မြိတ်အနောက်ဘက် ပင်လယ်ပြင်မှာ သုံးရက်ကြာ ပြုလုပ်မယ့် မြန်မာ-ရုရှား ပူးပေါင်းလေ့ကျင့်မှု စတင်

မြိတ်အနောက်ဘက် ပင်လယ်ပြင်မှာ သုံးရက်ကြာ ပြုလုပ်မယ့် မြန်မာ-ရုရှား ပူးပေါင်းလေ့ကျင့်မှု စတင်

ဓာတ်ပုံ - စစ်ကောင်စီသတင်းနဲ့ ပြန်ကြားရေး

ပထမဆုံးအကြိမ်အနေနဲ့ ပြုလုပ်တဲ့မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို မြိတ်အနောက်ဘက်က ပင်လယ်ပြင်မှာ ဒီကနေ့စတင်နေပြီဖြစ်ပြီး သုံးရက်ကြာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက သတင်း‌ထုတ်ပြန်ပါတယ်။

အဲ့ဒီလေ့ကျင့်ခန်းမှာ စစ်ကောင်စီရဲ့ ရေတပ်နဲ့ လေတပ်က လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်တွေနဲ့ ရုရှားရေတပ်က Russian Pacific Fleet စစ်ရေယာဉ်အုပ်စု ပူးပေါင်းပြီး ဝေဟင်၊ ရေပြင်နဲ့ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းတွေကို ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေရှိနေပေမယ့် မြိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှု ထူးထူးခြားခြား မတွေ့ရဘူးလို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“ရေတပ်ကို အင်အားဖြည့်တာကတော့ ထင်သာမြင်သာရှိတယ်။ ဒါကလည်း တိုက်ပွဲတွေမှာရေတပ်ကိုသုံးလာတာနဲ့ဆိုင်မယ်။ အဲဒီလေ့ကျင့်ရေးနဲ့ပတ်သက်ပြီးတော့ မမြင်ရဘူး။ သူတို့ ရေတပ်အခြေစိုက်စခန်းတွေထဲကပဲ ဝင်ထွက်လုပ်တာဖြစ်နိုင်တယ်” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါပေမယ့် ကမ်းဝေးငါးဖမ်းလှေကြီးတွေကိုတော့ စစ်ရေးလှုပ်ရှားမယ့်နေရာရဲ့ ရေမိုင် ၅မိုင်ပတ်ပတ်လည်ကိုမလာဖို့ ကြိုသတိပေးထားလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒါကလည်းလိုက်ကြေညာတာမျိုးမဟုတ်ဘဲ ငါးလုပ်ငန်းဦးစီးဘက်က ချိတ်ဆက်သတိပေးတာမျိုးကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက လုပ်ထားတယ်ဆိုတာကို ကြားသိရတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြိတ်မြို့ရဲ့ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာမှာ ရေကြောင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ခန်းပြုလုပ်မှာမို့ လေ့ကျင့်ရေးဇုန်အနီးတဝိုက်မှာ ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ စစ်ကောင်စီက ရေကြောင်းနဲ့ လေကြောင်းသတိ‌ပေးချက်ကို အရင်လ ၂၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

နှစ်နိုင်ငံအနေနဲ့ ပထမဆုံးပြုလုပ်တဲ့ ရေကြောင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ခန်း (MARUMEX) ဖွင့်ပွဲကို ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့လည်ပိုင်းက ကျင်းပခဲ့တာပါ။ ဒီဖွင့်ပွဲကို စစ်ကောင်စီရဲ့ ရေချုပ်ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့တက်ရောက်ခဲ့ပါတယ်။

နှစ်နိုင်ငံ ‌ရေကြောင်းဆိုင်ရာ စစ်ရေး‌လေ့ကျင့်ဖို့နဲ့ ချစ်ကြည်ရေးအတွက် ဖျက်သင်္ဘော Admiral Panteleyev ၊ Admiral Tributsနဲ့ Sea Tanker Pechenga တို့နဲ့အတူ စစ်သည် အင်အား ၈၀၀ လိုက်ပါလာတဲ့ ရုရှားအဖွဲ့ဟာ ရန်ကုန်ကို အခုလ ၂ ရက်နေ့က ရောက်ရှိလာခဲ့တာပါ။

ယူကရိန်းနိုင်ငံကို ပြီးခဲ့တဲ့ နှစ်ကစပြီး ကျူးကျော်ခဲ့တဲ့ အတွက် ကမ္ဘာ့စင်မြင့်ပေါ်မှာ အထီးကျန်ဖြစ်နေတဲ့ ရုရှားဟာ အာဏာသိမ်းမြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ အဓိက ပံ့ပိုးနေတဲ့ နိုင်ငံဖြစ်ပါတယ်။

The Tanintharyi Times