အောက်တိုဘာလ ၂၉ ရက် မနက်ခင်းသတင်း

အောက်တိုဘာလ ၂၉ ရက် မနက်ခင်းသတင်း

ရေဖြူက စစ်ကောင်စီတပ်သားတွေ ညဘက်ပြန်ထွက်ချိန် တိုက်ခိုက်ခံရ

ရေဖြူမြို့နယ်မှာ နေအိမ်တွေမီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ရဲဘော်နဲ့ဒေသခံတွေကပြောပါတယ်။

အခုလ ၂၆ ရက်နေ့ည ၉ နာရီလောက်က ရန်ကုန်-ထားဝယ်ကားလမ်းမဘက်ကို မြေတင်ကားနှစ်စီးနဲ့ ကားမီးပိတ်ပြီး တိတ်တဆိတ်ပြန်ထွက်ခွာလာချိန် ထားဝယ်ရေနက်ဆိပ်ကမ်းလမ်းပေါ်မှာရှိတဲ့ ကမ်းတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်ပစ်ခတ်မှု နာရီဝက်အကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က မြေတင်ကားတစ်စီးပျက်စီးသွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ ရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကားနှစ်စီးတိုက်ခိုက်ခံရပြီးနောက် နဘုလယ်ဒေသထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတချို့ကလည်း ထိန်ကြီးရွာကတဆင့် ပုဂေါဇွန်းရွာဘက်ကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျက်စီးသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့ မြေတင်ကားကိုတော့ တိုက်ပွဲဖြစ်တဲ့နေရာကနေ နောက်တစ်နေ့မှာ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ အခုလ ၁၉ ရက်နေ့ကတည်းက ရေဖြူမြို့နယ်အနောက်ဖက်ကမ်းကိုဝင်ရောက်လာပြီး ကျေးရွာတွေမှာ နေအိမ်မီးရှို့တာနဲ့ အရပ်သားတွေကိုပစ်သတ်တာတွေပြုလုပ်ခဲ့ပါတယ်။


လောင်းလုံးမှာ NLD ပါတီဝင်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး အဖမ်းခံရ

‌‌လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးနဲ့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၄၄ နှစ်အရွယ် ဦးအောင်ကျော်စိုးနဲ့ အသက် ၁၈ နှစ်အရွယ် ရွာခံလူငယ် ကိုစိုင်းသီဟကျော်တို့ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကားနှစ်စီး မင်းရပ်ရွာအနီးကိုရောက်လာခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်သားအင်အားအများအပြားရွာထဲကို ခြေလျင်ဝင်ရောက်လာပြီးဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုအောင်ကျော်စိုးကို ဖမ်းဆီးပြီးနောက်သူရဲ့နေအိမ်ပေါ်မှာပဲ စစ်ကောင်စီတပ်သားတွေက ဝိုင်းပြီးရိုက်နှက် နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရွာထဲကို ဝင်ရောက်လာချိန်က အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးကိုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးအောင်ကျော်စိုးဟာ NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းရဲ့ ယာဥ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။


လောင်းလုံးမှာ တော်လှန်‌ရုပ်ရှင်ပြပွဲပြုလုပ်

လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ လူထုစည်းရုံးရေးအတွက် တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတစ်ခုကို  အောက်တိုဘာလ ၂၇ ရက်ညက ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင် ပြုလုပ်ခဲ့တာပါ။

တော်လှန်ရေးရုပ်ရှင်ပြသတာအပြင် တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့ပြီး သပိတ်မှောက်ဆန့်ကျင်ရမယ့် စစ်တပ်ပိုင် ကုန်ပစ္စည်း‌တွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြသခဲ့တယ်လို့ သိရပါတယ်။


The Tanintharyi Times