ပြတင်းပေါက်က ကျွန်မအရိပ်
ပြတင်းပေါက်က ကျွန်မအရိပ်
ကဗျာတွေကို တစိမ့်စိမ့် မဖတ်ဖြစ်တာ တော်တော်ကြာပါပြီ။
အလုပ်ပိတာ၊ ဖုန်းပွတ်တာကြောင့်လို့ အလွယ်တကူ ဆင်ခြေပေးလို့ရပေမယ့် တကယ်တော့ စိတ်ပိတာက ပိုမယ် ထင်ပါတယ်။ ကိုယ့်စိတ်ရဲ့ အလှုပ်မှာ ယမ်းခါပြီး နေ့စဉ်ဘ၀ကို ဖြတ်နေမိတာမျိုးပေါ့။
အခုတော့ စိတ်တွေ ပိတာမျိုးထက်ပိုတဲ့ အခြေအနေမို့ ကဗျာတွေ ဖတ်ဖို့ ပြန်အာသီသ ဖြစ်မိတယ်။ ကိုယ့်ကိုကိုယ် ခဏမေ့ပြီး အခြားသူရဲ့ နှလုံးသားပြခန်းထဲ ခံစားစီးမျောလို့ ရတာကိုးနော်။
“ပြတင်းပေါက်က ကျွန်မအရိပ်”
ကဗျာ ၇၂ ပုဒ်ပါတဲ့ “မြကျေး” ရဲ့ ကဗျာစာအုပ်။ ပုံနှိပ်မှတ်တမ်းအရ နှစ်ကာလများ စာအုပ်တိုက်က ဖေဖော်ဝါရီလ (၂၀၂၂) ထုတ်တာ ဖြစ်တယ်။
အဖေနဲ့အမေ၊ ချစ်မေတ္တာဝေ ဆိုပြီး အခန်းခွဲလိုမျိုး သီးသန့်ခေါင်းစဉ်တပ်ပြီး ဖော်ပြထားတဲ့ ကဗျာ ၁၂ ပုဒ်စီ အပါအဝင်ပေါ့။
ရင်ထဲငြိတဲ့ကဗျာတွေကို စာမြည်းလေး မျှဝေဦးလို့ပြောရင် မိန်းမသားတစ်ယောက်ရဲ့ ဖြစ်တည်မှုက ခံစားရေးထားတဲ့ ကဗျာတွေရယ်၊ အဖေနဲ့ အမေ၊ ချစ်မေတ္တာဝေနဲ့ ပတ်သက်တဲ့ ကဗျာတွေရယ်ကို “ရော့ . . . . မြည်းကြည့်” လို့ ပြောချင်တယ်။
“မိန်းကလေးလို့ အော်သံနဲ့အတူ
ကျွန်မ ဖုံးအုပ်ခံရတယ်”
“ဦးနှောက်နဲ့ နှလုံးသားကို
တစ်ကိုယ်လုံးထက် ကြီးမားအောင်
တစ်ရစ်ချင်း လှိမ့်ယူလာခဲ့လည်း
ကျွန်မ ရင်သားကြောင့်
ကျွန်မက sex toy ပဲ”
“အောက်တိုဘာ တစ်ဆယ့်သုံး” ကဗျာထဲက ခပ်ဆတ်ဆတ် စုတ်ချက်တွေ။
“တစ်ချောင်းလိုနေတဲ့ နံရိုးတွေ” “ထုံဆေး” “ဘုရားလောင်းများနှင့် ပေါင်းဖက်ခြင်း” အပါအဝင် တချို့ကဗျာတွေကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုအခန်းထဲက ပဲ့တင် လှိုက်ထွက်လာတဲ့ အသံတွေ။
“ယောကျ်ားတွေ ဘာလိုချင်လဲ မသိတော့
ကျွန်မမှာ ဆီလီကွန်ပဲ ထည့်ရမလိုလို
ဟင်းအိုးပဲ တည်ရမလိုလို
ဉာဏ်ပညာထဲပဲ ထိုင်နေရမလိုလို”
ထိချက်၊ ငြိချက်များတဲ့ ကဗျာလေးတွေကို ခေါက်ထားတာကများတော့ စာမြည်းမှာ ထည့်ဖို့ ရွေးရတာ ခေါင်းစားချက်ပဲ။
“အဖေ ဘယ်တော့မှ မသေဘူး” “သားပိုက်ကောင် ပုံပြင်သစ်” စတဲ့ အဖေနဲ့ အမေ ခေါင်းစဉ်အောက်က ကဗျာတွေ ဖတ်လိုက်ရင်း ရင်ထဲ ပြုံးနေမိရဲ့။ တစိမ့်စိမ့်ပြန်ဖတ်ဖြစ်လေ သိမ်သိမ်မွေ့မွေ့လေး ပြုံးနေဖြစ်လေ။
“အဖေက ဘယ်တော့မှ မသေဘူး
သမီး ကြောက်တဲ့ ကင်းမြီးကောက်ကို
ခြေထောက်ကလေးနဲ့ နင်းထားနိုင်လို့
အဖေက မသေတတ်ဘူး”
“ဧရာမ စက္ကူပုံးကြီးကို ဖျက်ဖို့
သမီးတို့မှာ ဘာလက်နက်မှ မရှိဘူးအမေ
မီးဖိုချောင်ထဲက သားလှီးဓားတစ်ချောင်းကို
ကိုင်ပြီး အမေက စစ်သူကြီးလို ထွက်လာတယ်”
ချစ်မေတ္တာဝေ ခေါင်းစဉ်အောက်က ကဗျာတွေကျပြန်တော့ ရသက တစ်မျိုး။
“ထင်ပေါ်ကျော်ကြားသောလမ်းများနဲ့ ဝေးပါစေ ချစ်မေတ္တာဝေ ရေတောပန်းများလို ငြိမ်ငြိမ်သက်သက်နေ
မှီတင်းသူ လက်တစ်ဆုပ်စာကို ကြည်လင်စေတဲ့
ရေချိုတွင်းလေးလို အေးပြီးနေ”
ညဖက် လေအေးအေးလေးတိုက်ချိန် လဟာပြင်မှာ ခုံလေးချပြီး ခံစားလို့ ကောင်းတဲ့ ကဗျာလေးတွေလည်း ရှိရဲ့။
ဘာတဲ့. . .။
“စိတ်ဟာ အငွေ့ပျံ ရေငွေ့လေးလို
တငွေ့ငွေ့ ပျံ့လွင့်သွား
ည အမှောင်ထဲကို” တဲ့။
“မြကျေး” ကဗျာစာအုပ်တွေ ဝယ်စုဦးမှပါလေ။
The Tanintharyi Times
