တအာင်းဒေသမှာ လာမဲ့နှစ်အတွင်း လူထုအုပ်ချုပ်ရေးအစိုးရ ပေါ်လာဖို့ ကြိုးပမ်းသွားမယ်လို့ PSLF/TNLA ပြော

တအာင်းဒေသမှာ လာမဲ့နှစ်အတွင်း လူထုအုပ်ချုပ်ရေးအစိုးရ ပေါ်လာဖို့ ကြိုးပမ်းသွားမယ်လို့ PSLF/TNLA ပြော

လာမဲ့နှစ် ၂၀၂၅ ခုနှစ်မှာ တအာင်းဒေသအတွင်း လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းတပ်မတော် PSLF/TNLA ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တအာင်းတပ်မတော် TNLA စစ်ဌာနချုပ်မှာ အခုလ ၁၇ ကနေ ၂၁ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ်မတော်က ထိန်းသိမ်းရရှိခဲ့တဲ့ မြို့ ၇ မြို့ အပါအဝင် TNLA အခြေစိုက်ထားတဲ့ နယ်မြေဒေသတွေမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးရေးကိစ္စတွေ ပိုပြီးတိုးတက်ကောင်းမွန်လာဖို့ ဦးဆောင်စီမံအုပ်ချုပ်သွားမှာ ဖြစ်ပြီး လူထုအုပ်ချုပ်ရေးအစိုးရပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားမယ်လို့ လည်း နှစ်ပတ်လည် အစည်းအဝေး ထုတ် ပြန်ချက်မှာ ပြောထားပါတယ်။

တအာင်းဒေသအတွင်းမှာ အခြားလူမျိုး အဖွဲ့အစည်းတွေက အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အခွန်ကောက်ခံတာ၊ မိမိတို့ရဲ့ လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာ မပြုနိုင်အောင် တအာင်းဒေသရှိ လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့အတူ လက်တွဲပြီး ပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အောင်မြင်ဖို့ ဦးဆောင်သွားမယ်လို့လည်း PSLF/TNLA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ အခြေအနေဖိအားပေါင်းစုံကြောင့် ရှမ်းပြည်မှာ အပစ်အခတ်ရပ်စဲခဲ့ရပေမယ့် ဒေသတွင်းပြည်သူတွေဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးကို ခံစားနေရပြီး မြန်မာပြည်အနှံ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခုချိန်ခါဟာ အာဏာရှင်စနစ်ဆိုးကနေ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ အားလုံးစုပေါင်းရုန်းကန်ရမယ့် အချိန်အခါလို့ အစည်းအဝေးကနေ ရှုမြင်သုံးသပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါ အစည်းအဝေးမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို သုံးသပ်တာ၊ ၁၀၂၇ စစ်ဆင်ရေးကို ဆွေးနွေးသုံးသပ်တာ၊ အဖွဲ့အစည်းရဲ့ တနှစ်တာ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်တာ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်တွေ၊ အရံဗဟိုကော်မတီဝင်တွေ၊ တပ်မှူးတွေ၊ လုပ်ငန်းဌာနမှူးတွေ၊ အရာရှိအရာခံတွေနဲ့ ပြည်သူ စုစုပေါင်း ၁၈၅ ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။