ထီးခီးနယ်စပ် စခန်းသိမ်းတိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် BPLA ပါဝင်တိုက်ခိုက်

ထီးခီးနယ်စပ် စခန်းသိမ်းတိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် BPLA ပါဝင်တိုက်ခိုက်

ပုံစာ - ထီးခီးစခန်းသိမ်းတိုက်ပွဲမြင်ကွင်းနဲ့ BPLA ရဲဘော်တွေ။

ထားဝယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်က ထီးခီးနယ်စပ်စခန်းသိမ်းတိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် BPLA လည်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရုံးက ထုတ်ပြန်ပါတယ်။

ထီးခီးစခန်းက စစ်ကောင်စီတပ်သား ၁၂၀ ကျော်ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားပြီးနောက် ဒီနေ့မနက်မှာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် BPLA လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး အကူအညီ‌တွေအများကြီးပေးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ဆိုပါတယ်။

‌”ထီးခီးစခန်းမှာ ပါပါတယ်။ စစ်ရေးအကူအညီတွေပေါ့နော်၊ ပြီးတော့ မြေပြင်တိုက်ခိုက်ရေးကိစ္စတွေရော နည်းပညာကိစ္စတွေမှာပါ BPLA ကအများကြီးပါဝင်ပါတယ်” လို့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်ကပြောပါတယ်။

BPLAရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း ထီးခီးတိုက်ပွဲမှာ လက်နက်ကြီးပစ်ခတ်နေတဲ့ဓာတ်ပုံနဲ့အတူ ဝမ်းသာဂုဏ်ယူကြောင်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။

တနင်္သာရီတိုင်းထဲက တိုက်ပွဲတွေမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ဝင်ရောက်တိုက်ခိုက်ခဲ့တာကို ပထမဆုံးအနေနဲ့ တွေ့ရတာဖြစ်ပါတယ်။

BPLA ပါဝင်ခဲ့တဲ့ ထီးခီးစခန်းသိမ်းတိုက်ပွဲကို တပ်မဟာ ၄ KNLA ဌာနချုပ်တပ်ဖွဲ့တွေ၊ KNLA တပ်ရင်း ၁၀၊ တပ်ရင်း ၁၁၊ တပ်ရင်း ၂၀၃၊ KNDO တပ်ရင်း ၇၊ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း ၁ နဲ့ ၂၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF၊ တပ်မဟာ ၄ အထူးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ၊ တပ်မဟာ ၄ စနိုက်ပါတပ်ဖွဲနဲ့ ဒရုန်းတပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

အရင်က KNU တပ်မဟာ ၄ ဌာနချုပ်ဖြစ်ခဲ့တဲ့ ထီးခီးဒေသကို ၁၉၉၇ ခုနစ်မှာမြန်မာစစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၂၈ နှစ်အကြာ ဒီနေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times