ရခိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနဲ့ တရုတ် သဘောတူလက်မှတ်ထိုး

ရခိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနဲ့ တရုတ် သဘောတူလက်မှတ်ထိုး

ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် စီမံကိန်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲစာချုပ် ကို စစ်ကောင်စီနဲ့ တရုတ်တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို နေပြည်တော်မှာ မနေ့ညနေပိုင်းက ပြုလုပ်ခဲ့တာပါ။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက “ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုတ်မြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ပြောဆိုခဲ့ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ဖော်ပြပါတယ်။

ဒီစီမံကိန်းဟာ မြန်မာဘက်က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်ဘက်က ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး ဆိပ်ခံတံတားပေါင်း ၁၀ ခုနဲ့ တနှစ်ကို ကုန်တင်ကုန်ချ ကွန်တိန်နာပေါင်း ၇ သန်း လက်ခံဖို့ လျာထားတယ်လို့ သိရပါတယ်။

အဆိုပါစီမံကန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်ပြီး တရုတ်အစိုးရပိုင် China International Trust Investment Corporation က ရင်းနှီးမြုပ်နှံမှာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ၊ မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းတို့မှာ ဆိပ်ကမ်းတွေ တည်ဆောက်သွားဖို့ စီစဉ်ထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ရခိုင်ပြည်သူတွေ လိုလိုလားလားရှိတယ်လို့ စစ်ကောင်စီရဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးအောင်နိုင်ဦးက သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်သူတွေကတော့ ယင်းစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် ဒေသခံရေလုပ်သားတွေရဲ့ အလုပ်အကိုင်တွေကိုလည်း ထိခိုက်ဆုံးရှုံးစေနိုင်တာကြောင့် လွန်ခဲ့တဲ့ လေးနှစ်၊၂၀၂၀ ခုနှစ်ကတည်းက ကန့်ကွက်နေခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တရုတ် ပိုးလမ်းမ BRI စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆက်တိုက်တွန်းအားပေးနေတာရှိပြီး စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံအနေနဲ့ BRI စီမံကိန်းကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

အခုစီမံကိန်းကို ဖော်ဆောင်မယ့် ကျောက်ဖြူမြို့နယ်နဲ့ နီးစပ်တဲ့ ရမ်းဗြဲမြို့နယ်မှာတော့ ရက္ခိုင့်တပ်တောင် AA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ရှိနေပြီဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ နိုတင်ဘာလမှာ တရုတ်အစိုးရနဲ့ ကနဦး သဘောတူစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး နေပြည်တော်မှာ မနေ့က ချုပ်ဆိုတဲ့ စာချုပ်က စီမံကိန်း အကောင်အထည်ဖော်ရေး နောက်ဆက်တွဲ စာချုပ်ပဲ ဖြစ်ပါတယ်။

စီမံကိနး်အကောင်အထည်ဖော်မယ့် ကျောက်ဖြူမြို့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရှိပြီးလည်ပတ်နေတာ ၁၀ နှစ်ကျော်ရှိနေပါပြီ။

ယင်းဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကနေ တရုတ်ဟာ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏထက် အမြတ်ငွေ ၁၆၅ ရာခိုင်နှုန်းအထိ ရရှိထားကာ တရုတ်နိုင်ငံကို ၁၀ နှစ်တာအတွင်း တင်ပို့ခဲ့တဲ့ သဘာဝဓာတ်ငွေ့ ဟာ ၅၂ ဘီလီယံ ကုဗမီတာ ရှိတယ်လို့ Global Times သတင်းစာဖော်ပြချက်အရ သိရပါတယ်။

The Tanintharyi Times