ရွေးကောက်ပွဲဝင်ခွင့်ရရေး စစ်တပ် ကို ဒေါ်သက်သက်ခိုင်အသနားခံ
ရွေးကောက်ပွဲဝင်ခွင့်ရရေး စစ်တပ် ကို ဒေါ်သက်သက်ခိုင်အသနားခံ
အကြွေးတွေပေးဖို့ကျန်နေတာကြောင့် စစ်တပ်က ရွေးကောက်ပွဲ ဝင်ခွင့်ပယ်ချခံခဲ့ရ ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်က ရွေးကောက်ပွဲဝင်ခွင့်ရရေး စစ်တပ် ကို ဒေါ်သက်သက်ခိုင်အသနားခံထားကြောင်း ပြောကြားလိုက်ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက် စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ( UEC) ထံ အသနားခံစာတင်ထားတာလို့ သိရပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ သတင်းစာရှင်းလင်းပွဲမှာ အခုလို သူကပြောဆိုခဲ့တာပါ။
“UEC ကို ကျွန်မ အသနားခံစာတင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလားမခံလားကတော့ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” လို့ စစ်အုပ်စု ဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။
အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်သက်သက်ခိုင်က “ကျွန်မတို့ပါတီက တော်လှန်ရေးကို မယုံကြည်ဘူး တည်ဆောက်ရေးကို ယုံကြည်တယ် ထိပ်တိုက်ရင်ဆိုင်တာတွေကို မယုံကြည်ဘူး” လို့လည်း ပြောဆိုသွားပါတယ်။
စစ်အုပ်စု အာဏာသိမ်းစဉ် ဝန်ကြီးလုပ်ခဲ့တဲ့ ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်ကို စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်က အကြွေးတွေပေးဖို့ ကျန်ရှိနေတာကြောင့်လို့ဆိုတဲ့ အကြောင်း ပြချက် နဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ဘူးလို့ အောက်တိုဘာလ ၂၅ ရက်နေ့ ကြေညာခဲ့ပါတယ်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ အမည်စာရင်းတင်သွင်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတာလို့ စစ်အုပ်စု ဘက်ကထုတ်ပြန်ပါတယ်။
ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်ဟာ ကမ္ဘာအေးဘုရားလမ်း နဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းကို အကောင်အထည်ဖော်ဖို့ စစ်အုပ်စု ရဲ့ စီးပွားဘက် ကမ္ဘောဇဘဏ်ဆီက ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးထားတာပါ။
အဲ့ဒီ အကြွေးတွေကိုအချိန်မီ ပြန်မဆပ်နိုင်လို့ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် မရတော့ဖြစ်တယ်လို့လည်း ပြည်တွင်း သတင်းတွေမှာဖော်ပြထားပါတယ်။
Connect Burma
The Tanintharyi Times
