မောတောင်မှာလက်နက်ကြီးကျည်ဟောင်းထပေါက်လို့ ခြံရှင်းနေတဲ့လုပ်သား သေဆုံး

မောတောင်မှာလက်နက်ကြီးကျည်ဟောင်းထပေါက်လို့ ခြံရှင်းနေတဲ့လုပ်သား သေဆုံး

မောတောင်မြို့က သဲဖြူရွာရှိ ဥယျာဉ်ခြံတစ်ခုမှာ ခြံရှင်းချိန် မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ဟောင်းကို ထိမိပြီး ပေါက်ကွဲခဲ့တဲ့အတွက် ကျပန်းအလုပ်သမားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ကျပန်းအလုပ်လုပ်ကိုင်တဲ့ သဲဖြူရွာဒေသခံ အသက် ၄၅ နှစ်ဝန်းကျင် အရွယ်ရှိ ဦးမြင့်ဇော် ဖြစ်ပါတယ်။

အခုလ ၂၀ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်မှာ ဦးမြင့်ဇော်ဟာ သီဟိုဠ်ပင်ဥယျာဉ်ခြံထဲမှာ တောရှင်းနေစဉ် မြက်ရိတ်စက်နဲ့ လက်နက်ကြီးကျည်အဟောင်းကို ထိမိခဲ့ပြီး ပေါက်ကွဲသွားတဲ့အတွက် ဝမ်းဗိုက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သဲဖြူရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ထိထိချင်းသေတာ မဟုတ်ဘူး။ အဓိကက ဗိုက်မှာ ထိသွားတယ်။ ဒဏ်ရာတော့တော်တော်ပြင်းတယ်။” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဦးမြင့်ဇော်ကို အနီးဆုံး ဆေးခန်းကို ပို့ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် မြိတ်ဆေးရုံကြီးကို ထပ်မံပို့ဆောင်ဖို့လုပ်ဆောင်နေချိန် မနေ့က၊ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာလို့ သဲဖြူရွာဒေသခံ အမျိုးသားတစ်ဦးဆီက သိရပါတယ်။

အခုလ ၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာက ဥယျာဉ်ခြံတစ်နေရာမှာ ရွာခံအမျိုးသမီး နှစ်ဦး မိုင်းနင်းမိပြီး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာနဲ့ အခု ဇန်နဝါရီလအတွင်း မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးထက်မနည်းရှိပြီး ၃ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။

ယူနီဆက် (မြန်မာ) က ထုတ်ပြန်တဲ့စာရင်းအရ လည်း မြန်မာတစ်နိုင်ငံလုံးမှာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးသူဟာ ၂၀၂၃ ခုနှစ်မှာ ပထမ ကိုးလအတွင်း ၈၅၈ ဦး ၊ ၂၀၂၂ ခုနှစ်မှာ ၅၄၀ ကျော်၊ ၂၀၂၁ ခုနှစ်မှာ ၃၆၀ ကျော်အထိ ရှိခဲ့ပါတယ်။