နာတာရှည်လူနာတွေအတွက် သတိပြုစရာ အိပ်ရာနာ

နာတာရှည်လူနာတွေအတွက် သတိပြုစရာ အိပ်ရာနာ

နာတာရှည်အိပ်ရာပေါ်မှာလဲနေတဲ့ လူနာတွေ၊ ဝှီးချဲပေါ်မှာ အနေများလူနာတွေအနေနဲ့ အိပ်ရာနာတွေဖြစ်တတ်ပါတယ်။

အိပ်ရာနာဆိုတာက ရုတ်တရက်အပြင်းစားထိခိုက်ဒဏ်ရာတွေကြောင့် ဒါမှမဟုတ် နာတာရှည်ရောဂါတွေကြောင့် ခန္ဓာကိုယ်နဲ့ အိပ်ရာနေရာဖိအားများတဲ့နေရာတွေမှာ အသားတွေ ပုတ်ဆွေးပြီးအနာဖြစ်လာတာမျိုးဖြစ်ပါတယ်။

■ အိပ်ရာနာရဲ့ရှေ့ပြေးလက္ခဏာတွေကတော့

- အရေပြားအရောင်ပြောင်းလာတာ

- ခန္ဓာကိုယ်ရှိအရေပြားနေရာတစ်ခုထဲကို ဖိအားနဲ့အချိန်ကြာမြင့်စွာရှိနေတဲ့အတွက် နာလာတာ

- အရေပြားဖောင်းလာတာ စတာတွေပဲ ဖြစ်ပါတယ်။

■ အိပ်ရာနာဖြစ်နေတဲ့ လက္ခဏာတွေက

- အရေပြားကိုခွာကြည့်ရင် အသားဆွေးတွေတွေ့ရတာ

- အောက်ခံအရိုးတွေကို မြင်ရတာ

- စက်ဝိုင်းပုံသဏ္ဍာန်အနာခွက်တွေပေါ်လာတာ စတာတွေဖြစ်ပါတယ်။

■ အိပ်ရာနာအမျိုးအစားတွေ

- အပြင်းစားအိပ်ရာနာ

- နာတာရှည်အိပ်ရာနာ

အပြင်းစားအိပ်ရာနာဆိုတာက ထိခိုက်ဒဏ်ရာကြောင့် တိုက်ရိုက်ပုပ်ဆွေးတဲ့ အနာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ကျောရိုးတဝိုက်ခါးရိုးနေရာမှာ ဖြစ်ပွားတတ်တဲ့အနာမျိုးဖြစ်ပါတယ်

နာတာရှည်အိပ်ရာနာဆိုတာက လေဖြတ်တဲ့ရောဂါမျိုးကြောင့် အိပ်ရာပေါ်မှာကြာရှည်နေနေရလို့ ဖြစ်လာတဲ့အနာမျိုးဖြစ်ပါတယ်။

■ အိပ်ရာနာကနေ ကင်းဝေးစေဖို့

- လူနာကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားဖို့လိုပါမယ်။

- လူနာရဲ့တကိုယ်ရေသန့်ရှင်းရေးကိုလည်း အထူးဂရုပြုရပါမယ်။

- ဆီးချိုရှိသူဆိုရင် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကို စနစ်တကျသောက်ပေးဖို့လိုပါတယ်။

- လူနာအိပ်မယ့်အိပ်ရာက ညီညာပြန့်ပြူးဖို့လိုပါတယ်။

- အညစ်အကြေးစွန့်ပစ်ပြီးတဲ့အခါတိုင်း လူနာကိုစနစ်တကျလုပ်ကိုင်ပေးသင့်ပါတယ်။

- ဆီးမထိန်းနိုင်တဲ့လူနာဆိုရင် ဆီးပိုက်တပ်ပေးသင့်ပါတယ်။

- အိပ်ရာပေါ်မှာအိပ်စက်တဲ့အခါ တစ်နေရာတည်းမှာ တစ်ပုံစံတည်း အိပ်စက်တာမျိုးမဖြစ်အောင် ဂရုပြုပေးသင့်ပါတယ်။

- နာရီခြားပြီး လူနာကို ဘက်ပြောင်းပေးဖို့လိုပါမယ်။

- အိပ်ရာပေါ်မှာလဲနေတဲ့ လူနာဆိုရင် ၂)နာရီခြားတစ်ခါ၊ လက်တွန်းလှည်းမှာ ထိုင်ရတဲ့လူနာ ဆိုရင် (၁)နာရီခြားတစ်ခါ အနေအထားကိုပြောင်းပေးသင့်ပါတယ်၊

- လေမွေ့ယာကို အသုံးပြုနိုင်ရင် ပိုမိုသင့်တော်ပါတယ်။

- လူနာရဲ့အိပ်ရာကို စိုစွတ်နေတာမျိုး ချွေးစိုနေတာမျိုးမဖြစ်ဖို့ အထူးအထူးဂရုပြုပေးရပါမယ်။

- ပူလွန်းတဲ့အချိန်တွေမှာ ငှက်ပျောရွက်ခင်းပြီး အိပ်စေတာမျိုးပြုလုပ်ပေးသင့်ပါတယ်။

- အိပ်ရာနဲ့အထိ၊အဖိများတဲ့နေရာတွေမှာ ဒဏ်ရာရစေတာမျိုးမဖြစ်အောင်လည်း ဂရုပြုသင့်ပါတယ်။

- လူနာရဲ့အရေပြားကို နေ့စဉ်စစ်ဆေးသင့်ပါတယ်။

- လူနာ ရေဓာတ်မခမ်းခြောက်ခြင်းမဖြစ်စေရန် ရေများများသောက်စေရပါမယ်။

- အာဟာရပြည့်ဝအောင်လည်း ဂရုပြုကျွေးမွေးသင့်ပါတယ်။

အိပ်ရာနာဖြစ်လာတဲ့အခါ စနစ်တကျမကုသဘူးဆိုရင် အနာပိုးဝင်ပြီး အသက်သေဆုံးနိုင်တာကို သိထားသင့်ပါတယ်။ အဲဒါကြောင့် အိပ်ရာနာဖြစ်ပြီဆိုရင် အိမ်မှာပဲ ကုသနေတာထက် တတ်ကျွမ်းတဲ့ဆေးပညာရှင်တွေရဲ့ လမ်းညွှန်မှုကို ခံယူသင့်ပါတယ်။

ဆေးရုံဆေးခန်းနဲ့ဝေးသောနေရာတွေမှာဆိုရင်တော့ လူနာရဲ့ အရေပြားနီးလာမယ်ဆိုရင် ရှားစောင်းလက်ပတ်က ရတဲ့ ဂျယ်လီအသားနဲ့ ပွတ်ပေးတာက သက်သာစေနိုင်ပါတယ်။ ပျားရည်ကလည်း အပေါ်ယံပွန်းပဲ့တာတွေကို ကောင်းမွန်စေတဲ့ အိမ်သုံးဆေးတစ်လက်ဖြစ်တဲ့အတွက် အရေပြားနီတာ၊ အရေပြားပွန်းတာတွေအတွက် လိမ်းပေးလို့ရပါတယ်။

ဂရုစိုက်နေတဲ့ကြားထဲကနေ တကယ်လို့ အောက်ခံအရိုးတွေပေါ်လာတာမျိုး၊ စက်ဝိုင်းပုံအနာခွက်မျိုးဖြစ်လာမယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times