ဇူလိုင် ၆ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

ဇူလိုင် ၆ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း

ကော့သောင်းမှာ PDF တစ်ဦးဖမ်းပေးရင် ဆုငွေကျပ် ၁၅ သိန်းပေးမယ်လို့ စစ်ကောင်စီမက်လုံးပေးကြေညာ

မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာ PDF တစ်ဦးကို ဖမ်းပေးရင် ဆုငွေကျပ် ၁၅ သိန်းပေးမယ်လို့ စစ်ကောင်စီတပ်သားတွေက ​လှည့်လည်ကြေညာနေပါတယ်။

PDF တွေရဲ့ တည်နေရာတွေနဲ့ ပုန်းခိုတဲ့နေရာတွေကို သတင်းပေးတဲ့သူကိုတော့ ဆုငွေကျပ်ငါးသိန်းပေးမယ်လို့ မြို့လှည့်ကြေညာနေတာဖြစ်ပါတယ်။

ဆုကြေးငွေတွေကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကပေးမှာဖြစ်ပြီး မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ တွေကလည်းထပ်ပေးဦးမယ်လို့ မက်လုံးပေးကြေညာနေတာပါ။

———————

တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေ ရိက္ခာတစ်ပတ်စာခန့်သာ လုံလောက်တော့

တောင်ပျောက်တိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်မှုကြောင့် စစ်ရှောင်နေကြရတဲ့ တိုက်နယ်အတွင်းက ဒေသခံတွေ တစ်ပတ်စားအတွက်သာ ရိက္ခာ လုံလောက်မှုရှိတော့တဲ့အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃ရက်ကတည်းက တိုက်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်ပြေးနေကြရတဲ့ ပြည်သူ ၆၀၀၀ ဝန်းကျင်အထိ ရှိနေပြီဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေအတွက် ဆန်အပြင် တစ်ခြားစားသောက်ကုန်ပစ္စည်တွေ ပိုမိုလိုအပ်နေတယ်လို့ကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

◉ သွေးလွန်တုပ်ကွေးရောဂါနဲ့ သိမှတ်လိုက်နာရန်အချက်တွေ

———————

ကန်ချနာဘူရီမှာ မြန်မာလုပ်သား ၁၉ ဦးထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီဒေသ၊ စံခရဘူရီခရိုင်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်း စစ်တပ်နဲ့ရဲတွေကဖမ်းဆီးလိုက်တယ်လို့ Bangkok Post က ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၇ ဦးပါဝင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည််နယ် နဲ့ ရခိုင်ပြည်နယ်တွေကဖြစ်ကြတယ်လို့သိရပါတယ်။

———————

ဂျင့်ဂါရွာမှာ အိမ်နှစ်ဆောင်၊ ဆိုင်ကယ်အစီးသုံးဆယ်နီးပါးနဲ့ ထော်လာဂျီနှစ်စီးကို မီးရှို့ဖျက်ဆီး

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျင့်ဂါကျေးရွာမှာ ဆိုင်ကယ်အစီးသုံးဆယ်နီးပါး၊ ထော်လာဂျီနှစ်စီးနဲ့ နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲအချိန်က ဂျင့်ဂါရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မီးရှို့သွားတယ်လို့ ဒေသခံများ ကပြောပါတယ်။

———————

စုံစင်ဖျားရွာမှာ ဆိုင်တစ်ဆိုင်ဖောက်ထွင်းခံရ

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာမှာ ဇူလိုင် ၁ ရက်နေ့ညက ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံခဲ့ရပြီး ဘီယာနဲ့ အရက်တွေ အဓိကပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖောက်ထွင်းခံရတဲ့ဆိုင်ဟာ စုံစင်ဖျားရွာလမ်းမပေါ်မှာ တည်ရှိပြီး မြိတ် – ထားဝယ် အတက်အဆင်းလုပ်တဲ့ကားတွေရဲ့ စုရပ်လည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ စုံစင်ဖျားရွာ မီးသတ်စခန်းနဲ့ စစ်ဘေးရှောင်ပြေးနေကြရတဲ့ ပြည်သူ့နေအိမ်တွေပေါ်မှာ တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။

◉ ပြတင်းပေါက်က ကျွန်မအရိပ်

———————

တနင်္သာရီတိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ပေါင်း ၄၀ ခန့်ရှိပြီး အစစ်အဆေးတင်းကြပ်တာနဲ့ ငွေကြေးတောင်းခံတာတွေပြုလုပ်နေ

တနင်္သာရီတိုင်းအတွင်းက အဝေးပြေးလမ်းမတွေနဲ့ အဓိကကျတဲ့လမ်းတွေမှာ စစ်ကောင်​စီက စစ်ဆေးရေးဂိတ်တချို့တိုးမြှင့်ချထားပြီး လက်ရှိမှာ ဂိတ်ပေါင်း ၄၀ခန့်ရှိပြီဖြစ််တယ်လို့ Southern Monitor က ပြုစုထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

စစ်ဆေးရေးဂိတ်တွေကို တနင်္သာရီတိုင်းအဝင် မလွှဲတောင်ဂိတ်ကနေ ကော့သောင်းမြို့အထိ မြို့ဝင်မြို့ထွက်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို ဆက်သွယ်ထားတဲ့ လမ်းဆုံတွေ၊ ရွာချင်းဆက်လမ်းတွေမှာအဓိက ချထားတာပါ။

အဝေးပြေးလမ်းပေါ်က ဂိတ်တွေထဲမှာ မလွှဲတောင်ဂိတ်နဲ့ ပုလောတံတားဂိတ်တွေဟာ အစစ်အဆေးတင်းကြပ်ပြီး ခရီးသည်တစ်ဦးချင်းခေါ်ယူစစ်ဆေးတာ၊ ပစ္စည်းတွေကိုဖောက်ထုတ်စစ်ဆေးတာနဲ့ နည်းပညာသုံးစက်နဲ့စစ်ဆေးတာတွေအထိပြုလုပ်တယ်လို့သိရပါတယ်။

———————

စစ်ဘေးရှောင်ပြည်သူ့နေအိမ်တွေပေါ်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေ

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာက စစ်ဘေးရှောင် ထွက်ပြေးနေကြရတဲ့ ပြည်သူ့နေအိမ်တွေပေါ်မှာ စစ်ကောင်စီစစတပ်ဖွဲ့တွေ တပ်စွဲနေထိုင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စုံစင်ဖျား စျေးတန်းနားတစ်ဝိုက်က အိမ်တစ်ဆောင်နဲ့ ရွာအထဲလမ်းက အိမ်တွေမှာ တပ်စွဲထားပြီး အိမ်တစ်ဆောင်မှာအနည်းဆုံး (၆) ယောက်ခန့် နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။

The Tanintharyi Times