စစ်အာဏာမသိမ်းမီ စာချုပ်ချုပ်ဆိုထားတဲ့ တရုတ်စီမံကိန်းတွေ အားလုံးကို တာဝန်ယူမယ်လို့ NUG ထုတ်ပြန်

စစ်အာဏာမသိမ်းမီ စာချုပ်ချုပ်ဆိုထားတဲ့ တရုတ်စီမံကိန်းတွေ အားလုံးကို တာဝန်ယူမယ်လို့ NUG ထုတ်ပြန်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် တရုတ်နဲ့ မြန်မာအကြား နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်မှုစာချုပ်တွေ အပါအဝင် နှစ်နိုင်ငံကြားသဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ်အားလုံးကို တာဝန်ယူဆက်ခံမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားလို့ ခေါင်းစဉ်တပ်ထားတဲ့ အချက် ၁၀ ချက်ပါ ထုတ်ပြန်ချက်ကို NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာထုတ်ပြန်လိုက်တာပါ။

အခုအချိန်ဟာ တရုတ်ကို စည်းရုံးရမယ့်အချိန်ဖြစ်ပြီး မြေပြင်နိုင်ငံရေးအရ တော်လှန်ရေးရေရှည်သွားနိုင်ဖို့ဆိုရင် NUG လုပ်ဆောင်ချက်ဟာ မှန်ကန်မှုရှိတယ်လို့ တရုတ်အရေး သုတေသနပြုနေသူ မင်းသိုက်ချမ်းက ပြောပါတယ်။

“ဒီအချိန်မှာ တရုတ်ဆီက အထောက်အပံ့မရပါပဲနဲ့ အောင်မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ဘူး။ ဥပမာတစ်ခုအနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ တိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရင်းအမြစ်တွေအကုန်လုံးက တရုတ်ဆီက လာတာတွေချည်းပဲ။ တရုတ်သာ လက်နက်လမ်းကြောင်းတွေကို အကုန်ဖြတ်တောက်လိုက်ရင် သူတို့လည်း တော်လှန်ရေးမှာ ရေရှည်မသွားနိုင်ဘူး။ အမေရိကန်တို့လို အနောက်နိုင်ငံတွေကို ယုံကြည်နေလို့ မရဘူး” လို့ မင်းသိုက်ချမ်းက ပြောပါတယ်။

NUG ထုတ်ပြန်ချက်ထဲမှာ တရုတ်နဲ့ ဆွေးမျိုး-ပေါက်ဖော် ဆက်ဆံရေးတည်ဆောက်သွားမှာ ဖြစ်ပြီး နှစ်နိုင်ငံကြား လူမှုစီးပွား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ထိန်းသိမ်းမြှင့် တင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းလုံခြုံရေးထိန်းသိမ်းကာကွယ်မယ် ဆိုတဲ့ အချက်ကိုလည်း ရေးသားဖော်ပြထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စစ်အာဏာမသိမ်းမီကာလနဲ့ တရုတ်နဲ့ သဘောတူ ချုပ်ဆိုထားတဲ့ စီမံကိန်းအားလုံးကို တာဝန်ယူဆက်ခံမယ်ဆိုတဲ့ အချက်နဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမယ် ဆိုတဲ့ အချက်အပေါ် ကိုတော့ ဝေဖန်မှုတချို့ရှိနေပါတယ်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမယ်လို့ NUG ပြောဆိုတဲ့အချက်ဟာ တရုတ်ရဲ့ ဖိနှိပ်မှုခံနေရတဲ့ ထိုင်ဝမ်နဲ့အတူ မရပ်တည်တာကြောင့် ဒီမိုကရေစီစံချိန်စံနှုန်းမူတွေ ကင်းမဲ့စေတယ်ဆိုတဲ့ ဝေဖန်မှုတွေက ထောက်ပြနေကြပါတယ်။

ဒီအချက်ဟာ စရိုက်လက္ခဏာအရ မှားတယ်လို့ ပြောလို့ရပေမယ့် ထိုင်ဝမ်နဲ့ သူ့ကို ကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်ဆီက အထောက်အပံ့ရဖို့ကလည်း သိပ်မဖြစ်နိုင်ဘူးလို့ တရုတ်အရေး သုတေသနပြုနေသူက ဆိုပါတယ်။

“ဒီကနေ့ ကျနော်တို့ တော်လှန်ရေးမှာ ထိုင်ဝမ်သာ အထောက်အပံ့ပေးမယ်ဆိုရင် ထိုင်ဝမ်ဘက်က ရပ်တည်တာမျိုးတွေ ရှိလာမှာ။ ထိုင်ဝမ်အနေနဲ့ မြန်မာပြည်တော်လှန်ရေးကို ထောက်ပံ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ထိုင်ဝမ်နောက်မှာ အမေရိကန်ရှိတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီစံနှုန်းကို ပြောဆိုနေတာ ရှိပေမယ့် အထောက်အပံ့ပေးတာမျိုး မရှိပါဘူး။ တော်လှန်ရေးရေရှည်သွားနိုင်ဖို့ ဘယ်သူတွေက ကျနော်တို့နောက်မှာရှိနေလဲ နီးစပ်ရာဓားကိုသာ ကျနော်တို့ သတိပြုဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါး လုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝင်မှုခင်းတွေကို ပူးပေါင်းတိုက်ဖျက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မည်သည့်အဖွဲ့အစည်းကိုမှ မြန်မာပိုင်နက်အတွင်း အခြေချခွင့် မပြုဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဖြစ်စေ၊ တော်လှန်ရေးအစိုးရနဲ့ဖြစ်စေ သူတို့ အကျိုးစီးပွားအတွက် မြေပြင်မှာ အုပ်ချုပ်ရေးအာဏာ ပိုရယူထားနိုင်တဲ့ အဖွဲ့နဲ့သာ စကားပြောမှာ ဖြစ်ပြီး NUG အနေနဲ့ မြေပြင်မှာ အုပ်ချုပ်ရေးအာဏာ မရှိထားဘူးဆိုရင် ဒီထုတ်ပြန်ချက်ကိုလည်း တရုတ်က အရေးစိုက်မှာ မဟုတ်ဘူးလို့ တရုတ်အရေး သုတေသနပြုနေသူ မင်းသိုက်ချမ်းက သုံးသပ်ပြောဆိုပါတယ်။

The Tanintharyi Times