ဇန်နဝါရီလအတွင်း မူးယစ်ဆေး သုံးစွဲသူနဲ့ ရောင်းဝယ်သူ ၁၅၀ နီးပါး TNLA ဖမ်းဆီး

ဇန်နဝါရီလအတွင်း မူးယစ်ဆေး သုံးစွဲသူနဲ့ ရောင်းဝယ်သူ ၁၅၀ နီးပါး TNLA ဖမ်းဆီး


 တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အုပ်ချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူ စုစုပေါင်း ၁၅၀ နီးပါးကို ဖမ်းမိခဲ့တယ်လို့  TNLA က ထုတ်ပြန်ပါတယ်။


 ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA အုပ်ချုပ်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း ခရိုင် (၅) ခရိုင်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၁၂၆ ဦး၊ ရောင်းဝယ်သူ ၁၃ ဦးတို့ကို TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
 
ဇန်နဝါရီတစ်လတာအတွင်း ကျောက်မဲခရိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၃၈ ဦး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနဲ့အတူ ယာမ မူးယစ်ဆေး ၁၂၇၆ ထုပ်ကို TNLA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
 
မိုးကုတ်ခရိုင်မှာလည်း မူးယစ်ဆေး သုံးစွဲသူ ၁၁ ဦး၊ ရောင်းဝယ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သလို ကွတ်ခိုင်ခရိုင်မှာ သုံးစွဲသူ ၁၅ ဦး၊ ရောင်းဝယ်သူ ၁ ဦးကို အရေးယူခဲ့ပါတယ်။
 
ဒါ့အပြင် နမ့်ဆန်မှာ မူးယစ်ဆေးသုံးစွဲသူ ၈ ဦးနဲ့ နမ့်ခမ်းမှာ သုံးစွဲသူ ၅၄ ဦး၊ မူးယစ်ဆေး ရောင်းသူ ၆ ဦးတို့ကို TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
 
ဖမ်းဆီးရမိသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ခဲ့တာ ရှိသလို ပြစ်မှုကြီးသူတွေကိုတော့ ထောင်အတွင်း ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
 
TNLA အုပ်ချုပ်ဒေသ ခရိုင် ၅ ခရိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၁၉၂၃ ဦးကို TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times