ဂျင့်ဂါရွာမှာ အိမ်နှစ်ဆောင်၊ ဆိုင်ကယ်အစီးသုံးဆယ်နီးပါးနဲ့ ထော်လာဂျီနှစ်စီးကို မီးရှို့ဖျက်ဆီး

ဂျင့်ဂါရွာမှာ အိမ်နှစ်ဆောင်၊ ဆိုင်ကယ်အစီးသုံးဆယ်နီးပါးနဲ့ ထော်လာဂျီနှစ်စီးကို မီးရှို့ဖျက်ဆီး

ဓာတ်ပုံ - ပြီးခဲ့တဲ့ ဇန်နဝါရီက ပုလောမြို့နယ်၊ ပဝတ်ဖျားရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ချိန်က ပုံဟောင်း။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ဂျင့်ဂါကျေးရွာမှာ ဆိုင်ကယ်အစီးသုံးဆယ်နီးပါး၊ ထော်လာဂျီနှစ်စီးနဲ့နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲအချိန်က ဂျင့်ဂါရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မီးရှို့သွားတယ်လို့ ဒေသခံများ ကပြောပါတယ်။

ဂျင့်ဂါရွာလှေဆိပ်အနီး နေအိမ်နှစ်လုံးအောက်မှာ ရွာသားတွေ ထားရစ်ခဲ့တဲ့ဆိုင်ကယ်တွေကို မီးရှို့ရင်း နေအိမ်နှစ်လုံးပါမီးလောင်သွားတာပါ။

“သူတို့ဝင်လာတော့ ရွာသားတွေက ဆိုင်ကယ်တွေ အဲဒီအိမ်အောက်မှာ ထားရစ်ပြီး လှေနဲ့ထွက်ပြေးကြတယ်။ အဲဒါကို စစ်တပ်ကတွေ့တော့ မီးရှို့လိုက်ကြတယ်” လို့ ဂျင့်ဂါရွာသားတစ်ဦး ကပြောပါတယ်။

ဒါ့အပြင် အဲဒီအနီးတွေ့ရတဲ့ ရွာသား အသက် ၂၀ ကျော်လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခဲ့လို့ ဆေးရုံမှာကုသခံနေရတယ်လို့ဆိုပါတယ်။

သေနတ်ကျည်ဟာ ဂျိုင်းကနေ နောက်ကျောကို ဖောက်ထွက်သွား ပြီးဒဏ်ရာပြင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဟာ ဂျင့်ဂါရွာမှာတပ်စွဲထားပြီး ဂျင့်ဂါ၊မှော်မိ၊ကျောင်းနိမ့် စတဲ့ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

The Tanintharyi Times