အာဏာရှင်ရေ ပြေးနိုင်သလောက်သာ ပြေးပေတော့

အာဏာရှင်ရေ ပြေးနိုင်သလောက်သာ ပြေးပေတော့

အာဏာရှင်ဆိုတာ ရေရှည်မှာ မတည်မြဲကြောင်းကို နောက်ထပ်ဖြစ်ရပ်တစ်ခုကသက်သေပြလိုက်ပါပြီ။ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဆီးရီးယားအာဏာရှင် အာဆဒ်ဟာ သူ့တိုင်းပြည်ကနေ ထွက်ပြေး သွားခဲ့ပါပြီ။

အပစ်မဲ့အရပ်သားပြည်သူတွေကို ဗုံးကြဲ၊ နိုင်ငံအတွင်းကို သတင်းလာယူတဲ့ နိုင်ငံတကာက သတင်းစာဆရာတွေကို လုပ်ကြံ၊ ပြည်ပကအာဏာရှင်လူဆိုးတွေရဲ့အကူအညီနဲ့ တိုင်းပြည်ကို ပြာပုံဘဝရောက်သွားအောင်လေတပ်နဲ့အစွမ်းပြခဲ့တဲ့ ဘာရှာအယ်လ်အာဆဒ်ဟာ အခုတော့ လေယာဉ်တစ်စီးကိုစီးပြီးတော့ ဘယ်ကိုမှန်းမသိတဲ့ အရပ်ဒေသတစ်ခုကို ထွက်ပြေးသွားပါပြီ။

ဒီခေတ်မှာ လွတ်အောင်ပြေးနိုင်ဖို့ဆိုတာတော့ သိပ်မလွယ်ကူလှပါဘူး။ ဆီးရီးယားပြည်တွင်းစစ် စတင်တဲ့ ၂၀၁၁ ကနေ ၂၀၂၂ အထိ သေဆုံးတဲ့ အရပ်သားအရေအတွက်

ဟာ ၆သိန်းနီးနီး ရှိပါတယ်။ လူတစ်သိန်းခွဲ လောက်ကတော့ ဘာဖြစ်သွားမှန်းတောင် မသိဘဲ ပျောက်ဆုံးသွားခဲ့ရပါတယ်။ နိုင်ငံပြင်ပကိုထွက်ပြေး သွားကြရတဲ့ အရေအတွက်က ၇.၂သန်း ရှိပါတယ်။ ‘ကမ္ဘာပေါ်မှာအကြီးမားဆုံး ဒုက္ခသည်ပြဿနာ’လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဆိုပါတယ်။ ဒီလိုမကောင်းမှုတွေကိုကျူးလွန်ခဲ့သူတစ်ယောက်အတွက် ထွက်ပြေးပုန်းအောင်းတာဟာသိပ်လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။

▫️အာဆဒ်ဆိုတာ ဘယ်သူလဲ

ဘာရှာအယ်လ်အာဆဒ်ဟာ ဆီးရီးယားကို ၁၉၇၁ကနေ၂၀၀၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟာဖက်ဇ် အယ်လ် အာဆဒ်ရဲ့ ဒုတိယမြောက်သား ဖြစ်ပါတယ်။ သူတို့ဟာအာရပ်မျိုးနွယ်စုတစ်မျိုးဖြစ်တဲ့ ‘အလာဝိုက်’ မျိုးနွယ်တွေဖြစ်ပါတယ်။

ငယ်စဉ်ကတော့အာဆဒ်ဟာ တိတ်ဆိတ်သူ၊နိုင်ငံရေးကို စိတ်မဝင်စားသူအဖြစ် လူတွေက ရှုမြင်ကြ ပါတယ်။ ၁၉၈၈မှာ ဆေးကျောင်းကဘွဲ့ရလာပြီး ဆရာဝန်လုပ်ပါတယ်။ နောက်၄နှစ် အကြာမှာတော့ အင်ဂလန်မှာ မာစတာဆက်တက်ပြီး မျက်စိအထူးကုဆရာဝန် ဖြစ်လာပါတယ်။

အဲဒီအချိန်အထိတော့ သူ့အဖေ ဟာဖက်ဇ်အယ်လ် အာဆဒ်က သူ့ရာထူးကို ဆက်ခံဖို့အတွက် လျာထားသူကတော့ အကိုကြီး ဘက်ဆယ်လ် အာဆဒ်ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၄ခုနှစ်မှာ ဘက်ဆယ်လ်ဟာ ကားတိုက်မှုတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။

သားကြီးသေဆုံးသွားတာနဲ့ အဖေက အာဆဒ်ကိုပြန်ခေါ်ပြီး အမွေဆက်ခံဖို့အတွက် ဝါဒဖြန့်ချိရေးတပ်ဖွဲ့ တွေနဲ့ မှိုင်းတိုက်ကြပါတော့တယ်။ ၂၀၀၀ခုနှစ်မှာ သမ္မတ ဟာဖက်ဇ် အယ်လ် အာဆဒ်ကွယ်လွန်တော့ သူ့နေရာကို အာဆဒ်ခံယူနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြန်ပြင်ရေးခဲ့ကြရပါတယ်။ သမ္မတတာဝန်ထမ်းမယ့်သူ့ရဲ့အသက်ကို ၄၀ ကနေ ၃၄နှစ် လျှော့ချပေးခဲ့ကြတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်က အာဆဒ်ရဲ့အသက်က ၃၄နှစ် ဖြစ်နေလို့ပါပဲ။ ပဲခူးရေကြီးပြီဆိုပါတော့၊ခွေးတွေ အိမ်ခေါင်မိုးပေါ် ရောက်ပါပြီ။

၂၀၀၀ခုနှစ်မှာ အာဆဒ်ဟာ ဗြိတိသျှနိုင်ငံသူ ဆီးရီးယားနွယ်ဖွား လန်ဒန်မြို့သူ အက်စ်မာ အက်ခရစ်နဲ့ လက်ထပ်ခဲ့ပါတယ်။ အနောက်တိုင်းနိုင်ငံတွေက နိုင်ငံရေးသမားတချို့ကလည်း လူငယ်ပညာတတ်စုံတွဲနှစ်

ယောက်ရဲ့လက်ထက်မှာ ဆီးရီးယားဟာလမ်းကြောင်းမှန်ပေါ်ကို ရောက်လာလိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ အက်စ်မာရဲ့ချောမောပြေပြစ်တဲ့ရုပ်ရည်ကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

အနောက်တိုင်းက အမျိုးသမီးဂျာနယ်လစ်တစ်ယောက်က ဆီးရီးယားနိုင်ငံရဲ့မြို့တော် ဒမတ်စကဒ်က သမ္မတနန်းတော်အထိသွားပြီး Vogue မဂ္ဂဇင်းကြီးအတွက် အာဆဒ်ရဲ့ဇနီး အက်စမာကို အင်တာဗျူးခဲ့ပါတယ်။ သူဆောင်းပါး ပြန်ရေးတဲ့အခါ ဆောင်းပါးကို ‘ကန္တာရထဲက နှင်းဆီပန်းတစ်ပွင့်’ (A Rose in the Desert)လို့ အမည်တပ်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ပြဿနာတွေနဲ့ ရှုပ်ထွေးလှတဲ့အာရပ်ကမ္ဘာက မျှော်လင့်ချက်လေးတစ်ခုလို့ တင်စားတာပါပဲ။သိပ်မကြာလှပါဘူး၊ ကန္တာရထဲကနှင်းဆီဟာ ခွေးသေးပန်းဖြစ်နေတယ်ဆိုတာကို တစ်ကမ္ဘာလုံး သိလာခဲ့ကြပါတယ်။

ဆီးရီးယားမှာပြည်သူတွေ သေဆုံးမှုအရမ်းများပြားလာတဲ့အခါ ဂျာမဏီနဲ့ ဗြိတိန်ရဲ့ ကုလသမဂ္ဂသံအမတ်တွေရဲ့ဇနီးနှစ်ယောက်က အက်စမာဆီကို စာရေးပြီး သူမခင်ပွန်းကို ဖျောင်းဖြပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။ ဒါပေမယ့် အက်စမာကတော့ အာဆဒ်နဲ့အတူမားမားမတ်မတ် ရပ်တည်ခဲ့တာပါပဲ။

Vogue မဂ္ဂဇင်းက’ကန္တာရထဲကနှင်းဆီပန်းတစ်ပွင့်’ ဆောင်းပါးကို သူတို့ဝက်ဆိုဒ်ကနေ ပြန်ဖြုတ်ချခဲ့ပါတယ်။

▫️ဆီးရီးယားပြည်တွင်းစစ်

အာရပ်နွေဦးနဲ့တွဲပါလာတဲ့ ဆန္ဒပြမှုတွေက ၂၀၁၁ ခုနှစ်အတွင်း ဆီးရီးယားမှာ ပြန့်နှံ့လာနေပါပြီ။ မျိုးဆက်သစ်တွေက လူ့အခွင့်အရေး၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို လိုလားနေကြပါပြီ။ ဆေးပုလင်းကို လှုပ်သောက်ရမှန်းမသိတဲ့ အာဏာရှင်တွေထုံးစံအတိုင်း အာဆဒ်ကလျှော့တွက်ပါတယ်။

ဆန္ဒပြသူတွေကို ‘ရောဂါပိုးမွှားတွေ’လို့ကင်ပွန်းတပ်ပါတယ်။ အာဆဒ်ကိုသရော်တဲ့ကာတွန်းတွေရေးတဲ့ ကာတွန်းဆရာ အလီဖာဇတ်ရဲ့လက်ရိုးတွေကို ကာတွန်းမဆွဲနိုင်တော့အောင် ရိုက်ချိုးခဲ့ကြပါတယ်။

ဒီလိုနဲ့ ပြည်တွင်းစစ်ကြီးအရှိန်ရလာတဲ့အခါမှာတော့ ဘုန်းတော်ကြောင့် အာဏာရှင်စစ်စခန်းတွေ တစ်ခုပြီးတစ်ခု ကျသွားတော့တာပါပဲ။

၂၀၁၅ အရောက်မှာ ကမ္ဘာ့ဂျပိုးသူခိုးဉက္ကဌ ဗလာဒီမာပူတင်က ရုရှဟာ အာဆဒ်ကိုအကူအညီပေးမယ်လို့ ကတိပေးလာပါတယ်။ (ဒီလိုစကားမျိုးကြားဖူးသလိုပဲလို့ ထင်ကြပါလိမ့်မယ် – စကားချပ်)

ရုရှရဲ့စစ်ရေး အကူအညီနဲ့ အာဆဒ်အသက်ရှုချောင်သွားခဲ့ပါတယ်။ ရုရှလေတပ်နဲ့ ဆီးရီးယားလေတပ်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ တစ်နိုင်ငံလုံးညက်ညက်ကျေသွားခဲ့ပြီး ပြည်သူသိန်းနဲ့ချီ သေဆုံးခဲ့ကြရပါတယ်။

ကျေးဇူးသိတတ်တဲ့အာဆတ်က မော်စကိုကိုရောက်အောင်သွားပြီး ယူကရိန်းတွေဟာ နာဇီတွေဖြစ်ကြောင်း ပူတင့်ကို ပြောဆိုခဲ့ပါတယ်။

၂၀၂၃ခုနှစ်မှာတော့ အာဆဒ်ဟာ တရုတ်နိုင်ငံ၊ဟန်ဂျိုးမြို့မှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ တရုတ်-ဆီးရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ (ဒီလိုထုတ်ပြန်မှုမျိုးလည်း ကြားဖူးသလိုရှိမယ်ထင်ပါတယ် – စကားချပ်)

▫️လူ့အခွင့်အရေးချိုးဖေါက်မှုများ

ဆီးရီးယားကို ထောက်လှမ်းရေးအများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် လူသိများကြပါတယ်။ တရားမဝင်ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုများက ဆီးရီးယားရဲ့ အမှတ်တံဆိပ်တွေပါပဲ။

၂၀၀၇ ခုနှစ်တုန်းကတော့ အာဆဒ်က ‘ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူး’လို့ ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ (ဒီစကားလည်းကြားဖူးသလိုပါပဲ – စကားချပ်)

၂၀၂၃ ခုနှစ်မှာတော့ ကနေဒါနဲ့ နယ်သာလန်တို့ပူးပေါင်းပြီး International Court of Justice (ICJ) မှာ ပြည်သူတွေကို ညှင်းပမ်းနှိပ်စက်မှုကြောင့် ဆီးရီးယားကို အမှုဖွင့်ခဲ့ပါတယ်။ (ကြားဖူးတာတွေ နည်းနည်းများလာသလိုပါ – စကားချပ်)။

International Criminal Court (ICC) မှာ အာဆဒ်ကိုတရားစွဲဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြိုးပမ်းတာကိုတော့ ရုရှက ဗီတိုအာဏာနဲ့ ပယ်ဖျက်ခဲ့ပါတယ်။ Middle East Institute၊ Counter Terror and Extremism Program ရဲ့ဒါရိုက်တာ ချားလ်စ် လစ်စတာကတော့ အာဆဒ်ကို ‘၂၁ရာစုရဲ့ အကြီးမားဆုံးစစ်ရာဇဝတ်ကောင်လို့ သမုတ်ပါတယ်။

▫️ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ

ဆီးရီးယားစစ်တပ်ဟာ ပြည်တွင်းစစ်အတွင်းမှာအရပ်သားတွေကို ဓါတုလက်နက်နဲ့ အကြိမ်၃၀၀လောက် တိုက်ခိုက်ခဲ့တယ်လို့ခန့်မှန်းကြပါတယ်။ ဘာလင်အခြေစိုက် နိုင်ငံတကာပညာရှင်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ၂၀၁၂ နဲ့၂၀၁၉ အတွင်း အကြိမ်ပေါင်း ၃၃၆ကြိမ်ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။

အဆိုးဝါးဆုံးတိုက်ခိုက်မှုကတော့အင်မတန်ကြောက်စရာကောင်းတဲ့ ဆာရင် (Sarin) ဓါတုအဆိပ်ကို သုံးပြီး ‘ဂေါက်တာ’ဒေသမှာ တိုက်ခိုက်ခဲ့တာပါ။ လူထောင်နဲ့ချီပြီးသေဆုံးခဲ့ရပါတယ်။

▫️ခုတော့ဘာကြောင့်ထွက်ပြေးရပြီလဲ

အာဆဒ်ဟာ ‘ပြည်ပအားကိုးပုဆိန်ရိုး’ဖြစ်နေတာ ကြာပါပြီ။ သူအားကိုးတဲ့ရုရှက ယူကရိန်းနဲ့ တိုင်ပတ်နေပါတယ်။ ယူကရိန်းစစ်မျက်နှာမှာ တစ်နေ့ကို ရုရှစစ်သား ၁,၂၀၀ ကျဆုံးနေတယ်လို့ Foreign Affairs မဂ္ဂဇင်းမှာ သုံးသပ်သူတစ်ဦးက ဆိုပါတယ်။

သူ့ကို စစ်ရေးအရကူညီနေတဲ့ နောက်နှစ်ဖွဲ့ကတော့ အီရန်နဲ့ ဟဇ်ဘိုလာတို့ ဖြစ်ပါတယ်။ သူတို့ကလည်း လက်ရှိဖြစ်နေတဲ့ အစ္စရေးနဲ့စစ်ပွဲကြောင့် အမြီးမခတ်နိုင်ကြပါဘူး။ ‘ဘုန်းမောင့်တစ်ယောက်ထဲ’ ဖြစ်သွားတဲ့အခါ ကိုယ်ရည်ကိုယ်သွေးတွေက ပေါ်လာတော့တာပါပဲ။

ဒမတ်စကဒ်ကလမ်းတွေပေါ်မှာတော့ လူတွေကပျော်ပါးနေကြပါတယ်။ ဒါပေမယ့် ဆီးရီးယားဟာ လမ်းမှန်ပေါ်ကိုရောက်အောင် အများကြီးကြိုးစားရဦးမှာပါ။ အောင်ပွဲရနေတဲ့သူပုန်တွေကြားထဲမှာ ဘာသာရေးအစွန်းရောက်တွေ အများအပြားရှိနေပါတယ်။ တုန်လှုပ်စရာပါ။

▫️မြန်မာနိင်ငံ .. အဲ နိုင်ငံတကာက အာဏာရှင်တွေအတွက် သင်ခန်းစာ

အရှည်တွေးမယ်ဆိုရင်တော့ ပစ်တတ်ခတ်တတ်ပြီး သွေးရှိတဲ့တပ်ကို ပျိုးထောင်ထားဖို့ပါပဲ။ ကားဘီးပေါက်သံကြားလို့ ဒိုက်ပစ်တဲ့သူတွေရှေ့မှာတော့ ဗိုလ်ရှုခံမနေပါနဲ့တော့။

နောက်ဆုံးအကြံပေးချင်တာကတော့ လေယာဉ်တစ်စီးကို ဆီဖြည့်ပြီး Stand By ဆောင်ထားဖို့ပါပဲ။

‘မင်းကံကောင်းပါစေ’

အမောင်

The Tanintharyi Times