မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့ ထိုင်းနဲ့ စစ်ကောင်စီ ဆွေး‌နွေး

မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့ ထိုင်းနဲ့ စစ်ကောင်စီ ဆွေး‌နွေး

ဓာတ်ပုံ - စစ်ကောင်စီသတင်းစဉ်

နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းဖို့ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဌတို့ မနေ့က တွေ့ဆုံဆွေး‌နွေးခဲ့ပါတယ်။

နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့ အဲ့ဒီတွေ့ဆုံမှုမှာ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpenနဲ့အတူ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda တို့ တက်ရောက်ခဲ့ကြတာကို စစ်ကောင်စီသတင်းတွေအရ တွေ့ရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် ဆောင်ရွက်သွားမယ့် အခြေအနေတွေအပါအဝင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီသတင်းက ဖော်ပြထားပါတယ်။

အဲ့ဒီဆွေး‌နွေးမှုမှာ နယ်စပ်ဒေသအရေးနဲ့ ပတ်သက်ပြီး မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေ နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်မယ့်ကိစ္စကို ထည့်သွင်းပြောခဲ့သလို နယ်စပ်ကုန်သွယ်ရေးလုံခြုံချောမွေ့ဖို့လည်း ဆွေး‌နွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါဟာ ရှမ်းမြောက်က အွန်လိုင်းငွေလိမ်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ဖိအားပေးခံရပြီးနောက်မှာ စစ်ကောင်စီဟာ ထိုင်းနယ်စပ်က ငွေလိမ်လုပ်ငန်းတွေကိုပါ နှိမ်နင်းဖို့ စီစဥ်နေတဲ့အကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

ထိုင်းနဲ့ တွဲဖက်နှိမ်နင်းဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ မြဝတီမြို့က ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတာလို့ အဲ့ဒီလုပ်ငန်းတွေမှာ ပိတ်လှောင်ခံရပြီး အတင်းအဓမ္မအလုပ်ခိုင်းခံခဲ့ရတဲ့ သူတွေက သတင်းမီဒီယာတွေက တဆင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ထုတ်ဖော်ပြောဆိုနေခဲ့ကြတာပါ။

အဲ့ဒီမှာ ရှိတဲ့ ငွေလိမ်ဂိုဏ်းတွေလုပ်နေတဲ့ ကျားဖျန့်လုပ်ငန်းတွေကလည်း ရှမ်းမြောက်မှာ ရှိနေတဲ့ လုပ်ငန်းတွေနဲ့ အလားတူဖြစ်ပြီး မြဝတီမြို့က ရွှေကုက္ကိုမြို့သစ်မှာ လုပ်ငန်းပေါင်း ရာချီပြီး ရှိနေတာလို့ ဆိုပါတယ်။

ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အများစုရှိနေတဲ့ ရွှေကုက္ကိုအထူးစီးပွားရေးဇုန် ဖော်ဆောင်သူတွေဖြစ်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူဦးဆောင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏီက ဒါရိုက်တာစောမင်းမင်းဦး၊ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ရှီဇီကျန်းတို့ကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက အခုလ ၈ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် အရင်က ခံယူခဲ့ဖူးတဲ့ ရှီဇီကျန်းဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာကတည်းက လူကုန်ကူးမှု၊ အွန်လိုင်းကနေ ငွေလိမ်မှုတွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံထားရတာပါ။

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ပေါ်ပေါက်လာတာဖြစ်ပြီး အဲ့ဒီလုပ်ငန်းတွေက နှစ်စဉ် ဝင်ငွေ ကန်ဒေါ်လာဘီလီယံချီပြီး ရနေတာလို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

The Tanintharyi Times