ကန်ချနာဘူရီမှာ မြန်မာလုပ်သား ၁၉ ဦးထပ်မံဖမ်းဆီးခံရ
ကန်ချနာဘူရီမှာ မြန်မာလုပ်သား ၁၉ ဦးထပ်မံဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီဒေသ၊ စံခရဘူရီခရိုင်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်း စစ်တပ်နဲ့ရဲတွေက မနေ့ကဖမ်းဆီးလိုက်တယ်လို့ Bangkok Post က ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၇ ဦးပါဝင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေကဖြစ်ကြတယ်လို့သိရပါတယ်။
သူတို့ကို စမွတ်စခွန်၊ ရိုင်ယန်၊ ကန်ချနဘူရီနဲ့ဘန်ကောက်တို့မှာ အလုပ်ပေးမယ်ဆိုပြီး တစ်ယောက်ကို ထိုင်းဘတ် ၁၅၀၀၀ ကနေ ၃၀၀၀၀ ကြားတောင်းယူပြီး ပွဲစားတွေကကတိပေးခေါ်ဆောင်လာတာလို့သိရပါတယ်။
သူတို့ကို တရားမ၀င်ဝင်ရောက်မှုနဲ့ တရားစွဲပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။
မေလအတွင်းမှာ ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်လို့ဖမ်းဆီးခံရတဲ့သူဟာ ၁၈၀၀ ကျော်အထိရှိရှိပြီး ထိုင်းအာဏာပိုင်တွေရဲ့ပစ်ခတ်ဖမ်းဆီးတာ၊ကားမှောက်တာတွေ ကြောင့် သေဆုံးသူ ၄ဦးနဲ့ ဒဏ်ရာရသူအများအပြားလည်းရှိခဲ့တယ်လို့ Southern Monitorရဲ့အချက်အလက်တွေအရသိရပါတယ်။
သူတို့ဟာ ထိုင်း - မြန်မာနယ်စပ်က ချင်းရိုင်၊ ချင်းမိုင် ၊ တာခ့် ၊ကန်ချနာဘူရီ ၊ ပရာကျွတ်ခီရီခန်၊ ချွန်ဘူရီ နဲ့ ရနောင်း စတဲ့ဒေသတွေက တောတောင်တွေထဲမှာ ပွဲစားတွေရဲ့စွန့်ပစ်မှုတွေ၊ အသက်အာမခံချက်မရှိတဲ့ အလုံပိတ်ကားထဲဖမ်းမိတာတွေနဲ့ လမ်းခရီးကြမ်းတမ်းတဲ့နေရာတွေမှာအများဆုံး ဖမ်းဆီးခံနေရတာပါ။
The Tanintharyi Times
