ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် ရဟတ်ယာဥ်နဲ့ ဗုံးထပ်ကြဲ

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် ရဟတ်ယာဥ်နဲ့ ဗုံးထပ်ကြဲ

ပုံစာ - အ​ရှေ့တောဒေသ၊ ဝကုန်းရွာတဝိုက်ကို မနေ့ကဗုံးကြဲခဲ့တဲ့ MI-2 ရဟတ်ယာဥ်ကို မြေပြင်ကတွေ့ရစဥ်။

ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုများနေတဲ့ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးထပ်ကြဲသွားတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။

ဒီနေ့မွန်းလွဲ ၂ နာရီခွဲလောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဝကုန်းရွာနဲ့ သင်္ကန်းတုံးရွာကြားကို MI-2 ရဟတ်ယာဥ်နဲ့ ဗုံးသီး ဆယ်လုံးကျော်ကြဲချသွားတာလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။

“ပေါက်ကွဲသံတွေတော်တော်ကို ကြမ်းတယ်။ အနီးကပ်ကြီးလိုပဲ။ လေယာဥ်ကိုတော့ သေးသေးလေးပဲမြင်လိုက်ရတယ်” လို့ အနီးအနားကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

မနေ့ကလည်း မွန်းလွဲပိုင်းနဲ့ညနေပိုင်းတွေမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ဝကုန်းရွာတဝိုက်ကို MI-2 ရဟတ်ယာဥ်နဲ့ နှစ်ကြိမ် ဗုံးသီးတွေလာရောက်ကြဲချခဲ့ပါသေးတယ်။

နှစ်ရက်အတွင်း စစ်ကောင်စီရဲ့လေကြောင်းကဗုံးကြဲမှုတွေကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ထားဝယ်-ထီးခီးလမ်းပိုင်းက သင်္ကန်းတုံးရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ စစ်ကား ၁၇ စီး၊ အင်အား ၃၀၀ ပါစစ်ကောင်စီယာဥ်တန်းနဲ့ တော်လှန်ရေးတပ်တွေ အခုလ ၁၇ ရက်နေ့ကစလို့ ဒီနေ့အထိ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာပါ။

မနေ့ကတိုက်ပွဲအတွင်းမှာတော့ ၁၇ စီးပါ စစ်ကောင်စီယာဥ်တန်းက ကား ၆ စီးထက်မနည်းပျက်စီးပြီး စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းသေဆုံးတာကို တော်လှန်ရေးရဲဘော်တွေရိုက်ကူးထားတဲ့ ရုပ်သံတွမှာမြင်ရပါတယ်။

ထားဝယ်အရှေ့တောကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

The Tanintharyi Times