ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ဌာနချုပ်ကို မနေ့မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။
အဲဒီ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီ ၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး စစ်ဆင်ရေး ၅ ရက်အတွင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
၅ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးတယ်လို့ထုတ်ပြန်ထားပြီး AA ဘက်က အထိအခိုက်အကျအဆုံးစာရင်းကိုတော့ ထုတ်ပြန်ထားမျိုးမတွေ့ရပါဘူး။ ဒါပေမယ့် ခမရ (၅၆၄) တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ ရခိုင်စစ်သည်တော်တွေကို AA စစ်ရုံးချုပ်က လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ရေးအရ အရေးပါတဲ့ ခမရ (၅၆၄) ကို စစ်ကောင်စီ ကြည်းတပ်၊ လေတပ်တို့က ပူးပေါင်းခုခံကာကွယ်နေခဲ့ပေမယ့် ရက္ခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက်ထိုးစစ်ကို ယှဉ်နိုင်ခြင်းမရှိတာကြောင့် AA လက်အောက်သို့ ကျရောက်ခဲ့တာ ဖြစ်ပြီး AA အနေနဲ့ နောက်ထပ် စခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာတော့ ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းကို ထိုးစစ်ဆင်မှု ရက်ပေါင်း ၃၂ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့သလို ဘူးသီးတောင်မြို့နယ်ထဲက တောင်ဘဇာစခန်းကိုလည်း အဲဒီနေ့မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရက္ခိုင့်တပ်တော်ဟာ မောင်တောအခြေစိုက် ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုင်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရခိုင်ဒေသမှာ စစ်ကောင်စီဟာ ပြည်သူတွေကို ပစ်မှတ်ထားနေပြီး စာသင်ကျောင်း၊ ဆေးရုံး၊ ဈေး၊ စစ်ရှောင်နေရာ၊ ဘာသာရေးအဆောက်အအုံ၊ လူနေရပ်ကွက်တွေထဲကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ နေ့စဉ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့၊ နေ့လည်ပိုင်းမှာ ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၈ နှစ် လူငယ်တဦး သေဆုံးပြီး ၆ နှစ်ကလေးတဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times
