ရောမက မိန်းမပျက် (နတ်နွယ်)
ရောမက မိန်းမပျက် (နတ်နွယ်)
လူတွေမှာ ကိုယ်ယုံကြည်ရာ အယူအဆတစ်ခုစီ ရှိကြတယ် ဆိုပါစို့။ ဒီယုံကြည်ချက်ကြောင့် ဘယ်လိုအခက်အခဲမျိုးကြုံစေဦးတော့၊ ဘယ်လို ဆင်းရဲဒုက္ခမျိုး ခံစားရစေဦးတော့။ ဘယ်တော့မှ ပြောင်းလဲဖောက်ပြန်မသွား၊ တိမ်းစောင်းယိမ်းယိုင် မသွားဘဲ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်စွမ်း ရှိပါရဲ့လား။
ယုံကြည်ရာလမ်းကြောင်းအတိုင်း လျှောက်လှမ်းရင်း ဘဝပေး၊ အသက်ပေး သွားကြသူတွေကို သူရဲကောင်း၊ အာဇာနည်ရယ်လို့ သမိုင်းစာမျက်နှာမှာ ကမ္ဗည်းထိုးခံကြရသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ လူသားဦးရေနဲ့ နှိုင်းစာရင် သူတို့ရဲ့ ကိန်းဂဏန်းက နည်းတယ်လို့ ဆိုရမှာပါ။
အများစုဖြစ်တဲ့ လူသားတွေကတော့ မုန်တိုင်းမတိုက်ခင်မှာသာ ယုံကြည်ချက်ကို ပုခုံးပေါ် ထမ်းတင်နိုင်ကြတယ်။ လေပြင်းတစ်ချက် ဝှေ့ရမ်းလိုက်တာနဲ့ ယုံကြည်ချက်တွေဟာ တစ်စစီ လဲပြိုအငွေ့ပျံသွားကြရတာပါပဲ။
ဒါကို အတွေ့ရများတဲ့ လူသဘောသဘာဝလို့ဆိုရင် ဒီဝတ္ထုလေးဟာ လူ့သဘာဝကို အပီပြင်ဆုံး ဖွဲ့နွဲ့ထားနိုင်တယ်လို့ ဆိုရမှာပါ။ စိတ်ကူးယဉ် သူရဲကောင်းတွေထက် လူ့ဘဝသရုပ်မှန်ကို အနက်ရှိုင်းဆုံးနေရာအထိ မြင်သာအောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်။ မပြတ်မသား ယိမ်းယိုင်တတ်တဲ့ လူသားတို့ရဲ့ စိတ်သဘောကို ထင်သာမြင်သာစေတဲ့ ဝတ္ထုတစ်ပုဒ်။
“Alberto Moravia” ရဲ့ “The Woman of Rome” ကို ဆရာ “နတ်နွယ်” က “ရောမက မိန်းမပျက်” လို့ အမည်ပေးပြီးဘာသာပြန်ထားပါတယ်။
“မူဆိုလီနီ” ရဲ ဖက်ဆစ်ဝါဒကြီး အားကောင်းမောင်းသန် အသက်ဝင်နေချိန်။ မြို့သူမြို့သားတွေဟာ နိုင်ငံရေးအကြောင်း အကောင်းအဆိုး ဘာမှဖွင့်ဟမဆိုရဲကြ။ နိုင်ငံရေးဟာ ပြည်သူနဲ့ လားလားမှမဆိုင်ဘူးလို့ သာမန်လူတွေ နားလည်ထားတဲ့အချိန်။ နိုင်ငံရေးအလုပ်နဲ့ ပတ်သက်မိရင် အဆုံးအဆမရှိ အနှိပ်စက်အညှဉ်းပမ်းခံရ၊ သတ်ဖြတ်ခံရတာက နိုင်ငံရေးသမားတို့ရဲ့ တစ်ကြောင်းတည်းသောသွားရာလမ်း ဖြစ်နေတဲ့အချိန်။
“အက်ဒရီယာနာ” ဆိုတဲ့ ၁၆ နှစ်အရွယ် မိန်းမပျိုလေးတစ်ယောက်။ ရောမမြို့သူတစ်ယောက် အနေနဲ့ တစ်လုံးတစ်ခဲကြီး အလှတွေ ပိုင်ဆိုင်ထားပေမယ့် ဆင်းရဲရှာတယ်။ အပ်ချုပ်သမဖြစ်တဲ့ မိခင်မုဆိုးမနဲ့ ကျပ်ကျပ်တည်းတည်းနေရရှာသူလေး။
ကံအကြောင်းမလှလို့၊ ဆင်းရဲလို့၊ စိတ်ဓါတ်မပြတ်သားလို့၊ တွေဝေယိမ်းယိုင်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ “အက်ဒရီယာနာ” ဟာ ပြည့်တန်ဆာဘဝကို ရောက်ခဲ့ရတယ်။ ရှောင်လွှဲလို့ မရတဲ့ အကြောင်းကလည်းရှိ၊ အလှအပကြိုက်တဲ့ အရွယ်လည်းဖြစ်တာမို့ ဝင်ငွေအတော်အတန်ကောင်းတဲ့ ပြည့်တန်ဆာဘဝကို မငြင်းပယ်နိုင်ဘဲ လက်ခံလိုက်ရရှာတယ်။
ပြည့်တန်ဆာမတစ်ယောက်အနေနဲ့ ယောကျ်ားပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရပေမယ့် မထင်မှတ်ဘဲ ခင်မင်ရင်းနှီးခဲ့ရတဲ့ လူထူးလူဆန်းတစ်ဦးကို ချစ်မိသွားခဲ့တယ်။ သူက “မီနို” ဆိုတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်။
“မီနို” ဟာ ပျော်ပါးဖို့ထက် ယုံကြည်ချက်တစ်ခုအတွက်နဲ့ အသက်ရှင်နေတဲ့ လူငယ်တစ်ယောက်။ ကြေးရတက် မြေပိုင်ရှင်သားတစ်ယောက် ဖြစ်ပေမယ့် ဖက်ဆစ်ဝါဒကိုမုန်းတီးသူ။ ဖက်ဆစ်စနစ်ကို တိုက်ဖျက်ဖို့အတွက် မြေအောက်တော်လှန်ရေးသမားအဖွဲ့ထဲက အဓိကကျတဲ့ တာဝန်တွေကို ယူထားရသူ။
တော်လှန်ရေး အဖွဲ့ဝင်တွေကလည်း “မီနို” ကို သူတို့ရဲ့ အနာဂတ် ခေါင်းဆောင်တစ်ယောက် အဖြစ် မျှော်လင့်ထားကြတယ်။ သူတို့အမြင်မှာ “မီနို” ဟာ ယုံကြည်ချက် ခိုင်မာတယ်၊ ပြတ်သားရဲရင့်တယ်၊ သစ္စာရှိတယ်၊ ဘယ်အခက်အခဲမဆို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်မှတ်ထားကြတယ်။
“မီနို” ကိုယ်တိုင်ကလည်း အဖမ်းခံရတာ၊ ထောင်ကျတာ၊ တခြားဒုက္ခ သုက္ခ တွေကို ခံရတာဟာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ဒေသဖြစ်တယ်လို့ပဲ စွဲစွဲမြဲမြဲယူဆလက်ခံ ထားခဲ့တယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်စနစ်အောက်မှာ “မီနို” ဟာပုလိပ်တွေရဲ့ မျက်စိဒေါက်ထောက် ကြည့်တာခံရပြီး တစ်နေ့မှာ သံသယနဲ့ အဖမ်းခံရတယ်။ အဖမ်းခံရချိန် သူ့ဆီမှာ ဘာတော်လှန်ရေး အထောက်အထားမှ ပါမသွားခဲ့ဘူး။
ဒါပေမယ့် တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်အဖြစ် မျှော်လင့်ခံထားရတဲ့ “မီနို” ဟာ စစ်ပုလိပ်ကို ဘယ်လိုရင်ဆိုင်လိုက်တယ် ထင်သလဲ။ ဘာနှိပ်စက်ညှဉ်းပမ်းမှုမှ မလုပ်ရသေးဘဲ၊ ဘာခြိမ်းခြောက်မှုမှ မလုပ်ရသေးဘဲနဲ့ သာမန်ပုလိပ်လေးတစ်ယောက်ရှေ့မှာ သူသိသမျှ အားလုံးကိုဖော်ကောင်လုပ်မိတော့တာပဲ။
“မီနို” အခုလို ဖြစ်သွားတာက တမင်တကာ သစ္စာဖောက်တာလား။ ဒါမှမဟုတ် အကြောက်တရားက ကြီးစိုးသွားလို့လား။ နှစ်ခုစလုံး မဟုတ်ဘူးတဲ့။ မြေပိုင်ရှင်လူတန်းစားကိုအကာအကွယ်ပေးနေတဲ့ ပုလိပ်ဆိုတဲ့ လူတန်းစားကို သူ့မသိစိတ်က သဘောကျနေခဲ့တာတဲ့။
သူ့သိစိတ်ဟာ ဖက်ဆစ်ဝါဒကို သေလောက်အောင်မုန်းတယ်။ မသိစိတ်ထဲမှာတော့ တစ်သက်လုံး အခက်အခဲမရှိနေထိုင်လာရတဲ့ ဘဝရဲ့အရင်းအမြစ်ကို မစွန့်နိုင်သလို ဖြစ်နေပြန်တယ်။ သိစိတ်နဲ့ မသိစိတ်ကြားက ရုန်းကန်တိုက်ပွဲမှာ မသိစိတ်က အနိုင်ရသွားခဲ့တယ်။
ဒီလို အဖြစ်မျိုးက လူ့သဘောသဘာဝတစ်ခု ပဲလား။ ဒါမှမဟုတ် လူတန်းစားကြောင့် အပြောင်းအလဲ ဖြစ်သွားရတဲ့ စိတ်သဘောထားများလေလား။ ပျော့ညံ့မှုလို့ ဆိုရမလား။ ဘယ်လိုပဲဆိုဆို “မီနို” လို လူစားမျိုးဟာ လူ့ပတ်ဝန်းကျင်မှာ ရှိနေတာတော့ အမှန်ပါပဲ။
ဝတ္ထုတစ်ပုဒ်လုံးကို “အက်ဒရီယာနာ” က ပြောပြနေတဲ့ ပုံစံနဲ့ ရေးဖွဲ့ထားတာမို့ ခပ်သွက်သွက်ပဲ ရင်ထဲကို စီးဝင်သွားစေပါတယ်။ ပြည့်တန်ဆာမတစ်ယောက်ရဲ့ အတွေ့အကြုံမို့ လိင်မှုကိစ္စတွေကို အတော်အသင့် ရေးသားထားပေမယ့် အမြင်ရိုင်းစေတာမျိုး မရှိဘဲ ယဉ်ကျေးတဲ့ အသုံးအနှုန်းကိုလှလှပပ သုံးနှုန်းနိုင်တဲ့ စာရေးဆရာရဲ့ ကလောင်အစွမ်းကိုချီးကျူးရမှာပါ။
လူ့အဖွဲ့အစည်းထဲမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အမှန်တရားအတွက် တိုက်ပွဲဝင်သွားသူတွေလည်း ရှိသလိုဆင်းရဲဒုက္ခ မုန်တိုင်းတိုက်ခတ်ခံရတဲ့အခါ ယုံကြည်ချက်တွေယိမ်းယိုင်ပြိုလဲသွားတာ၊ အလွယ်တကူ စွန့်လွှတ်လိုက်ကြတဲ့ လူသားတွေလည်း ရှိနေပါသေးလားလို့ အတွေးပွားမိပါတယ်။
လူတွေရဲ့ သိစိတ်နဲ့ မသိစိတ်၊ အမှား၊ နောင်တ၊ တာဝန်ယူမှု တာဝန်ခံမှု၊ သတ္တိ၊ အကြောက်တရား စတဲ့ တွေးတောဆင်ခြင်စရာများစွာနဲ့ ကျန်ရစ်စေတဲ့ ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုလိုက်ချင်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
