တနင်္သာရီတိုင်းထဲက လမ်းပိုင်းနှစ်ခုကို ညဘက်မဖြတ်သန်းဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး
တနင်္သာရီတိုင်းထဲက လမ်းပိုင်းနှစ်ခုကို ညဘက်မဖြတ်သန်းဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး
တနင်္သာရီတိုင်းထဲမှာ တနင်္သာရီ-ကော့သောင်းလမ်းပိုင်းနဲ့ ရန်ကုန်-ထားဝယ်လမ်းပိုင်းကို ည ၆ နာရီကနေ မနက် ၆ နာရီအချိန်အတွင်း မသွားလာဖို့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
တနင်္သာရီ-ကော့သောင်းလမ်းပိုင်းမှာရှိတဲ့ ဘုတ်ပြင်းမြို့နယ်ထဲက မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေတာမို့ အဲဒီလမ်းပိုင်းတလျှောက် ညဘက်အသုံးပြုသွားလာတာမျိုးမလုပ်ဖို့ KTLA-tcjf က ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။
“ကျနော်တို့ နယ်မြေစိုးမိုးထားတာကို ပြည်သူတွေကိုသိစေချင်ပါတယ်။ အရင်ကဆို ကော့သောင်းလမ်းပိုင်းတွေက ဒီလိုမျိုးစစ်ဆေးတာတွေမရှိခဲ့ဘူးလေနော်။ ပြီးတော့ ဖြစ်လာမဲ့စစ်ရေးအခြေအနေတွေအတွက်လည်း ကြိုတင်ပြင်ဆင်တဲ့သဘောပါ။” လို့ KTLA-tcjf အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။
နေ့ဘက်ဖြတ်သန်းသွားလာတဲ့ ကားတွေအနေနဲ့လည်း ကားမှန်တွေနဲ့ အမိုးအကာတွေကိုဖွင့်လှစ်မောင်းနှင်ပေးကြဖို့၊ ပါဝါအိတ်ဇေတပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေအနေနဲ့ ရပ်ရွာအတွင်းဆူညံစွာမောင်းနှင်ခြင်းမလုပ်ဖို့၊ ထုတ်ပြန်ချက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဘက်က စစ်ဆေးလာရင် ပူးပေါင်းပါဝင်ပေးဖို့ကို ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။
ဒီအသိပေးကြေညာချက်နဲ့ပတ်သက်လို့ ဒေသတွင်းပရဟိတအဖွဲ့ဝင်တစ်ဦးက “အဲဒီစည်းကမ်းတွေထုတ်တယ်ဆိုရင်တောင်မှလူနာတင်ကားတွေအတွက် နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်။” လို့ သူ့ရဲ့အမြင်ကိုပြောပါတယ်။
ညဘက်အရေးပေါ်ပို့ပေးရမယ့်လူနာတွေအတွက် လမ်းအသုံးပြုခွင့်မရရင် လူနာရဲ့အသက်အန္တရာယ်ရှိနိုင်တယ်လို့ ပရဟိတအဖွဲ့ဝင်က ပြောပါတယ်။
ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းကို ညဘက်အသုံးမပြုဖို့ကိုတော့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)၊ ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့(DDT)တို့က လွန်ခဲ့တဲ့တစ်ပတ်လောက်က အသိပေးထားပါတယ်။
သူတို့ရဲ့အသိပေးချက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားတွေနဲ့ အနီးကပ်မောင်းနှင်တာမျိုး တတ်နိုင်သမျှရှောင်ကျဥ်ပေးဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုတွေကို ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း အဓိက သတိပေးထားပါတယ်။
အခုထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်တွေဟာ နောက်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ချက်မထုတ်ပြန်ခင်အချိန်ထိ အကြုံးဝင်ပြီး ထုတ်ပြန်ချက်တွေကို အထူးအလေးထားလိုက်နာပေးဖို့ကိုလည်း သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်တွေဘက်ကလည်း အခုစက်တင်ဘာလအတွင်း ကော့သောင်းမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ရေဖြူမြို့နယ်တွေမှာ စစ်ကြောင်းထိုးတာတွေ တောက်လျှောက်လုပ်ဆောင်နေပါတယ်။
The Tanintharyi Times
