နိုင်ငံတကာရာဇ၀တ်တရားရုံး ICC ဖမ်းဝရမ်း နဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ
နိုင်ငံတကာရာဇ၀တ်တရားရုံး ICC ဖမ်းဝရမ်း နဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ICC က ဖမ်းဝရမ်းထုတ်ပြီးနောက် မနီလာမြို့မှာ ဖမ်းဆီးလိုက်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတရုံးကထုတ်ပြန်ပါတယ်။
ရိုဒရီဂို ဒူတာတေး ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီစဉ်အကြောင်းပြပြီး လူပေါင်း သုံးသောင်းလောက် သတ်ဖြတ်ခဲ့တာကြောင့် နိုင်ငံတကာရာဇ၀တ်တရားရုံး ICC က ဝရမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဟောင်ကောင် ကနေပြန်လာတဲ့ ဒူတာတေးကို မနီလာလေဆိပ်မှာအင်္ဂါနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
“ ICC ရဲ့ ဖမ်းဝရမ်းမိတ္တူကို ဒီကနေ့ မနက်ပိုင်းမှာ ရရှိခဲ့ပြီး မနီလာ အခြေစိုက် အင်တာပိုလ် ကချက်ချင်း ဖမ်းဆီးခဲ့တာပါ” ဖိလစ်ပိုင် သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လတ်တလော မှာတော့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအာဏာပိုင်တွေရဲ့ ချုပ်နှောင်မှုအောက်မှာ ရှိနေတယ်လို့ဆိုပါတယ်။
ICC က ဖမ်းဝရမ်း ထုတ်ပြန်မယ်လို့ ကြေညာအပြီးမှာပဲ ရိုဒရီဂို ဒူတာတေးက “ဒါဟာ ငါ့ဘဝရဲ့ကံကြမ္မာတကယ်ဖြစ်ရင် ငါလက်ခံမှာပါ။ ငါတို့ဘာမှလုပ်လို့မရဘူး။”လို့ မီဒီယာတွေကိုပြောကြား ခဲ့ပါတယ်။
ရိုဒရီဂို ဒူတာတေးဟာ ၂၀၁၆ က သမ္မတမဲဆွယ်ပွဲတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်မယ် လို့ မဲဆွယ်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူတွေကို မနီလာပင်လယ်အော် ငါးစား ကျွေးပစ်မယ်လို့ ပြောဆိုခဲ့သူပါ။
ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ အပြစ်မဲ့ အရပ်သား ၁၂,၀၀၀ မှ ၃၀,၀၀၀ ကြား အသတ်ခံခဲ့ရတယ်လို့ ICC ရဲ့ အချက်အလက်တွေအရသိရပါတယ်။
သေဆုံးသူအများစု ဟာ ဆင်းရဲနွမ်းပါးတဲ့ မြို့ပြဒေသ က အမျိုးသားတွေဖြစ်ပြီး ရဲတပ်ဖွဲ့ က လမ်းမတွေပေါ်မှာပဲ အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ ICC ကဆိုပါတယ်။
ICC ရဲ့ ဖမ်းဝရမ်းထဲမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၆ ဇွန်လအတွင်း မူးယစ်တိုက်ဖျက်ရေး ရည်ရွယ်တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ပါဝင်ပြီး ဒါဗာအိုမြို့တော်ဝန် လုပ်ခဲ့စဉ်က အလားတူ မူးယစ်နှိမ်နင်းမှုတွေနဲ့ ဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
ကိုးကား – ဂါးဒီးယန်း
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times