မြောက်ကိုရီးယားအာဏာရှင်ဆီက ဝိုင်နှစ်ပုလင်းရလာခဲ့တဲ့ တောင်ကိုရီးယားစပိုင်
မြောက်ကိုရီးယားအာဏာရှင်ဆီက ဝိုင်နှစ်ပုလင်းရလာခဲ့တဲ့ တောင်ကိုရီးယားစပိုင်
(အက်ဆေး၊ခေတ်ပြိုင်ဘဝများ)
မြောက်ကိုရီးယားဆိုတာဟာ သီးခြားကမ္ဘာတစ်ခုလို့လူအများကသတ်မှတ်ကြပါတယ်။ ဒီနိုင်ငံဟာ ဖြေရှင်းရခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်၊ အဖြေရှာမတွေတဲ့ပဟေဠိတစ်ခုအဖြစ်၂၀ရာစုကနေ ၂၁ရာစု အထိရပ်တည်နေခဲ့တာပါ။ သွားလေ့လာချင်သူတွေအတွက်ခက်ခဲလှသလို အများစုကတော့ လည်ပတ်သင့်တဲ့နေရာအဖြစ်ထည့်သွင်းစဉ်းစားပုံမရပါဘူး။ ဒီအချက်တွေကပဲ ပတ်ချေဆောကို ထူးခြားတဲ့ သူလျှိုတစ်ဦးဖြစ်စေခဲ့တာပါ။
မစ္စတာပတ်ဟာ တောင်ကိုရီးယားကနေ မြောက်ကိုရီးယာကိုစေလွှတ်တဲ့ထိပ်တန်းစပိုင်တစ်ယောက် ဖြစ်ပါတယ်။ နျူကလီးယားအပါအဝင်မြောက်ကိုရီးယားရဲ့မဟာဗျူဟာမြောက်စီမံကိန်းတွေကို ထောက်လှမ်းဖို့တာဝန်ဖြစ်ပါတယ်။ သူရဲ့ ထောက်လှမ်းရေးအမည်ဝှက်ကတော့ Black Venus ပါ။
Black Venus ဟာ မြောက်ကိုရီးယားရဲ့အဆင့်မြင့်အရာရှိတွေရဲ့လောကထဲကို ထိုးဖေါက်ပြီးအာဏာရှင် ကင်မ်ဂျုံအီလ် (လက်ရှိခေါင်းဆောင်ကင်မ်ဂျုံအမ်ရဲ့အဖေ)နဲ့စကားပြောခွင့်ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
သူဟာဆိုးလ်မြို့တောင်ဘက်၊ ချုံဂျူးမြို့ကဖြစ်ပြီးလယ်သမားမျိုးရိုးဖြစ်ပါတယ်။တောင်ကိုရီးယား စစ်တပ်ထဲဝင်ပြီး ၁၉၉၀အစောပိုင်းမှာဗိုလ်မှူးအဆင့်ဖြစ်လာခဲ့ပါတယ်။ ၁၉၉၅မှာတော့ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ Agency for National Security Planning (ANSP) ကိုဝင်ခဲ့ပါတယ်။
သူက တောင်ကိုရီးယားက စီးပွားရေးသမားဟန်ဆောင်ပြီး မြောက်ကိုရီးယာကိုတဖြည်းဖြည်းစိမ့်ဝင်ခဲ့တာပါ။ ဘေကျင်းကမြောက်ကိုရီးယားအရာရှိအဆက်အနွယ်တွေကိုလည်း သူအယုံသွင်းနိုင်ခဲ့တယ်။ ငွေခင်းပြီးလာဘ်ထိုးသလို နာရီတွေလည်းလည်းလာဘ်ထိုးခဲ့တယ်လို့သူကပြန်ပြောပြပါတယ်။ မြောက်ကိုရီးယားထောက်လှမ်းရေးအကြီးအကဲတွေကို Rolex နာရီအတုတွေ သူလက်ဆောင်ပေးခဲ့ပါတယ်။
“သူလျှိုတစ်ယောက်အဖြစ်နေရတဲ့ဘဝဟာ အင်မတန်စိတ်ဖိစီးမှုများပါတယ်”လို့ မစ္စတာပတ်က အေအက်ဖ်ပီသတင်းဌာနကိုပြန်ပြောပါပါတယ်။ “ပါးစပ်ကတစ်ခုခုချွတ်ချော်သွားတာနဲ့ အကုန်ပေါ်သွားနိုင်တယ်”
ကိုရီးယားသွေးပါတဲ့တရုတ်နျူကလီးယားပညာရှင်တစ်ဦးကို ဒေါ်လာတစ်သန်းလာဘ်ထိုးပြီးမြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်အသေးစားနှစ်ခုရှိနေပြီဆိုတာကို သူဖော်ထုတ်နိုင်ခဲ့တယ်။ လက်ရှိ အာဏာရှင်ကင်မ်ဂျုံအမ်ရဲ့ဦးလေး ဂျန်ဆောင်းသက်ရဲ့သားက တရုတ်နိုင်ငံမှာအကျဉ်းကျနေတာကို သူဒေါ်လာ ၁၆၀,၀၀၀ လာဘ်ပေးပြီး ကယ်ထုတ်လိုက်တဲ့အခါမှာတော့မစ္စတာပတ်ဟာ မြောက်ကိုရီးယားမှာ အတော်တွင်ကျယ်သွားပါပြီ။ (၂၀၁၃ခုနှစ်မှာတော့ ကင်ဂျုံအမ်ဟာသူ့ဦးလေးဂျန်ဆောင်းသက်ကို သေဒဏ်စီရင်ခဲ့ပါတယ်)
၁၉၉၇ခုနှစ်မှာ ခေါင်းဆောင်ကြီးကင်မ်ဂျုံအီလ်ကိုမစ္စတာပတ်တွေ့ခွင့်ရတာဟာ စုစုပေါင်း ၃၅ မိနစ် ကြာမြင့်ပါတယ်။ ရုပ်ရှင်ရူးတဲ့ကင်ဂျုံအီလ်ကို မစ္စတာပတ်က ရုပ်ရှင်လုပ်ငန်းလည်းလုပ်ကိုင်တဲ့စီးပွားရေးသမားအဖြစ်အယုံသွင်းပြီးတွေ့ခွင့်ရခဲ့တာပါ။ အဲဒီအချိန်ကမြောက်ကိုရီးယားပြည်သူတွေတောင် သူတို့ခေါင်းဆောင်ရဲ့အသံကိုကောင်းကောင်းမကြားဖူးကြသေးပါဘူး။ မစ္စတာပတ်ကတော့ ကင်ဂျုံအီလ်ဟာ စကားပြောကောင်းသူလို့ဆိုပါတယ်။ စကားကို ကရားရေလွှတ်သလိုပြောနိုင်ပြီး စကားလုံးတစ်လုံးကို နှစ်ကြိမ်ပြန်ပြောတာလုံးဝမရှိဘူးလို့ဆိုပါတယ်။
အံ့ဩစရာကတော့ ခေါင်းဆောင်ကြီးက သူ့ကိုအရက်ခွက်ချင်းတိုက်ပြီးဆုတောင်းကြဖို့ပြောတဲ့အခါမှာ အမေကိုအရက်မသောက်ပါဘူးလို့ကတိပေးထားလို့ မသောက်ပါရစေနဲ့လို့သူကငြင်းဆိုခဲ့တာပါ။ ကိုရီးယားနှစ်နိုင်ငံပြန်းပေါင်းစည်းမှ သူသောက်မှာလို့မစ္စတာပတ်က နောက်ပိုင်းမှာပြန်ပြောပြပါတယ်။
လူချင်းခွဲတဲ့အခါ ကင်ဂျုံအီလ်က သူ့ကိုဘလူးဘယ်ရီဝိုင်တစ်ပုလင်းလက်ဆောင်ပေးပါတယ်။ သူက “ဥက္ကဌကြီးခင်ဗျား ကျွန်တော်တို့ကိုရီးယားတွေက တစ်ခုထဲဆိုရင်နည်းတယ်လို့ပြောလေ့ရှိတယ် မဟုတ်ပါလား” ဆိုပြီးနောက်တစ်ပုလင်းထပ်တောင်းခဲ့ပါတယ်။
တောင်ကိုရီးယားစပိုင်လောကမှာတော့ မစ္စတာပတ်ဟာအတော်ပေါက်သွားပါပြီ။ သူ့လောက် ဘယ်စပိုင်မှမအောင်မြင်ခဲ့ပါဘူး။ မစ္စတာပတ်ကိုယ်တိုင်လည်း ဒီနေရာအထိထိုးဖေါက်ဖို့အတွက် အန္တရာယ်ကြီးမားတဲ့အဆင့်ဆင့်ကိုဖြတ်သန်းခဲ့ရတာပါ။
တခါက မြောက်ကိုရီးယားအရာရှိတစ်ယောက်က သူ့ခေါင်းကိုသေနတ်နဲ့ချိန်ခဲ့ပါတယ်။ မြောက်ကိုရီးယား အမျိုးသမီးတစ်ယောက်နဲ့ကလေးရအောင်အိပ်ပြီး ပြုံယမ်းမှာပဲနေဖို့ဆိုတဲ့တိုက်တွန်းမှုကို သူငြင်းခဲ့လို့ ဖြစ်ပါတယ်။
“မြောက်ကိုရီးယားကိုသွားရတိုင်း ကိုယ့်ကိုကိုယ်ကြိုးတန်းလမ်းလျှောက်နေရတယ်ဆိုတာသိတယ်”လို့ မစ္စတာပတ်ကပြန်ပြောပါတယ်။ “လေယာဉ်ကပြုံယမ်းကနေပြန်တက်သွားမှအသက်ရှူနိုင်တယ်၊ ဒီတစ်ခေါက်တော့ အသက်ရှင်နေသေးတယ်လို့”
ဒါပေမယ့်တောင်ကိုရီးယားမှာလည်း မြောက်ကစပိုင်တွေက စောင့်ကြည့်နေခဲ့တာပါ။ တစ်ခါကတော့ မြောက်ကိုရီးယားအရာရှိတစ်ယောက်က သူ့ကိုဓါတ်ပုံနှစ်ပုံပြတယ်။ တစ်ပုံကခြံထဲမှာအလုပ်လုပ်နေတဲ့ သူ့ဇနီးရဲ့ပုံဖြစ်ပြီး နောက်တစ်ပုံကတော့သူ့သမီးနှစ်ယောက်ကျောင်းသွားနေကြတဲ့ပုံပါ။ အဓိပ္ပါယ်ကတော့တစ်ခုခုလုပ်ရင်မိသားစုကိုအလွယ်တကူရှင်းပစ်လို့ရတယ်ဆိုတာကို ခြောက်လှန့်တာပါပဲ။
မစ္စတာပတ်က မြောက်ကိုရီးယားသူလျှိုတွေလို အဖမ်းခံရရင်ကိုယ့်ကိုကိုယ်သတ်သေဖို့အဆိပ်ကိုဆောင်မထားပါဘူး။ တစ်ခုခုဖြစ်ရင်ကိုယ့်လက်ချောင်းကိုသုံးပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်နည်းကို သင်ပေးထားတယ်လို့ဆိုပါတယ်။
ပြဿနာကတော့ တောင်ကိုရီးယားရဲ့ ၁၉၉၇ ခုနှစ် သမ္မတရွေးကောက်ပွဲပဲဖြစ်ပါတယ်။ မြောက်က ခေါင်းဆောင်ကြီးကင်မ်ဂျုံအီလ်က တောင်ရဲ့အတိုက်အခံခေါင်းဆောင်ကင်မ်ဒေးဂျုံကိုသမ္မတမဖြစ်စေချင်ပါဘူး။ ကင်မ်ဒေးဂျုံလောက်အတွေ့အကြုံနဲ့အရည်အချင်းမရှိတဲ့ကွန်ဆာဗေးတစ် တစ်ယောက်ကို နိုင်စေချင်တာပါ။ ဒီစစ်ဆင်ရေးမှာကူညီဖို့ မစ္စတာပတ်ကိုတာဝန်ပေးတာပါ။
မစ္စတာပတ်အလုပ်လုပ်ပေးနေတဲ့ တောင်ကိုရီးယာထောက်လှမ်းရေးကလည်း ကင်မ်ဒေးဂျုံကို မနိုင်စေချင်ပါဘူး။ တကယ်တော့သူတို့ကိုယ်တိုင်တစ်ချိန်က ကင်မ်ဒေးဂျုံကိုလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ ပြဿနာကတော့ မစ္စတာပတ်က ကင်မ်ဒေးဂျုံဟာပြည်သူတွေအတွက်အသင့်တော်ဆုံး ခေါင်းဆောင်လို့ ခံယူထားတာဖြစ်ပါတယ်။
မစ္စတာပတ်က ကင်မ်ဒေးဂျုံးရဲ့အတွင်းစည်းလူတွေကို သူတို့ခေါင်းဆောင်ကိုစောင့်ရှောက်ကြဖို့သတိလှမ်းပေးပြီး၊ မြောက်ကအဖွဲ့ကိုတော့ ကင်မ်ဒေးဂျုံနိုင်ရင်လည်းပူစရာမရှိကြောင်းဖျောင်းဖျရပါတယ်။ နောက်ဆုံးတော့ကင်မ်ဒေးဂျုံနိုင်ပြီး သမ္မတဖြစ်သွားပါတယ်။ တောင်ကိုရီးယာထောက်လှမ်းရေး ခေါင်းဆောင်တွေ ထောင်နန်းစံရပါတော့တယ်။ ထောက်လှမ်းရေးဖိုင်တွဲတွေစစ်ဆေးရင်းနဲ့ Black Venus ဆိုတဲ့သူတို့သူလျှိုတစ်ယောက်ဟာ မြောက်ကခေါင်းဆောင်ကြီးနဲ့ပါတွေ့ခွင့်ရခဲ့တယ်ဆိုတာဟာ မီဒီယာအထိပေါက်သွားခဲ့ပါတယ်။ Black Venus ဘယ်သူဆိုတာလည်းပေါက်ကြားသွားခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကမစ္စတာပတ်ကို ဆုကြေးဒေါ်လာ ၂၂၄,၀၀၀ ပေးပြီးအနားပေးလိုက်ပါတော့တယ်။ ကင်မ်ဒေးဂျုံကိုကယ်ခဲ့ရလို့ မစ္စတာပတ်နောင်တမရခဲ့ပါဘူး။
သူကထောက်လှမ်းရေးကအနားယူပြီးနောက်ပိုင်းမှာမြောက်ကိုရီးယားကမိတ်ဆွေရင်းတစ်ယောက်နဲ့ စီးပွားရေးလုပ်ခဲ့ပါတယ်။ ဒီတစ်ခါတော့ဟန်ဆောင်တာမဟုတ်တော့ပါဘူး။ အလုပ်ကိုတကယ်လုပ်ကြတာပါ။ ၂၀၀၅ ခုနှစ်မှာ Samsung အတွက်ဆဲလ်ဖုန်းကြော်ငြာတစ်ခုကို မြောက်ကမိတ်ဆွေနဲ့အတူပေါင်းပြီး တရုတ်ပြည် ရှန်ဟိုင်းမှာရိုက်ကူးခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ကွန်ဆာဗေးတစ်တွေ အာဏာရလာတဲ့နောက်ပိုင်းမှာတော့ တစ်ချိန်ကသူအလုပ်လုပ်ပေးခဲ့တဲ့တောင်ကိုရီးယားထောက်လှမ်းရေးက သူ့ကိုမြောက်နဲ့တရားမဝင်ဆက်သွယ်မှုနဲ့ ထောင်၆နှစ်ချလိုက်တော့တာပါပဲ။ မြောက်ကိုရီးယားလက်က လွတ်မြောက်ခဲ့တဲ့ မစ္စတာပတ်ဟာ သူမထင်ထားတဲ့ အငြိုးဒဏ်ကိုခံလိုက်ရပါတယ်။ ရုပ်ရှင်ထဲကလိုပဲ နောက်ဆုံးတော့သူ့အဖွဲ့ကသူ့ကိုပြန်စီရင်ခဲ့တာပါ။
သူ့အကြောင်းကိုပြန်ရိုက်တဲ့ The Spy Gone North ဆိုတဲ့ရုပ်ရှင်က၂၀၁၈မှာထွက်ခဲ့ပါတယ်။ ၂၀၁၆ မှာသူထောင်ကပြန်လွတ်လာပါတယ်။ မြောက်က မိတ်ဆွေတွေကိုတော့ သူမဆက်သွယ်တော့ပါဘူး။ ဒါပေမယ့်မြောက်ကလူတွေ သူ့ကိုတစ်နေ့ဆက်သွယ်လာမယ်လို့တော့ သူကထင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မြောက်ကလူတွေရဲ့ပိုက်ဆံတွေကိုသူကနိုင်ငံပြင်ပမှာဖွက်ထားပေးခဲ့လို့ပါပဲ။
“အဲဒီပိုက်ဆံတွေပြန်ရဖို့ သူတို့ကျွန်တော့်အကူအညီလိုတယ်”လို့မစ္စတာပတ်ကပြောပါတယ်။
သူ
(The New York Times က The Wily Spy Who Risked His Life to Meet North Korea’s Secretive Leader နဲ့ The Strait Times က Black Venus: The South Korean Spy Who Met Late North Korean Leader Kim Jong Il ကသတင်းအချက်အလက်များကိုအခြေခံပြီးရေးသားပါတယ်)
The Tanintharyi Times
