ထားဝယ်-ထီးခီးလမ်းမှာ ကားဆယ်စီးပါစစ်တပ် ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးကားရှစ်စီးပျက်စီး

ထားဝယ်-ထီးခီးလမ်းမှာ ကားဆယ်စီးပါစစ်တပ် ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးကားရှစ်စီးပျက်စီး

ပုံစာ - သိမ်းယူနေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ သိမ်းမိထားတဲ့လက်နက်ခဲယမ်းတွေ။

ကားနှစ်စီးစာ လက်နက်နဲ့ရိက္ခာတွေကို တော်လှန်ရေးတပ်တွေသိမ်းမိ

ထားဝယ်မြို့နယ်၊ အ‌‌ရှေ့တောဒေသကိုစစ်ကြောင်းထိုးနေတဲ့ ကားဆယ်စီးပါစစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ချိန် စစ်ကားရှစ်စီးပျက်စီးပြီး ကားနှစ်စီးစာ လက်နက်နဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဘက်က ရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

ပြီးခဲ့တဲ့ငါးရက်လောက်ကစလို့ ထားဝယ်-ထီးခီးလမ်းမကြီးအတိုင်း မေတ္တာမြို့ဘက်ကိုဦးတည်ပြီး ဝင်‌နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အခုလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သင်္ကန်းတုန်းရွာနဲ့ ဘဲ့မဲ့တပ်တောင်တဝိုက်တို့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ကား ၈ စီးပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်တပ်ကလေယာဥ်နဲ့ အကြိမ်ရေအများအပြား ဗုံးကြဲနေတာကြောင့် ကားနှစ်စီးကိုသာ ပစ္စည်းတွေသိမ်းယူပြီး မီးရှို့လိုက်တယ်လို့ KNU တပ်မဟာ ၄ ဘက်ကဆိုပါတယ်။

“ကားနှစ်စီးက ပစ္စည်းကိုပဲ ကျနော်တို့ရတယ်။ လေယာဥ်ကလာပစ်နေတော့ ကျနော်တို့လက်လွှတ်လိုက်ရတာပေါ့နော်” လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

မနေ့က တိုက်ပွဲတွေပြင်းထန်နေချိန် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ရဟတ်ယာဥ် စုစုပေါင်းသုံးစီး အသုံးပြုပြီး ၇ ကြိမ်အထိ လေကြောင်းက ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ ရုပ်သံဖိုင်တွေမှာလည်း စစ်ကားကြီးတစ်စီးပေါ်က လက်နက်နဲ့ ရိက္ခာတွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သယ်ယူနေတာကို မြင်ရပါတယ်။

ကျန်ရှိတဲ့စစ်ကားနဲ့ စစ်ကြောင်းက စစ်သားတွေကတော့ ဒီနေ့ညနေပိုင်းအထိ ရှေ့ဆက်မတက်နိုင်ဘဲ သင်္ကန်းတုန်းရွာတဝိုက်မှာ ဆက်ရှိနေသေးတယ်လို့ တော်လှန်ရေးတပ်တွေကဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး တော်လှန်ရေးတပ်ဘက်ကလည်း ရဲဘော်ထိခိုက်ကျဆုံးမှုတချို့ရှိတယ်လို့ သိရပါတယ်။

“သိတဲ့အတိုင်းပဲလေ ကားရှစ်စီးတောင်ထိတာဆိုတော့ စစ်သားတွေ သေမှာပေါ့။ ဒါပေမဲ့ ကျနော်တို့က အကုန်လုံးရှင်းလို့မရဘူးဆိုတော့ အတိအကျမသိသေးဘူး” လို့ ပဒိုအယ်နားက ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းက စစ်သား ၃ ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ဆက်ပြောပါတယ်။

အခုကြားဖြတ်တိုက်ခိုက်ခံနေရတဲ့ ယာဥ်တန်းဟာ ကျောက်မဲတောင်နဲ့ မေတ္တာရဲစခန်းတွေကို လက်နက်နဲ့ ရိက္ခာတွေပို့ဖို့အတွက် စစ်ကြောင်းဝင်နေတာလို့ ဒေသခံတွေကခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီလကလည်း အရှေ့တောဒေသကို စစ်တပ်ကအင်အား ၃၀၀ ဝန်းကျင် စစ်ကား ၁၇ စီးနဲ့ စစ်ကြောင်းထိုးချိန် တော်လှန်ရေးတပ်တွေကြောင့် စစ်ကောင်စီကား ၁၂ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးခဲ့ဖူးပါတယ်။

The Tanintharyi Times