တစ်ပတ်တာ မြန်မာ

တစ်ပတ်တာ မြန်မာ

ဓာတ်ပုံ - ABSDF Column- 3

နိုင်ငံတဝှမ်းမှာ ဧပြီ ၁၉ ရက်ကနေ ၂၅ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၄ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမှ ဆုတ်ခွာရလို့ ကိုးကန့်တပ်ပြော

ကိုးကန့်တပ် (MNDAA) အနေနဲ့ နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း The Kokang မီဒီယာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Myanmar Now က ရေးသားထားပါတယ်။ ကိုးကန့်တပ်ဟာ လားရှိုးက မဆုတ်ခွာမီ ဆေးရုံရှိ ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်းအများစုကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီမြို့သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ “အ‌ရေးတကြီးလိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါး ၂၀%လောက်ပဲ ယူသွားခဲ့တာပါ။ ပြည်သူတွေကို အကောင်းဆုံးလုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ အခုလိုမဖြစ်မနေထားခဲ့ရတာကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အခုလ ၃ ရက်က စတင်ကာ ကိုးကန့်တပ်တွေ မြို့ကနေ အသုတ်လိုက် ထွက်ခွာခဲ့ကြပြီး စစ်ကောင်စီတပ်က အခုလ ၂၂ ရက်မှာ အရှေ့မြောက်ပိုင်းတိုင်းအလံတွေ လွှင့်ထားတဲ့ စစ်ယာဉ်တန်းနဲ့ မြို့တွင်းဝင်ရောက်နေရာယူခဲ့ပါတယ်။ လားရှိုးမြို့ လွှဲပြောင်းရေးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုမှုမရှိဘဲ တရုတ်နိုင်ငံဘက်ကသာ အခြားနိုင်ငံရဲ့ ပြည်တွင်ရေးမစွက်ဖက်ရေးမူနဲ့ ကူညီဆောင်ရွက်ပေးနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

၂။ လားရှိုးမှာ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ထားတယ်လို့ တရုတ်ပြော

စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နေရာယူနေတဲ့ လားရှိုးမြို့မှာ အပစ်ရပ်စောင့်ကြည့်ဖို့အတွက် အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Guo Jiakun က ပြောပါတယ်။ လားရှိုးမြို့ကို ချောချောမွေ့မွေ့ပြန်လည် လွှဲပြောင်းပေးရေးအပါအဝင် ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်ကြားက အပစ်ရပ်အခြေအနေကို စောင့်ကြည့်ဖို့အတွက် အခုလိုစေလွှတ်ထားတာလို့ အခုလ ၂၂ ရက်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ကူမင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲသဘောတူညီချက်အရ ကိုးကန့်တပ် (MNDAA) ဟာ လားရှိုးကနေ ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ် တွေက မြို့ထဲ ပြန်လည်ဝင်ရောက် နေရာယူထားပါပြီ။ တရုတ်ကတော့ ကူမင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို တွန်းအားပေးရှေ့ဆက်သွားမယ်လို့ ပြောထားပါတယ်။

၃။ ထိုင်းနယ်စပ်အနီးက မော်ဖားသူး စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က အခုလ ၁၉ ရက်မှာ သိမ်းယူလိုက်တယ်လို့ People’s Spring က သတင်းရေးသားထားပါတယ်။ အခုလ ၁၈ ရက်ညနေပိုင်းကစတင် တိုက်ခိုက်တာဖြစ်ပြီး တစ်ရက်အကြာမှာပဲ စခန်းသိမ်းနိုင်ခဲ့တာပါ။ အဲဒီတပ်စခန်းဟာ ထိုင်းနယ်စပ်နဲ့ တစ်မိုင်ခွဲခန့်သာဝေးတယ်လို့ သိရပါတယ်။ နယ်စပ်အနီး တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျောက် လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲက ထိုင်းနယ်စပ်အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူစခန်းနဲ့ ခလယ့်ဒေးစခန်းတွေကို KNU တပ်မဟာ (၇) က အရင်လက သိမ်းယူထားပါတယ်။

၄။ စစ်ကောင်စီက ပြည်သူ့စစ်တစ်ထောင်ခန့်ကို လက်နက် တပ်ဆင်ပေး

ပဲခူးအနောက်ခြမ်းကို ထိုးစစ်ဆင်ဖို့ တောင်ငူတပ်နယ်၊ ပန်တောင်းတပ်နယ်နဲ့ ပဲခူးအနောက်ခြမ်းက ပြည်သူ့စစ် အဖွဲ့ဝင် တစ်ထောင်နီးပါးကို စစ်ကောင်စီရဲ့ အမှတ် (၅) စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ DVB သတင်းအရ သိရပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်းထဲက ပြည်၊ သာယာဝတီနဲ့ နတ္တလင်းခရိုင်ထဲက မြို့နယ် ၁၅ ခုရှိ ပြည်သူ့စစ်အဖွဲ့တွေကို စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နဲ့ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့က တိုင်းစစ်ဌာနချုပ်ထဲက အေးချမ်းဖြိုးခန်းမမှာ ထပ်မံတွေ့ဆုံပြီး စစ်ဆင်ရေးကိစ္စတွေ ပြောဆိုခဲ့တယ်လို့လည်း DVBက ရေးသားထားပါတယ်။

၅။ ရွှေကျင်မြို့နယ်ရှိ ကွမ်းဆိပ်ရွာနယ်မြေရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ် သိမ်းယူ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်ထဲက ကွမ်းဆိပ်ရွာနယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က အခုလ ၂၃ ရက်က သိမ်းယူလိုက်တယ်လို့  People’s Spring သတင်းအရ သိရပါတယ်။ ကွမ်းဆိပ်ရွာမှာ စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၉၈)တပ်ရင်းရှိပြီး အဆိုပါ ရဲ့စခန်းက တပ်အနီးမှာ ရှိတယ်လို့ ဆိုပါတယ်။ စခန်းသိမ်းပြီးနောက် ညပိုင်းမှာ ကွမ်းဆိပ်ရွာနဲ့ သိပ်မဝေးတဲ့ ရှမ်းစုရွာနားကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က တိုက်ခိုက်လို့ ကွင်းဆိပ်ရွာအပါအဝင် အနီးဝန်းကျင် စစ်တောင်းမြစ်တလျောက် ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

၆။ စစ်ကောင်စီရဲ့ ကပစ−၁၃ က ဗိုလ်မှူးနဲ့ အဖွဲ့ကို ဖမ်းမိလို့ PLAပြော

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီရဲ့ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)က ဗိုလ်မှူးနဲ့အဖွဲ့ကို ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People’s Liberation Army - PLAက အခုလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု - ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ အခုလ ၁၉ ရက်က လမ်းပိုင်းထိန်းချုပ်စစ်ဆေးရာ အဆိုပါ သုံးဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိခဲ့သူတွေက ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့  ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းမိပြီး ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ဖမ်းမိထားသူ သုံးဦး သေဆုံးခဲ့ရတယ်လို့ PLAက ထုတ်ပြန်ပါတယ်။

၇။ ကံမမြို့အနီးရှိ ရေနံ့သာကျေးရွာတိုက်နယ်ရဲစခန်းကို PDF က တိုက်ခိုက်မီးရှို့

မကွေးတိုင်းထဲက ကံမမြို့အနီး ရေနံ့သာကျေးရွာတိုက်နယ် ရဲစခန်းကို အခုလ ၂၅ ရက်မနက်ပိုင်းမှာ ဒေသခံတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီး မီးရှို့ခဲ့တယ်လို့  DVBက ရေးသားထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သရက်-ကံမလမ်းပေါက်ကနေ ၀င်လာပြီး ပစ်ခတ်ခဲ့ကာ ရဲတွေကို လက်နက်ချ အညံ့ခံဖို့ ပြောပေမဲ့ ရဲစခန်းက လက်နက်မချ၊ ပြန်မပစ်ဘဲ အနီးနားရှိ ကိုင်းတော၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံထဲ ၀င်ပြေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုမှာ ရဲစခန်း စခန်းမှူးကို ဖမ်းခေါ်သွားကာ စစ်ဆေးနေကြောင်း၊ ကံမမြို့နယ်ရဲမှူးရဲ့ Double Cup ကားနဲ့ ဆိုင်ကယ်လေးစီးကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ကံမတော်လှန်ရေးအင်အားစုကနေ သိရကြောင်း DVBက ဖော်ပြထားပါတယ်။

၈။ ဖားကန့်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့  အခုလ ၂၂ ရက်ကစပြီး ထိုးစစ်ဆင်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ရဲ့ပြောစကားကို ကိုးကားပြီး ဘီဘီစီက ရေးသားရေးထားပါတယ်။ အဆိုပါ စစ်ကြောင်းတွေက ကာမိုင်းဘက်က တစ်ကြောင်း၊ အင်းတော်ကြီးဘက်က တစ်ကြောင်း ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။  စစ်ကြောင်းတွေက ဖားကန့်မြို့ကို ဦးတည်နေတယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာ ဖားကန့်မြို့ပေါ်ကို စစ်ကောင်စီဘက်က  ထိန်းချုပ်ထားပြီး ဆိုင်းတောင်ကျေးရွာကိုတော့ KIAနဲ့ ပူးပေါင်းတပ်တွေဘက်က သိမ်းထားပါတယ်။ ဗန်းမော်မြို့မှာလည်း စစ်တပ်နဲ့ KIA/PDF တို့ကြား တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၉။ ရုရှားက ရင်ပြင်နီစစ်ရေးပြပွဲမှာ စစ်ကောင်စီတပ် ပါဝင်မယ်

ရုရှားနိုင်ငံ၊ မော်စကိုမြို့ ရင်ပြင်နီ စစ်ရေးပြချီတက်ပွဲမှာ စစ်ကောင်စီတပ်ကလည်း ပါဝင် စစ်ရေးပြမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ စစ်ရေးပြပွဲကို လာမယ့်လ ၉ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲဟာ  ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြအဖွဲ့ကို ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁၀။ ပခုက္ကူမှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးတစ်စီးကို PDF က ပစ်ခတ်၊ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခုလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးသုံးစီးကို ပစ်ခတ်ခဲ့ရာ တစ်စီးမှာ စက်ချို့ယွင်းသွားပြီး မြေပြင်ဆင်းသက်ခဲ့တဲ့အတွက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Burma Revolution Rangers ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြပါတယ်။ အဆိုပါအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမိက သူတို့ရဲ့ ပစ်ခတ်မှုကြောင့် တစ်စီးရဲ့ အင်ဂျင်ပိုင်းကို ထိသွားကာ ပခုက္ကူမြို့ရဲ့မြောက်ဘက် ချောက်ကန်ရွာနားကို အရေးပေါ် ဆင်းသက်ခဲ့လို့ နယ်မြေရှင်းလင်းရေးလုပ်ရင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြောပါတယ်။ စက်တပ်လေထီးမှာ ယာဥ်မောင်းတွေ မတွေ့ရဘဲ ထွက်ပြေးသွားကြတာကို တွေ့ရသဖြင့် အဆိုပါယာဥ်ကို သယ်ဆောင်ဖို့ စီစဥ်နေစဥ် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ တက်လာတယ်လို့ သတင်းရတဲ့အတွက် မသယ်တော့ဘဲ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကို Burma Revolution Rangers တပ်ဖွဲ့နဲ့အတူ Pakokku People Defense Force (PPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

၁၁။ အင်းတော်မြိုသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်တွေကို ပြည်သူ​တွေအောင်သပြေနဲ့ ကြို

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာတဲ့ ABSDF အမှတ်(၃)စစ်ကြောင်း၊ အမှတ် (၁၄) တပ်ရင်း တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ ရှစ်လခန့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတဲ့ အင်းတော်မြို့ကို ABSDF အမှတ်(၁) စစ်ကြောင်း၊ ABSDF အမှတ်(၃)စစ်ကြောင်း၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတွေနဲ့ အခြား မဟာမိတ်တပ်ပေါင်းစုတို့ အခုလ ၇ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်း​တော်မြို့သိမ်း တိုက်ပွဲမှာ ABSDF အမှတ်(၁၄) တပ်ရင်းမှ ရဲဘော်သရဲ ကျဆုံးခဲ့ပြီး​ ပြည်သူ​တွေကသ​ပြေပန်း​တွေနဲ့ ကြိုဆိုချိန်မှာ ရဲ​ဘော်ရဲ့ဓါတ်ပုံကို ကျန်ရဲ​​ဘော်​တွေက ဂုဏ်ပြုသယ်​ဆောင်​ပေးခဲ့ကြပါတယ်။

၁၂။ မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ထပ်မံတောင်းဆို

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အခုလ ၂၂ရက်က ကျင်းပခဲ့တဲ့ ၃၇ကြိမ်မြောက် အမေရိကန်-အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ အိုနေးလ်က အထက်ပါအတိုင်းပြောဆိုခဲ့တာပါ။ စစ်ကောင်စီ အနေနဲ့ ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု လိုအပ်နေသူတွေဆီ အဟန့်အတားမရှိ အကူအညီပေးနိုင်ဖို့ အိုနေးလ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပြီး အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းအစီအစဉ်နဲ့ ဆောင်ရွက်ချက်တွေ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျုဟာမြောက် ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

၁၃။ ငလျင်ကြောင့်အဖြေလွှာမီးလောင်သွားတဲ့ ဒေသလေးခုက ကျောင်းသားတွေ ဇွန်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမယ်

စစ်ကိုင်းငလျင်ကြောင့် မီးလောင်ကာ အဖြေလွှာတွေပျက်စီးသွားတဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က တက္ကသိုလ်ဝင်တန်းကျောင်းသား ၆သောင်းကျော် လာမယ့် ဇွန်လမှာ စာမေးပွဲပြန်လည် ဖြေဆိုဖို့ စစ်ကောင်စီစာစစ်ဦးစီးဌာနက အခုလ ၂၂ ရက်က ကြေညာပါတယ်။ အဆိုပါဒေသလေးခုမှ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေရဲ့ အဖြေလွှာတွေကို မန္တလေးတက္ကသိုလ်ပင်မဆောင်မှာ စစ်ဆေးနေရာ ငလျင်ကြောင့် ပြိုကျပြီး မီးလောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဇွန်လ ၁၆ရက်မှာ စာမေးပွဲပြန်ဖြေကြရမှာ ဖြစ်ပြီး စစ်ကောင်စီကြေညာတဲ့အ‌ပေါ်  ပြစ်တင်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

၁၄။ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆက်လုပ်မယ်လို့ ရုရှားကုမ္ပဏီ ပြော

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်သွားခဲ့ပေမယ့် နျူကလီးယား ဓာတ်အားပေး စက်ရုံငယ်တစ်ခု တည်ဆောက်မယ့် အစီအစဉ်ကို ရှေ့ဆက် အကောင်အထည် ဖော်သွားမယ်လို့ ရုရှား အစိုးရပိုင် Rosatom ကုမ္ပဏီက ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်မတိုင်မီမှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တချို့ကို လက်မှတ်ရေးထိုးခဲ့ရာ ထိုသဘောတူညီချက်တွေထဲမှာ ဓာတ်အား ၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့်အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုကို မြန်မာမှာရုရှားက တည်ဆောက်ပေးဖို့ဆိုတာ ပါဝင်ပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်မှာတော့ Rosatom ကုမ္ပဏီက တည်ဆောက်မယ့် ဓာတ်အားပေးစက်ရုံ စီမံကိန်း ဆက်လက် အကောင်အထည် ဖော်၊ မဖော်ကို မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ငလျင်ကြောင့် မြန်မာနိုင်ငံမှာကုမ္ပဏီက တည်ဆောက်မယ့် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထိခိုက်မှာ မဟုတ်ကြောင်း နိုင်ငံတကာ လုံခြုံရေးနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာအမြင့်ဆုံးစံနှုန်းတွေကို လိုက်နာမှာဖြစ်ပြီး အဲဒီထဲမှာ ငလျင်ဒဏ်ခံ အစီအမံတွေလည်း ပါဝင်မှာဖြစ်ကြောင်း Rosatomက အီးမေးလ်က ဖြေကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

The Tanintharyi Times