ကော့သောင်းမှာ PDF တစ်ဦးဖမ်းပေးရင် ဆုငွေကျပ် ၁၅ သိန်းပေးမယ်လို့ စစ်ကောင်စီမက်လုံးပေးကြေညာ
ကော့သောင်းမှာ PDF တစ်ဦးဖမ်းပေးရင် ဆုငွေကျပ် ၁၅ သိန်းပေးမယ်လို့ စစ်ကောင်စီမက်လုံးပေးကြေညာ
မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာ PDF တစ်ဦးကို ဖမ်းပေးရင် ဆုငွေကျပ် ၁၅ သိန်းပေးမယ်လို့ စစ်ကောင်စီတပ်သားတွေက လှည့်လည်ကြေညာနေပါတယ်။
PDF တွေရဲ့ တည်နေရာတွေနဲ့ ပုန်းခိုတဲ့နေရာတွေကို သတင်းပေးတဲ့သူကိုတော့ ဆုငွေကျပ်ငါးသိန်းပေးမယ်လို့ ဒီနေ့ည မြို့လှည့်ကြေညာနေတာဖြစ်ပါတယ်။
ဆုကြေးငွေတွေကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကပေးမှာဖြစ်ပြီး မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ တွေကလည်းထပ်ပေးဦးမယ်လို့ မက်လုံးပေးကြေညာနေတာပါ။
” အရှေ့က ကားငယ်နှစ်စီး အနောက်က ကားငယ်နှစ်စီး နဲ့ လုံခြုံရေးယူပြီး လော်စပီကာနဲ့ လိုက်ပြောနေတာ”လို့ ကော့သောင်းမြို့ခံတစ်ဦးက တနင်္သာရီတိုင်းမ် ကိုပြောပါတယ်။
ဆက်သွယ်သတင်းပေးနိုင်တဲ့ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းကြေညာနေတာဖြစ်ပြီး ဖမ်းပေးသူနဲ့ သတင်းပေးတဲ့သူတွေရဲ့လုံခြုံရေးကိုလည်း လျှို့ဝှက်ပေးမယ်လို့ လိုက်လံကြေညာနေတာပါ။
“ကော့သောင်းမှာက လူငယ်တွေအချင်းချင်း သိပ်မတည့်ကြဘူး။ ဖြစ်နိုင်တာက ငွေနဲ့ လူငယ်တွေကို ဆွဲထည့်တာလို့ထင်တယ် ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
မြို့ခံတွေကတော့ ဒီလိုမျိုးဆုငွေနဲ့မက်လုံးပေးစည်းရုံးတာဟာ ပြည်သူအချင်းချင်းသွေးခွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။
The Tanintharyi Times
