မြန်မာတိုက်လေယာဉ် ထိုင်းပိုက်နက်ထဲ ဝင်လာတာ အရေးကြီးကိစ္စမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာတိုက်လေယာဉ် ထိုင်းပိုက်နက်ထဲ ဝင်လာတာ အရေးကြီးကိစ္စမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော
မြန်မာ-ထိုင်းနယ်စပ်အနီးက ဥကရိထစခန်းတိုက်ပွဲမှာ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်ဟာ ထိုင်းလေပိုင်နက်ထဲအထိ ဝင်ရောက်ခဲ့လို့ ထိုင်းရွာသားတွေ အထိတ်တလန့် ဖြစ်ခဲ့ရပေမယ့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကတော့ ဒါဟာ အရေးကြီးကိစ္စ မဟုတ်ဘူးလို့ သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“သူတို့က မရည်ရွယ်ဘဲ ဝင်ရောက်လာတာလို့ ပြောတယ်။ ထိုင်းပိုင်နက်ထဲကို နည်းနည်း ဝင်မလာခင်ကပဲ သူတို့လေယာဉ်က U ပုံစုံ ပြန်လှည့်နေခဲ့တာပါ။ ကျွန်တော်တို့ဘက်ကလည်း နိုင်ငံတကာ လုပ်ထုံးနဲ့အညီ တိုက်လေယာဉ်တွေ ပျံတက်ခဲ့ပါတယ်” လို့ ပရာယွတ်က ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာစစ်သံမှူးကလည်း ဒီကိစ္စအတွက် တောင်းပန်စကား ဆိုခဲ့ပြီးဖြစ်တဲ့အပြင် နှစ်နိုင်ငံ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေကြောင်း၊ အကြောင်းကိစ္စရှိခဲ့ရင် နှစ်ဘက်ဆွေးနွေးနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။
မနေ့က ကြာသပတေးနေ့မှာ မြန်မာစစ်တပ်ရဲ့ MIG-29 တိုက်လေယာဉ်ဟာ KNU-PDF ပူးပေါင်းတပ်တွေကို တိုက်ခိုက်ရင်း ထိုင်းလေပိုင်နက်ထဲကို ငါးကီလိုမီတာခန့် ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရာယွတ်က ဒီကနေ့မှာ မှတ်ချက်ပြု တုန့်ပြန်တာ ဖြစ်ပါတယ်။
မြန်မာတိုက်လေယာဉ် ထိုင်းနယ်ထဲ ဝင်လာတာကြောင့် ရွာသားတွေ အထိတ်တလန့် ဖြစ်ခဲ့ရသလို စာသင်ကျောင်းနှစ်ကျောင်း ချက်ချင်း ပိတ်ခဲ့ရပြီး ဒီနေ့အထိလည်း ဆက်ပိတ်ထားပါတယ်။ တိုက်ပွဲကြောင့် ကရင်တိုင်းရင်းသား ဒုက္ခသည် ၁၀၀၀ ခန့်ဟာလည်း ထိုင်းဘက်ခြမ်းမှာ လာရောက်ခိုလှုံနေရပါတယ်။
မနေ့က ဖြစ်ရပ်အပြီးမှာ ထိုင်းလေတပ်က အမေရိကန်ထုတ် F-16 တိုက်လေယာဉ်နှစ်စင်းကို ပျံတက်စေခဲ့ပြီး အခင်းဖြစ်လေပိုင်နက်နေရာကို ရောက်တဲ့အခါမှာတော့ မြန်မာတိုက်လေယာဉ်က မြန်မာပိုင်နက်ထဲကို ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာတိုက်လေယာဉ် ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ထိုင်းလေတပ်က မြန်မာအစိုးရထံကို မြန်မာသံရုံးကတစ်ဆင့် နောင်မှာ ထပ်မဖြစ်စေဖို့ ချက်ချင်း စာပို့ သတိပေးခဲ့သလို သောကြာနေ့မှာလည်း နောက်ထပ်စာတစ်စောင် ပို့ပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်လိုချိုးဖောက်မှုမျိုး ဖြစ်စေ ထိုင်းစစ်တပ်က တုန့်ပြန်ဖို့ အသင့်ရှိကြောင်း သတိပေးခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ကတော့ အရေကြီးဆုံးမှာ ထိုင်းနိုင်ငံရဲ့ စစ်ရေးစွမ်းရည်က နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ပေးနိုင်ကြောင်း၊ လက်ရှိ ထိုင်းစစ်တပ်ရဲ့ စွမ်းရည်က အနာဂတ်ခြိမ်းခြောက်မှုတွေကိုပါ ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိကိုတော့ စိစစ်ဖို့ လိုနိုင်ကြောင်း ပြောခဲ့ပါတယ်။
ကိုးကား - Thai Enquirer
The Tanintharyi Times
