လို့ ရပါတယ်။

ဒါ့ထက်ပိုပြီး လိုအပ်နေတာက အဓိကကျသူအားလုံးပါဝင်ပြီး အသက်ဝင် ခရီးရောက်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ထွက်ဖို့ပါ။ အဲဒီလုပ်ငန်းစဉ်က ပြည်သူတွေကို အကူးအပြောင်းကာလ လမ်းညွှန်မြေပုံတစ်ခု ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရမယ်။ အိမ်နီးချင်းနဲ့ နိုင်ငံတကာကို ရှင်းလင်းတဲ့ တောင်းဆိုချက် ပါရမယ်။ လမ်းညွှန်မြေပုံမှာ မအလ နဲ့ စကစ မဟုတ်တဲ့ စစ်သားတွေကို ထွက်ပေါက်ပေးမဲ့ လက်ခံနိုင်တဲ့ အစီအစဉ်ပါရမယ်။

မအလနဲ့ စကစကိုတော့ အနိုင်ယူ ဖယ်ရှားပြီး တရားရုံးမှာ အပြစ်ပေးရပါမယ်။

အီဂေါဗလာဇီဗစ်

The Tanintharyi Times