မလေးရှားရေပိုင်နက်မှာ မြန်မာရွေ့ပြောင်းလုပ်သား ၁၆ ဦးအဖမ်းခံရ
မလေးရှားရေပိုင်နက်မှာ မြန်မာရွေ့ပြောင်းလုပ်သား ၁၆ ဦးအဖမ်းခံရ
တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၁၆ဦးပါတဲ့ သင်္ဘောတစ်စီးကို မနေ့ကဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။
မလေးရှားကွာလာကေဒါရေကြောင်းရုံးက ကင်းလှည့်သင်္ဘောဟာ ပုံမှန်အတိုင်းကင်းလှည့်နေတဲ့အချိန် လန်ကာဝီဘက်က လာတဲ့သင်္ဘောတစ်စီးကို စစ်ဆေးတဲ့အခါ အမျိုးသား ၁၃ ဦးနဲ့ အမျိူးသမီး ၆ ဦးကို ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေထဲမှာ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား၃ဦးတို့ ပါဝင်နေခဲ့ပါတယ်။ ၎င်းတို့ကို ကွာလာကေဒါရေကြောင်းဇုန်ရုံးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေထဲမှာ ကုလသမဂ္ဂဒက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ရဲ့ လျှောက်လွှာမိတ္တူတစ်စောင်သာပါရှိပြီး ဘင်္ဂလားဒေ့ရှ်နိင်ငံသားတွေမှာတော့ အထောက်အထားမပါရှိကြောင်း မလေးရှားအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တရားမဝင်ခိုးဝင်သူတွေဟာ မလေးရှားနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 ပုဒ်မ ၆ (၁)(ဂ)အရ မလေးရှားရင်းဂစ်ငွေ ၁၀၀၀၀ ထက်မပိုသောပြစ်ဒဏ်ဖြစ်စေ၊ ၅နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ၆ကြိမ်ထပ်မပိုသော ကြိမ်ဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့လ၂၉ရက်နေ့ကလည်း မလေးရှားရေပိုင်နက်မှာ မြန်မာနိုင်ငံသား၅ဦးပါဝင်တဲ့ ငါးဖမ်းလှေတစ်စီး အဖမ်းခံခဲ့ရတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။


The Tanintharyi Times
