မြိတ်မှာ ရော်ဘာပြားသိုလှောင်ရုံ မီးလောင် ၊ တစ်ရက်အတွင်းမြိတ်က နေရာနှစ်ခုမှာ မီးလောင်ကျွမ်းခဲ့
မြိတ်မှာ ရော်ဘာပြားသိုလှောင်ရုံ မီးလောင် ၊ တစ်ရက်အတွင်းမြိတ်က နေရာနှစ်ခုမှာ မီးလောင်ကျွမ်းခဲ့
မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းဆုံအနီး၊ သတင်းစာတိုက်လမ်းက ဖိုးလမင်း ရော်ဘာပြားသိုလှောင်ရုံ မီးလောင်နေတယ်လို့ ရပ်ကွက်နေသူတွေနဲ့ မြိတ်မြို့ခံတွေဆီက သိရပါတယ်။
ဒါဟာမြိတ်မြို့နယ်မှာ ၂၄ နာရီအတွင်း နေရာနှစ်ခုမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မြို့ခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
ဒီကနေ့မွန်းလွဲပိုင်း ၂ နာရီခွဲလောက်မှာ ရော်ဘာပြားသိုလှောင်ရုံ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၃ နာရီခွဲဝန်းကျင်မှာမှ မီးထိန်းနိုင်ခဲ့တယ်လို့ ရှမ်းချောင်းရပ်ကွက်နေသူတွေက ပြောပါတယ်။
ရော်ဘာပြားသိုလှောင်ရုံဖြစ်တာကြောင့် မီးလုံးဝအပြီးသတ်မငြှိမ်းနိုင်သေးဘူးလို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။
“ ရော်ဘာပြားတွေအားလုံး အရည်ပျော်ကျပြီး ဆက်လောင်နေတုန်းပဲ။ အခုထိလောင်တုန်းပဲ။ အပြီးငြှိမ်းနိုင်ဖို့က ကြာဦးမယ်” လို့ ရှမ်းချောင်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ညနေ ၄ နာရီဝန်းကျင်မှာ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ဖိုးလမင်းရော်ဘာပြားသိုလှောင်ရုံဟာ မြို့ရဲ့ အစွန်ဘက်ကျတာကြောင့် မီးသတ်ကားတွေ ချက်ချင်းမရောက်နိုင်ဘဲ မီးလောင်ပြီး ၁၅ မိနစ်လောက်ကြာမှ ရောက်လာခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မီးလောင်တဲ့ ရော်ဘာသိုလှောင်ရုံအနီးမှာ ဓာတ်ဆီဆိုင်ရှိပေမဲ့ မီးသတ်ကားတွေနဲ့ ကြိုပြီးရေဖြန်းနိုင်ခဲ့တာကြောင့် ဓာတ်ဆီဆိုင်ကိုတော့ မီးမကူးခဲ့ဘူးလို့ ရပ်ကွက်နေသူတွေကဆိုပါတယ်။
ရော်ဘာသိုလှောင်ရုံတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့တာကြောင့် အဆောက်အအုံနဲ့ ကုန်ပစ္စည်းတန်ဖိုးအရ သိန်းပေါင်းသောင်းချီဆုံးရှုံးမှုရှိနိုင်တယ်လို့ ရပ်ကွက်နေသူတွေက ခန့်မှန်း ပြောဆိုကြပါတယ်။
ဒီကနေ့မနက်အစောပိုင်း ၃ နာရီဝန်းကျင်ကလည်း မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်မှာ နေအိမ်နှစ်ဆောင် မီးလောင်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
မနက် ၄ နာရီဝန်းကျင်မှာမှ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ ရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေချိန် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်မှာ မီးလောင်ကျွမ်း နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားအလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

The Tanintharyi Times
