စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကျောက်တင်ကားတွေ နာရီပိုင်းအတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကျောက်တင်ကားတွေ နာရီပိုင်းအတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရ

ပုံစာ - မိုင်းဆွဲခံရလို့ မီးလောင်နေတဲ့ ကျောက်တင်ကား။

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကျောက်တင်ကားသုံးစီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့ကမနက် ၈ နာရီခွဲအချိန်မှာ ပုလောမြို့အခြေစိုက် ခလရ(၂၈၅)တပ်ရင်းကနေ ပလောက်မြို့ဘက်ကို ထွက်ခွာလာတဲ့ ကျောက်တင်ကား ၃ စီးကို နန်းပရုပ်ရွာ(၇ မိုင်)အနီးမှာ ခြုံခိုပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေရှိခဲ့ပြီး အဲဒီတပ်သားတွေနဲ့အတူ ပုလောမြို့ဘက်ကို ယာဉ်တန်းပြန်ဆုတ်ချိန် နာရီဝက်အကြာ သစ်လှတောကျေးရွာအနီးမှာ မိုင်းနှစ်လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနှစ်ခုစလုံးမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိနိုင် ကျောက်တင်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အပေါ်စီးကနေ အပိုင်ပစ်လိုက်ရတယ်။ ဒဏ်ရာရတဲ့လူတွေသယ်ပြီး ပုလော ပြန်ဆင်းဖို့လုပ်တော့ သစ်လှတောနား ထပ်စောင့်ပြီး မိုင်းထပ်‌ဆွဲတာ။ မိုင်းက ၂ လုံး။ ဘယ်ညာညှပ်ခွဲတာ” လို့ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။

ဒီယာဉ်တန်းဟာ လူကြီးလမ်းကြောင်းအတွက် လုံခြုံရေးယူပေးတဲ့ယာဉ်ကြောင်းလို့သိထားရပြီး အပေါ်စီးကနေ ပစ်လိုက်ရတဲ့အတွက် ဒဏ်ရာရစစ်ကောင်စီတပ်သားအရေအတွက်ကိုလည်း မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ ကိုအာနိုးက ဆက်ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဟာ လမ်းမှာတွေ့တဲ့ အရပ်သားကားတစ်စီးကို ခြိမ်းခြောက် ရပ်တန့်စေခဲ့ပြီး ကားပေါ်ပါလာသူတွေကို ရိုက်နှက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်ကားကို ယူသွားခဲ့ပြီး ကားပေါ်မှာပါလာတဲ့ ပြည်သူတွေကိုတော့ လမ်းမှာ ချန်ထားရစ်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးအပတ်ကလည်း ပုလောမြို့နယ်က တိုတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

The Tanintharyi Times