KNU ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားနေရာတွေကို စစ်ကောင်စီတပ်က တစ်ရက်တည်း ၁၄ကြိမ် ဗုံးကြဲတိုက်ခိုက်
KNU ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားနေရာတွေကို စစ်ကောင်စီတပ်က တစ်ရက်တည်း ၁၄ကြိမ် ဗုံးကြဲတိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေအတွင်းက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ရက်နေ့ တစ်ရက်တည်းမှာတင် လေကြောင်းကနေ ၁၄ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၂ရက်နေ့က အဆိုပါဒေသက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်း ၃ခုကို KNLAပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးလိုက်ပြီးတဲ့နောက် စစ်ကောင်စီက အခုလို အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းကနေတိုက်ခိုက်လာတာလို့ ဆိုပါတယ်။
အခုလို လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွားပေါင်း (၁၃)ရွာ၊ အိမ်ထောင်စုပေါင်း ၁၈၅၇စုက လူဦးရေ ၈၃၁၅ ဦးနဲ့ ရွှေကျင် မြို့နယ် အတွင်းက ကျေးရွာပေါင်း ၁၂ ရွာ၊ အိမ်ထောင်စုပေါင်း ၁၆၄၉စုက လူဦးရေ ၁၅၃၅၆ ဦးတို့အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ကျောက်ကြီးမြို့နယ်အတွင်းက ဘောကထာကျေးရွာ၊ ကော်သာစေးကျေးရွာ၊ပဒဲကောကျေးရွာနဲ့ ရွှေကျင်မြို့နယ်အတွင်းက သံဆိပ်ကျေးရွာ၊ကျောက်တန်းကျေးရွာတွေကို လေကြောင်းကနေ ၁၄ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခုလို တစ်ရက်တည်း ၁၄ကြိမ်တိတိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့နေအိမ် ၃လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံ ၁လုံး၊ ပြည်သူ့ဆေးရုံ ၁လုံးထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးပိုင်ဆိုင်တဲ့ ရာဘာခြံ ၁၀ ဧကခန့်မှာလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အောပလားကျေးရွာသားတစ်ဦးပိုင်ဆိုင်တဲ့ ကား ၁စီးကို အတင်းအဓမ္မယူဆောင်သွားခဲ့ပြီး တရေစီလော်ရွာသားတစ်ဦးရဲ့ လယ်တဲ ၁လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သေးတယ်လို့ KNUက ဆိုပါတယ်။
KNU ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာကြောင့် KNUတပ်တွေနဲ့ နေ့စဉ်မပြတ် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူတွေ ကျေရွာတွေအတွင်း ပြန်လည်နေထိုင်လို့မရဘဲ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ KNUရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
The Tanintharyi Times
