အင်တာဆက်ရှင်နယ်လတီနှင့် Solidarity Politicsဖြင့် သာတူညီမျှ လွတ်မြောက်ရေးသို့
အင်တာဆက်ရှင်နယ်လတီနှင့် Solidarity Politicsဖြင့် သာတူညီမျှ လွတ်မြောက်ရေးသို့
မြန်မာလို့ လောလောဆယ်အထိ ပညတ်ထားတဲ့နိုင်ငံမှာ အခုအချိန်အထိ ‘တိုင်းရင်းသား’ ဖြစ်၊ မဖြစ်ငြင်းပယ်ပိတ်ပင်မှုတွေနဲ့ ဖြစ်ရေးလုံးပန်းရမှုတွေ အချေအတင်ရှိနေဆဲဖြစ်သလို၊ တဖက်မှာလည်း ဒီလူတွေရဲ့အကျပ်အတည်းရုန်းကန်မှုတွေကို ‘ကျဥ်းမြောင်းတဲ့လူမျိုးရေး’ နဲ့ ‘identity politics’ဆိုပြီး လွယ်လင့်တကူပိတ်ပင်ပြစ်တင် အသားယူ စီးပိုးငြင်းပယ်ချမှုတွေရှိနေဆဲဖြစ်ပါတယ်။
ဒီနိုင်ငံမှာ လူနည်းစုတွေကို ‘တိုင်းရင်းသား’ဖြစ်မှု၊ မဖြစ်မှုထဲ ပိတ်မိနေအောင် စနစ်တကျ လူမျိုးရေးဖိနှိပ်မှုပြုထားတဲ့စနစ်ရှိနေခဲ့တာ၊ နိုင်ငံသားဖြစ်မှုဆိုင်ရာကအစ Nation-Buildingအလယ် အရင်းရှင်စနစ်နဲ့အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးအပါအဝင် ဖိနှိပ်မှုအထွေထွေအရေးတွေအဆုံး လုံးချာလည်လိုက်နေရတာတွေရဲ့အကြောင်းရင်းဇာစ်မြစ်ကို လက်မရှောင်ဘဲ အရင်စောကြောရင်ဆိုင် ဖော်ထုတ်ကိုင်တွယ်ကြဖို့လိုတယ်လို့ ထင်ပါတယ်။ လွတ်မြောက်ရေးဟာ အမှန်တကယ်အားလုံးအတွက်ဖြစ်တယ်ဆိုရင်၊ ဒီစိန်ခေါ်မှုတွေကိုဖြေရှင်းရာမှာ အင်တာဆက်ရှင်နယ်လတီ ထည့်သွင်းစဥ်းစားမှုရှိဖို့ အရေးကြီးပြီး ‘ပုံစံအမျိုးမျိုးအဖိနှိပ်ခံတွေ ပူးပေါင်းဘုံဆိုင်နိုင်ငံရေး’ (solidarity politics)အဖြစ် ချဥ်းကပ်သင့်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။
ကမ္ဘာ့သက်တမ်းအရှည်ဆုံးစာရင်းဝင် မြန်မာနိုင်ငံကပြည်တွင်းစစ်နဲ့ ပြဿနာတွေဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကြောင်းရင်းခံတွေကြောင့်ရော ရုပ်ဝတ္ထုမဟုတ်တဲ့ အကြောင်းရင်းခံတွေကြောင့်ရော၊ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ရောနှောဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေနဲ့ ပဋိပက္ခတွေကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ရာမှာ အသုံးပြုတဲ့သီအိုရီတခုဖြစ်တဲ့ ‘Greed and Grievance’ မူဘောင်နဲ့ ကြည့်မယ်ဆိုရင်လည်း greed (စီးပွားရေးအကြောင်းရင်းခံတွေ၊ အကျိုးစီးပွားတွေ၊ အရင်းအမြစ်တွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ) နဲ့ grievances (ရေခဲတုံးအောက်က အကြောင်းရင်းထုထည်တွေ ဖြစ်ကြတဲ့ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ သမိုင်းကြောင်းအရ၊ ယဥ်ကျေးမှုဓလေ့အရ … မတရားမှုတွေ၊ တန်းမတူမညီမျှမှုတွေ၊ နစ်နာမှုတွေ၊ မကျေနပ်မှုတွေ၊ နာကြဥ်းမှုတွေ) ဆိုတဲ့နှစ်ရပ်က ပြည်တွင်းစစ်တွေ၊ ပဋိပက္ခတွေကို အရင်းခံ မောင်းနှင်ကြလေ့ ရှိပါတယ်။
ဒီနေရာမှာ ဘောဂဗေဒပညာရှင်တွေ ဖြစ်ကြတဲ့(Collier and Hoeffler. 2004)တို့က greedပုံစံဘက်ပိုယိမ်းခဲ့ကြတာရှိပြီး၊ နိုင်ငံရေးဘောဂဗေဒပညာရှင် (Keen. 2012)ကတော့ greedနဲ့ grievanceဆိုတာဟာ တခုနဲ့ တခု အတူတကွ ဆက်နွယ်ချိတ်ဆက် အပြန်အလှန်ကျိုးပြုတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။ စီးပွားရေးမညီမျှမှုအကြောင်းရင်းခံတွေနဲ့ လူမှုရေးနိုင်ငံရေးမတရားမမျှတမှုအကြောင်းရင်းခံတွေဟာ တခုနဲ့တခု ထိ/ဖြတ်/ဆုံ/ထပ်/နေကြတဲ့အိုင်ဒန်တတီတွေအပေါ်အခြေပြုပြီး အဲဒီ့ဖြစ်တည်မှုတခုချင်းအလိုက် တမျိုးတဖုံပြောင်းစေသလို၊ ပဋိပက္ခတွေဟာလည်း လူပုဂ္ဂိုလ်တဦးချင်းစီတွေနဲ့ လူ့အသိုက်အဝန်းတွေကို အချိုးအစားမကျ သက်ရောက်ထိခိုက်ပါတယ်။
ကျမတို့နိုင်ငံရဲ့contextဟာဆိုရင် စီးပွားရေးအကြောင်းရင်းခံတွေကြောင့် သို့မဟုတ် လူမှု/နိုင်ငံရေး/သမိုင်း/ယဥ်ကျေးမှုဓလေ့အပါအဝင်အကြောင်းရင်းခံတွေကြောင့် ဆိုတဲ့ အကြောင်းခံနှစ်ရပ်အနက် တရပ်တည်းကြောင့်ဆိုပြီး အလွန်အကျွံရိုးရှင်းလွယ်ကူအောင် တကြောင်းဆွဲ ကောက်ယူရင် မမှန်ကန်နိုင်ဘဲ၊ နှစ်ရပ်စလုံး intersectဖြစ်နေခဲ့တာကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ အစိုးရအဆက်ဆက်ဟာ သမိုင်းတလျှောက်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်တိုင်းမှာ greedမိုဒယ်တစိတ်တပိုင်းအဖြစ် စီးပွားရေးနဲ့ ရုပ်ဝတ္ထုမက်လုံးပေး ဖြေရှင်းဖို့သာ ကြိုးစားခဲ့သလို၊ အဲဒါကြောင့် တခါမှ မအောင်မြင်တာဟာလည်း မထူးဆန်းပြန်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရင်နဲ့မတူ အောင်မြင်အောင်ဖြေရှင်းဖို့ဆိုရင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာအကြောင်းရင်းခံတွေကြောင့်ရော ရုပ်ဝတ္ထုမဟုတ်တဲ့အကြောင်းရင်းခံတွေကြောင့်ရော နှစ်ရပ်စလုံး ဒွေးရောယှက်တင် ဒွန်တွဲနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့နဲ့ နှစ်ရပ်စလုံးကိုဖြေရှင်းဖို့ အရေးကြီးပါတယ်။
မြန်မာ့ပြဿနာတွေဟာ ကိုလိုနီပယောဂပါသလို၊ ဗြိတိသျှကိုလိုနီမတိုင်ခင်ကတည်းကလည်း ရှိနေခဲ့ပြီး၊ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာအုပ်စိုးသူအဆက်ဆက်ရဲ့ ထပ်ဆင့်ကိုလိုနီပြုမှုတွေကြောင့်လည်း လက်ရှိအချိန်ထိဖြစ်နေတာပါ။ ကိုလိုနီလို့ပြောပြီဆိုရင်လည်း ဥရောပလူဖြူဗဟိုပြုကိုလိုနီချည်းသာမကဘဲ ဗမာမြန်မာဗဟိုပြုကိုလိုနီ အပါအဝင် ကိုလိုနီအလေ့အထအားလုံးကို ထောက်ပြဖို့နဲ့ ဖြိုချဖို့ လိုပါတယ်။ ဗမာဗုဒ္ဓဖိုဝါဒစစ်ဝါဒအခြေပြုထားတဲ့ ဗဟိုချုပ်ကိုင်တပြည်ထောင်စနစ်ကို ဖြိုချဖျက်သိမ်းဖို့လိုသလို၊ တချိန်တည်းမှာပဲ ဗမာမဟုတ်တဲ့လူမျိုးစုတွေအချင်းချင်းကြား ဆင့်ကဲဖိနှိပ်မှုတွေနဲ့ နှစ်ထပ်ကွမ်း၊ အထပ်ထပ်ကွမ်း တပန်းရှုံးမှုတွေဖြစ်စေတဲ့ ဖိနှိပ်မှုအထက်အောက်ဝါစဥ်စီအဆောက်အအုံဟူသမျှကို တပါတည်း ဖြိုချဖျက်သိမ်းရမှာပဲ ဖြစ်ပါတယ်။
ဒီနိုင်ငံရဲ့ State-Making နဲ့ State-Building နှစ်ခုစလုံးကိုကြည့်ရင် အငြင်းပွားဖွယ် မမျှမတ မောင်ပိုင်စီးဖြစ်ပေါ်နေခဲ့ပြီး နိုင်ငံတော်ဆိုတာဟာ နိုင်ငံသားတွေကို အကြမ်းဖက်မှုကျူးလွန်ရာသာ ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ပါတယ်။ Nation-Buildingဆိုတာကလည်း ဒီပြည်ထောင်စုအမည်ခံမှာ အတူပူးပေါင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့လူ့အသိုက်အဝန်းတွေအားလုံးနဲ့နိုင်ငံသားအားလုံးကို ကိုယ်စားပြုထင်ဟပ် ဖော်ဆောင်ရမယ့်အစား ဗမာဗုဒ္ဓဖိုဝါဒစစ်ဝါဒဗဟိုပြုတဲ့ဇာတ်ကြောင်းနဲ့နိုင်ထက်စီးနင်းသွတ်သွင်းနေခဲ့တဲ့အခါ အခုအချိန်ထိ ဘယ်တုန်းကမှ တခါဖူးမျှ Nation-building အပြီးမသတ်နိုင်ဘဲ ပျက်ကွက်ကျရှုံးနေဆဲဖြစ်ပြီး ဗမာနဲ့ဗမာမဟုတ်သူတွေကြား ဗမာမဟုတ်သူတွေအချင်းချင်းကြား အကွဲအပြဲပဋိပက္ခတွေကိုလည်း ပိုဖြစ်ပေါ်နေစေပါတယ်။ မြန်မာနိုင်ငံဆိုတာရဲ့ပေါ်လတီနဲ့စစ်တပ်ဟာ ဗမာဗုဒ္ဓဖိုဝါဒစစ်ဝါဒဇာတ်သွင်းထားတဲ့ တခုတည်းသောနိုင်ငံတော်ဇာတ်ကြောင်းကို သွတ်သွင်းရင်း ပြည်ထောင်စုကိုလက်ဝါးကြီးအုပ်လိုက်ပြီး၊ ဒီဇာတ်ကြောင်းအပေါ်မှာ သူတို့ကိုယ်သူတို့ အုတ်မြစ်ချအထိုင်တည် တည်ဆောက်ထားသလို၊ သူတို့အကျိုးစီးပွားကို ကာကွယ်စရာခံမြေကတုတ်အဖြစ်လည်း ဒီဇာတ်ကြောင်းကို ပြန်အသုံးချရင်း၊ အပြန်အလှန်ရောနှောစည်းနှောင်သွားခဲ့ပါတယ်။
အကျိုးဆက်အားဖြင့် ဒီလူ့အဖွဲ့အစည်းတွေမှာ State-Buildingနဲ့Nation-Building နှစ်ခုစလုံး သပွတ်အူလိုက် မအောင်မြင်ကျရှုံးဆဲဖြစ်ပါတယ်။ အခုထိ နိုင်ငံသစ်တွေခွဲထွက်မှာကို နိုင်ငံတကာနဲ့မြန်မာစစ်တပ်က မလိုလားပေမယ့်လည်း တော်လှန်ရေးအသီးသီးကနေပြီး နိုင်ငံသစ်တွေအဖြစ် State-Making နိုင်ငံတော်ပြုမှု အကောင်အထည်ဖော်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဒီနိုင်ငံကိုပဲ တန်းတူရည်တူ အတူယှဥ်တွဲနေနိုင်မယ့် ဖက်ဒရယ်လမ်းကြောင်းကတဆင့် Federatingနဲ့ State-Building ဖော်ဆောင်ရာမှာဖြစ်စေ၊ အဲဒီ့အခြေအနေနှစ်ရပ်ရဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် Nation-Building ဖော်ဆောင်ရာမှာဖြစ်စေ၊ ဒီလူ့အဖွဲ့အစည်းတွေကြားမှာ လူ့အဖွဲ့အစည်းဝင်တွေအားလုံး ပါဝင်မှုကိုယ်စားပြုထင်ဟပ်နိုင်မယ့် ဘုံဆိုင်မျှဝေ common/shared nation-buildingလိုအပ်နေပါတယ်။
မြန်မာမှာ ‘လူမျိုး’ ၊ ‘တိုင်းရင်းသား’ ဆိုတာတွေဟာ မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားမှာ လိုသလိုပြန်ဆိုသုံးထားကြတဲ့ အသုံးအနှုန်းတွေထဲ ပါပါတယ်။ အဲဒါအပြင် ဗမာ (ဝါ) မြန်မာ ဆိုတဲ့ လူမျိုးနဲ့နိုင်ငံ နာမည်ကို နှစ်ပေါက်တပေါက်ရိုက် မှည့်ခေါ်ထားမှုလည်း ရှိပါတယ်။ ဒီစာတိုမှာ အသုံးအနှုန်းအကြောင်းထပ်ပြောရင် စာပိုရှည်သွားမှာစိုးသလို၊ ဆိုရှယ်ကွန်းစထြတ်အကြောင်းကို အဓိကပြောချင်တာလည်း မဟုတ်ပါဘူး။ လူမျိုးဆိုတာကိုယ်၌ဟာ လူ့အဖွဲ့အစည်းက လူတွေစုပေါင်းဖန်တီးလက်ခံထားတဲ့အယူအဆ socially constuctedလုပ်ထားတာ ဖြစ်တယ်ဆိုပေမယ့် အဲဒါဟာ ဒီလူတွေရဲ့ ဖြစ်တည်မှုကိုသော်လည်းကောင်း ပကတိအရှိတရားကိုသော်လည်းကောင်း ဒီလူတွေရင်ဆိုင်ရတဲ့ခွဲခြားဖိနှိပ်မှုတွေကိုသော်လည်းကောင်း ဒီလူတွေရဲ့တန်းတူရေးအတွက်ရုန်းကန်တိုက်ပွဲဝင်မှုတွေကိုသော်လည်းကောင်း ဒီလူတွေရဲ့တန်းတူမျှတမှုရပိုင်ခွင့်ကိုသော်လည်းကောင်း တကယ်မရှိတဲ့အရာတွေအဖြစ် သေးသိမ်အောင်မျက်ကွယ်ပြုကျော်ချလိုက်ကြဖို့ မဟုတ်ပါဘူး။
အဲဒီ့လို Social construct ဖြစ်တာတွေဆိုရင် လူမျိုးတင်မကဘဲ၊ လူမှု လူတန်းစား၊ နိုင်ငံသားဖြစ်မှု၊ ဂျင်န်ဒါ၊ ကိုးကွယ်ယုံကြည်မှုဘာသာရေး၊ ငွေကြေး တန်ဖိုးသတ်မှတ်ချက်၊ ပညာရေးအဓိပ္ပါယ်နဲ့ပညာရေးတန်ဖိုး သတ်မှတ်ချက်၊ အချိန်နာရီသတ်မှတ်ချက်၊ လှပမှုဆိုင်ရာ လှခြင်း/မလှခြင်း သတ်မှတ်ချက်၊ လူငယ်/လူကြီး အသက်ခွဲခြားသတ်မှတ်ချက်၊ ရုပ်ပိုင်းဖြစ်စေ စိတ်ပိုင်းဖြစ်စေ သန်စွမ်းတယ်/မသန်စွမ်းဘူး သတ်မှတ်ချက်၊ အိမ်ထောင်သည်/ကွာရှင်း/မုဆိုးဖို-မ/အပျိုလူပျို/တဦးတည်းနေ စသဖြင့် သတ်မှတ်ချက်၊ … အစရှိသဖြင့်တွေ ရှိပါလိမ့်မယ်။ ထာဝရမပြောင်းမလဲ တရားသေ ရှိတတ်တဲ့အရာ မဟုတ်ပေမယ့်၊ လူမျိုးဆိုင်ရာသတ်မှတ်ချက်တွေ ဆိုတဲ့အပေါ်မှာ လူမှုရေးအမြင်တွေအရ၊ ယဥ်ကျေးမှုဓလေ့အရ၊ သမိုင်းကြောင်းအရ၊ ပါဝါဒိုင်နမ္မစ်တွေအရ၊ နိုင်ငံရေးအရ၊ အင်စတီကျူးရှင်းအရ လွှမ်းမိုးထားပါတယ်။ Identity-privilege -power ဆက်နွယ်မှုအရ လူ့အဖွဲ့အစည်းအလိုက် ဒီအမှတ်သရုပ်တွေကသက်ရောက်တဲ့ အခွင့်ထူးတပန်းသာမှုတွေနဲ့ အခွင့်တပန်းရှုံးရမှုတွေ ရှိနေပြီး၊ အဲဒါတွေနဲ့ ပါဝါဟာ ချိတ်ဆက်ဖြစ်ပျက်နေပါတယ်။
ပါဝါ ဆိုရာမှာလည်း အာဏာဆိုတဲ့ပါဝါအမျိုးအစား၊ သြဇာဆိုတဲ့ပါဝါအမျိုးအစား၊ ဖိုဝါဒရဲ့’ဘုန်း’ဆိုတာကနေအခွင့်ထူးခံတဲ့ပါဝါအမျိုးအစား အစရှိသဖြင့် အမျိုးမျိုးရှိနေပြန်ပါတယ်။ ပါဝါရှိသူတွေကထိပ်မှာရှိနေပြီး အမိန့်ပေးစနစ်နဲ့ကွပ်ကဲတဲ့ စစ်ဝါဒမှိုင်းကြောင့် အရာရာတိုင်းကို အထက်ကနေအောက်ကို သွတ်သွင်းလိုမှုဟာ တနိုင်ငံလုံးအတိုင်းအတာ ကြီးစိုးနေခဲ့ပါတယ်။ ဆိုတော့ ဒီလူ့အဖွဲ့အစည်းအလိုက် ဒီအမှတ်သရုပ်ဖြစ်တည်မှုတွေနဲ့ ပါဝါဟာ လူတွေရဲ့ဘဝအပေါ် တကယ့်လက်တွေ့သက်ရောက်မှုတွေနဲ့ သိသာထင်ရှားတဲ့ရိုက်ခတ်မှုတွေ ရှိနိုင်တဲ့အရာတွေ ဖြစ်နေခဲ့ပါတယ်။ တချိန်တည်းမှာပဲ လူတဦးချင်းစီအနေနဲ့ မိမိကိုယ်ကို ဘယ်လိုပညတ်ခေါ်ဝေါ်သလဲ၊ ဘယ်လူမှုအုပ်စုအဖြစ်ပညတ်ခံယူသလဲ၊ ဆိုတဲ့ မိမိကိုယ်ကိုပြဌာန်းပိုင်ခွင့်ဟာ ပါစင်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာအခြေခံရပိုင်ခွင့် အခွင့်အရေးဖြစ်တာကို အသိအမှတ်ပြုလေးစားဖို့လည်း လိုအပ်ပါတယ်။ ဘယ်လိုပဲ social constructဖြစ်ပေမယ့် လက်တွေ့အရှိတရားဖြစ်ပွားနေတဲ့ ပေါ်လတီတခုမှာ လူမျိုးရေးမှုပြုပြီး အထက်အောက် ကြီးစဥ်ငယ်လိုက်ဝါစဥ်စီခွဲခြားဖိနှိပ်တဲ့စနစ်ဖွဲ့စည်းတည်ဆောက်ပုံအဆောက်အအုံတွေက ကာလတာရှည် လက်တွေ့ရှိနေခဲ့ပြီး၊ အဲဒီ့ဖိနှိပ်မှုစနစ်ရဲ့ အထက်အောက်ဝါစဥ်စီအဆောက်အအုံတွေမှာ လူမျိုးတမျိုးကို ထိပ်ဆုံးမှာဗဟိုပြုထားပြီး ကျန်လူတွေကို အဆင့်ဆင့်ခွဲခြားဖိနှိပ်တဲ့ မတရားတဲ့စနစ်လည်ပတ်နေတယ်ဆိုရင်၊ ကျမတို့ဟာ အဲဒီ့ဖိနှိပ်တဲ့စနစ်အဆောက်အအုံတွေဟူသမျှကို ဖော်ထုတ်ရင်ဆိုင်ဖြိုချဖို့ လိုပါတယ်။
ပုံစံအမျိုးမျိုးအဖုံဖုံရှိနေတဲ့ ဖိနှိပ်မှုအထောက်အောက်ဝါစဥ်စီအဆောက်အအုံတွေကို မဖော်ထုတ်၊ မရင်ဆိုင်၊ မဖြိုချဘဲ မျက်စိလျှမ်းကျော်ခွ၍ဖြစ်စေ သို့မဟုတ် တမင်တကာထည့်မတွက် ငြင်းပယ်ချ၍ဖြစ်စေ သို့မဟုတ် ဖိနှိပ်မှုပုံစံတခုတည်းလွတ်မြောက်ရေးကိုသာတည်ဆောက်တာဖြစ်စေ ဘယ်လောက်မှ မခံတတ်ဘဲ triggerတခုခုပေါ်တာနဲ့ ဗီဇပြန်ပေါ်ပြီး ပြန်ပြိုကျတတ်တယ်ဆိုတာကို မျက်မှောက်သမိုင်းက အကြိမ်ကြိမ်သက်သေပြပြီးသား သံဝေဂ ရစရာဖြစ်ပါတယ်။ ဘယ်ဖိနှိပ်မှုတမျိုးကိုမဆို အဲဒီ့တမျိုးကိုပဲဇောင်းပေးပြီး ကျန်တဲ့ဖိနှိပ်မှုတွေကိုလျစ်လျူရှုထားရင်သော်လည်းကောင်း (ဝါ) ကျန်တဲ့ဖိနှိပ်မှုတွေ ရှိမှုကို အသိအမှတ်မပြုရင်သော်လည်းကောင်း (ဝါ) မိမိလက်ခံတဲ့ ဖိနှိပ်မှုကလွဲရင် ကျန်တဲ့ဖိနှိပ်မှုတွေကို အပရိကအဖြစ် ဒုတိယတန်းစားအဖြစ် သေးသိမ်အောင် ငြင်းပယ်ရင်သော်လည်းကောင်း (ဝါ) ဖိနှိပ်မှုပုံစံသဏ္ဍာန်အားလုံးကို မဖော်ထုတ်၊ မကိုင်တွယ်မဖြေရှင်းဘဲ ဖုံးဖိကျော်ချသွားရင်သော်လည်းကောင်း (ဝါ) ပုံစံအမျိုးမျိုးအဖိနှိပ်ခံတွေနဲ့ မပူးပေါင်းရင်သော်လည်းကောင်း အမှန်တကယ် မလွတ်မြောက်နိုင်ပါဘူး။
ဒါကြောင့် ဖိနှိပ်မှုတခုတည်းကိုသာ မျက်နှာမူဖြေရှင်းတဲ့စနစ်မျိုးတွေရဲ့ ယိုပေါက်ဟာပေါက်အားနည်းမှုတွေကြောင့် အခြားဖိနှိပ်မှုခံရသူတွေ ဆက်လက်ဖိနှိပ်ခံရတာကို တပါတည်းဖြေရှင်းဖို့အတွက်ဆိုရင် ဖိနှိပ်မှုပုံစံသဏ္ဍာန်ဟူသမျှကို ထည့်သွင်းစဥ်းစားဖြိုချဖျက်သိမ်းရေးနဲ့ အားလုံးသာတူညီမျှ လွတ်မြောက်မှုတည်ဆောက်ရေးကို လက်တွဲလုပ်ကြရမှာဖြစ်ပါတယ်။
အရင်ဆုံး လူမှုစီးပွား လူတန်းစား ဖိနှိပ်မှုနဲ့ ကြည့်ရအောင်ပါ။
လူမှုစီးပွား လူတန်းစား
ဆောင်းပါးအစမှာ တင်ပြခဲ့သလိုပဲ ပြည်တွင်းစစ်ရဲ့ အကြောင်းခံတွေထဲက တရပ်ဟာ စီးပွားရေးအကြောင်းရင်းခံတွေ၊ အကျိုးစီးပွားတွေ၊ အရင်းအမြစ်တွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ ဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ်၊ ဗြိတိသျှကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး နိုင်ငံခေတ် (ပါလီမာန်ဒီမိုကရေစီခေတ်၊ စစ်အာဏာရှင်တွေခေတ်၊ စစ်တပိုင်းအရပ်သားခေတ်၊ တကျော့ပြန်စစ်အာဏာရှင်ခေတ်) အစရှိသဖြင့် ခေတ်အဆက်ဆက် အချိန်ကာလရွေ့လျားမှုနဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေး အပြောင်းအလဲတွေ ရှိခဲ့တယ်ဆိုပေမယ့် ဒီလူ့အဖွဲ့အစည်းတွေအတွင်းမှာ လူတန်းစားအရေးဟာ မပြောင်းမလဲ အရေးပါထင်ရှားပေါ်လွင်နေတဲ့အကြောင်းရင်းခံတခု ဖြစ်ကျန်နေဆဲဖြစ်ပါတယ်။ ပုံစံအဖုံဖုံသော မတရားမှုတွေ မညီမျှမှုတွေ ဖိနှိပ်မှုတွေအကြောင်းပြောတဲ့အခါ လူတန်းစားအရေးကို မဖြစ်မနေ ထည့်သွင်းစဥ်းစားဖို့ လိုအပ်သလို၊ မြန်မာ့လူမှုစီးပွားအကြောင်းပြောတဲ့အခါ စစ်တပ်ရဲ့အခန်းကဏ္ဍကို မပါမဖြစ် ပြောရမှာ ဖြစ်ပါတယ်။ မြန်မာ့လူမှုစီးပွား အထက်အောက်ဝါစဥ်စီဖိနှိပ်မှုအဆောက်အအုံရဲ့ ထိပ်ဆုံးဗဟိုချက်မှာနေရာယူထားပြီး အရင်းအမြစ်၊ ပါဝါ၊ အခွင့်အလမ်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့လူတန်းစားဟာ မြန်မာစစ်အုပ်စုဖြစ်ပါတယ်။ သူနဲ့အပြန်အလှန်အကျိုးပြု နေရာယူတာကတော့ အရင်းရှင် ခရိုနီတွေ ဖြစ်နေခဲ့ပါတယ်။
ဒီအထက်အောက် ကြီးစဥ်ငယ်လိုက်ဝါစဥ်စီဖိနှိပ်မှုအဆောက်အအုံမှာ စစ်တပ်နဲ့ အပေးအယူပုလဲနံပသင့်ခဲ့တဲ့ ဗမာအီလိတချို့ရော ဗမာမဟုတ်တဲ့လူမျိုးအီလိတချို့ရော ပါဝင်ပါတယ်။ အောက်ဆုံးမှာကတော့တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲသားနင်းပြားလူတန်းစားတွေ ဖြစ်နေမြဲဖြစ်နေဆဲ ရှိပါတယ်။ ဒီအထဲမှာ တပန်းရှုံးတဲ့လူမှုစီးပွားအခြေအနေရှိသူအနေနဲ့ နိုင်ငံသားဖြစ်မှုမဖြစ်မှုအရ၊ ဂျင်န်ဒါအရ၊ လိင်စိတ်တိမ်းညွတ်မှုအရ၊ လူမျိုးဘာသာအရ၊ ဘာသာစကားအရ၊ ပထဝီအရ၊ အသက်အရ၊ ပညာရေးအရ၊ မျိုးဗီဇလက္ခဏာ/ ရုပ်ရည်ပုံပန်းသွင်ပြင်အရ၊ ရုပ်ပိုင်းနဲ့စိတ်ပိုင်း သန်စွမ်းမှု/မသန်စွမ်းမှုအရ၊ အိမ်ထောင်မှုဆိုင်ရာအရ၊ မိသားစု နှီးနွယ်မှုအရ၊ နိုင်ငံရေးဆက်နွယ်မှုအရ၊ …အစရှိတာတွေကြောင့် အခွင့်တပန်းရှုံးရမှုတွေနဲ့ပါ ဒွေးရောယှက်တင် ဒွန်တွဲတဲ့အခါဆိုရင် ပုံစံအမျိုးမျိုးဖိနှိပ်ခံရမှုက ပိုဆိုးရွားသွားပါတယ်။
တကယ်တော့ ၁၉၆၂မှာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စီးပွားရေးမှာ စစ်တပ်ကဝင်ပါခဲ့သလို စစ်ဘက်စီးပွားရေးလုပ်ဆောင်မှုနဲ့ အခွင့်ထူးခံမှုကို စတင်ရယူနေခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်လွတ်လပ်ရေးရချိန်ကစလို့ အာဏာရဖဆလပကို ကွန်မြူနစ်တွေနဲ့ ကရင်အပါအဝင်ဗမာမဟုတ်တဲ့လူမျိုးစုတွေက တော်လှန်ကြရာမှာ၊ ဖဆပလက စစ်တပ်ကိုအလွန်အကျွံအားကိုးပြီး ပြည်တွင်းစစ်ဆင်နွှဲ ဖိနှိပ်ခဲ့ပါတယ်။ အဲဒီ့နောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့စီးပွားရေးကျပ်တည်းမှုဖြစ်ပေါ်ခဲ့တဲ့အခါ လွတ်လပ်ရေးရပြီးဆယ်နှစ်အကြာ ၁၉၅၈ခုနှစ်မှာတော့ နေဝင်းခေါင်းဆောင်တဲ့စစ်တပ်က အိမ်စောင့်အစိုးရအဖြစ်ခဏတက်လာပြီး စီးပွားရေးကိုအတိုင်းအတာတခု ပြန်တည်ငြိမ်အောင်လုပ်ပြကာ ဗမာလူထုရဲ့ထောက်ခံမှုကို အရယူခဲ့ပါတယ်။ အဲဒီ့နောက် ၁၉၆၂မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဥ် ဆိုတာကိုကြေညာခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ(မဆလ)က လိုသလိုဆွဲယူပုံဖျက်ထားတဲ့ ဆိုရှယ်လစ်ဝါဒ+ဗမာအမျိုးသားရေးဝါဒ+ဗုဒ္ဓဘာသာ+ဖိုဝါဒ ရောသမမွှေထားတဲ့ နိုင်ငံတော်မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ နေဝင်းရဲ့မဆလနိုင်ငံတော်ဟာ ဘူဇွာဆန့်ကျင်ရေး၊ အရှင်းရှင်စနစ်ဆန့်ကျင်ရေး၊ အနောက်တိုင်းဆန့်ကျင်ရေးကို နိုင်ငံတော်မူဝါဒအဖြစ်ကျယ်ကျယ်လောင်လောင်ကျင့်သုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းအများအပြားကို ပြည်သူပိုင်သိမ်း၊ နိုင်ငံပိုင်ပြုလုပ်ခဲ့ပါတယ်။ ဆယ်စုနှစ်သုံးခုနီးပါးကြာအောင် အာဏာကို လက်မလွှတ်စတမ်းချုပ်ကိုင်သွားပြီး ၁၉၈၈ခုနှစ်မှာ လူထုဒီမိုကရေစီဆန္ဒပြပွဲတွေကြောင့် မဆလအာဏာရှင်အစိုးရပြုတ်ကျသွားတဲ့အခါ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး ဆယ်နိုင်ငံထဲက တနိုင်ငံအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အန္တိမမှာတော့ မဆလဟာ ဆိုရှယ်လစ်ဝါဒအမည်ခံ လိုရာစွဲလုပ်ခဲ့ရင်း ဗမာဗုဒ္ဓဖိုဝါဒနဲ့ စစ်တပ်မောင်ပိုင်စီးမှုကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
မဆလခေတ်အတွင်းမှာ စီးပွားရေးတွေကို နိုင်ငံပိုင်ပြုလုပ်ရာမှာ နိုင်ငံနဲ့ပြည်သူတွေရဲ့ အရင်းအမြစ်တွေ ကြွယ်ဝမှုတွေကို စစ်တပ်က သိမ်းပိုက်မှု၊ ထိန်းချုပ်မှု၊ အလွဲသုံးစားလုပ်မှု၊ ခိုးမှုတွေ ကျူးလွန်ခဲ့တာကြောင့် ခိုးရာပါအရင်းအမြစ်တွေဟာ စစ်တပ်အီလိတွေရဲ့မိသားစုတွေ၊ နိုင်ငံတော်အေးဂျင့်ဆိုတာတွေ၊ ဗျူရိုကရက်တစ်အီလိတွေရဲ့ လက်ထဲမှာ ကျရောက်သွားခဲ့ပါတယ်။
အဲဒီ့(၂၀)ရာစုက စစ်ခေါင်းဆောင်တွေ မတရားသဖြင့် ရယူခဲ့တဲ့ အရင်းအမြစ်တွေဟာ လက်ရှိ(၂၁)ရာစုအထိ သူတို့ရဲ့မိသားစုမျိုးဆက်တွေ အခွင့်ထူးခံလူတန်းစားအဖြစ် ဆက်လက်သုံးဖြုန်းနေနိုင်တဲ့အထိ အမြောက်အများဖြစ်ခဲ့ပြီး၊ ဒီစစ်အုပ်စုမိသားစုတွေဟာဆိုရင် အဲဒီ့အရင်းအမြစ်ကြွယ်ဝမှုနဲ့ အခွင့်ထူးတပန်းသာမှုတွေကိုအသုံးချပြီး အရပ်ဘက်ကဏ္ဍအသီးသီးမှာပါ နေရာယူကြီးစိုးလွှမ်းမိုးဆဲဖြစ်ပါတယ်။ အဲဒီ့လို လူတန်းစားအသစ်တခု စတင်ကြီးထွားစေခဲ့မှု၊ စစ်တပ်အီလိလူတန်းစားတခု၊ နိုင်ငံတော်အတွင်းကနိုင်ငံတော်တခုအဖြစ်ပြုမူတဲ့စစ်တပ်တတပ်ကို ဖန်တီးခဲ့တဲ့ ဆိုးမွေဟာ အခုအချိန်ထိ သက်ဆိုးရှည်ကျန်ရှိနေတဲ့ အဓိကပြဿနာတရပ် ဖြစ်ပါတယ်။
အဲဒီ့နောက် ၁၉၈၈ ကနေ ၂၀၁၁ခုနှစ်အထိ နောက်ထပ်စစ်အာဏာရှင်အစိုးရလက်ထက်မှာတော့ စျေးကွက်စီးပွားရေး၊ အရင်းရှင်စီးပွားရေးနဲ့ ခရိုနီတွေကို ကြီးထွားစေခဲ့ပါတယ်။ မဆလစီးပွားစနစ်ကြောင့် ပျက်သုန်းလုနီးဖြစ်သွားတဲ့နိုင်ငံ့စီးပွားရေးကို နအဖကပြောင်းပြန်လှန်ရာမှာ စီးပွားရေးမူဝါဒကို ပြောင်းတာတင်မကဘဲ အများပြည်သူဝန်ဆောင်မှုတွေနဲ့ပြည်သူ့ဖူလုံမှုတွေကိုပေးရမယ့် နိုင်ငံတော်ရဲ့တာဝန်ကိုပါ နအဖက မယူတော့ပါဘူး။ အဲဒီ့အစား ခရိုနီတွေကို လုပ်ပိုင်ခွင့်တွေပေးပြီး ခရိုနီတွေနဲ့စစ်တပ် အပြန်အလှန်အကျိုးပြုပေါင်းစားကြီးထွားရင်း ပြည်သူလူထု ဒုက္ခဆင်းရဲရောက်ရတဲ့နိုင်ငံတော် ဖြစ်ခဲ့ပါတယ်။ အစိုးရက ပြည်သူကိုပေးရမယ့်ဖူလုံမှုနဲ့ ဝန်ဆောင်မှုတာဝန်ကနေ နှုတ်ထွက်သွားခဲ့ပေမယ့် အဲဒါကလွဲရင် အရာအားလုံးမှာ ပါဝင်စွက်ဖက်၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်ခဲ့ပါတယ်။ သူတို့လက်အောက်မှာ နိုင်ငံသားအများစု စားရမဲ့မဲ့သောက်ရမဲ့မဲ့ ဆင်းရဲမွဲတေနေခဲ့ရပေမယ့် စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေဟာ မီလီယံနာတွေ၊ ဘီလီယံနာတွေ ဖြစ်လာခဲ့ကြပါတယ်။ မဆလနဲ့ နအဖ စီးပွားရေးမူဝါဒတွေက ဆိုရှယ်လစ်နဲ့အရင်းရှင်ဆိုပြီး အပေါ်ယံကွဲလွဲဟန်ပေါ်ပေမယ့် စစ်တပ်ရဲ့မောင်ပိုင်စီးလွှမ်းမိုးမှု၊ စစ်တပ်နဲ့ အီလိလူတန်းစား ပူးပေါင်းခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တာချင်း အတူတူဖြစ်သလို ပြည်သူလူထုဒုက္ခရောက်ရတာတွေချည်း အတူတူသာ ဖြစ်ပါတယ်။
အဲဒီ့နောက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ပြုပြင်ပြောင်းလဲရေးခေတ်ဆိုတဲ့ ၂၀၁၁-၂၀၂၁ စစ်တပိုင်းအရပ်သားတပိုင်းကာလမှာလည်း နိုင်ငံရေးနဲ့စီးပွားရေးမှာ စစ်တပ်လက်ဝါးကြီးအုပ်မှု၊ အရင်းရှင်စီးပွားရေးစနစ်၊ ခရိုနီလက်ဝါးကြီးအုပ်မှု၊ အုပ်စိုးသူလူတန်းစားနဲ့ အီလိလူတန်းစား အပြန်အလှန်အကျိုးပြုပူးပေါင်းမှုဟာ ဆက်လက်တည်ရှိနေဆဲဖြစ်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၅ကာလ စစ်ဗိုလ်ချုပ်လူထွက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ အခြေခံလူ့ရပိုင်ခွင့်တွေနဲ့ လွတ်လပ်မှုအချို့တွေ၊ စီးပွားရေးဖြေလျှော့မှုတွေ၊ ဖွံ့ဖြိုးမှုတွေ အတိုင်းအတာတခုထိ စတင်တံခါးဖွင့်လွတ်လပ်ခဲ့ပေမယ့် စစ်တပ်ရဲ့နိုင်ငံရေးစီးပွားရေးမောင်ပိုင်စီးမှုက ကြီးကြီးမားမားဆက်ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၅-၂၀၂၁ NLDအစိုးရဟာလည်း ခရိုနီတွေကို tycoonတိုင်ကွန်း(သက်ဆိုင်ရာလုပ်ငန်းမှာသြဇာတိက္ကမကြီးတဲ့ သူဌေးကြီး)အဖြစ် အမည်ချိုချိုပြောင်းလဲခေါ်ပြီး နိုင်ငံတော် တည်ဆောက်ရေးဆိုတာမှာ အရင်းအမြစ်ရှိသူ ခရိုနီတွေနဲ့ ပူးပေါင်းလုပ်ဖို့၊ သူတို့ရယူထားတဲ့အရင်းအမြစ်တွေကို နိုင်ငံအတွက်ပြန်လည်ထည့်ဝင်အသုံးချဖို့ ဖိတ်ခေါ်လက်ခံခဲ့ပါတယ်။ ဒီကြားထဲကဖြစ်စဥ်များစွာထဲမှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေပြင်ဆင်မှုကြောင့် ပြည်သူတွေရဲ့မြေယာဆုံးရှုံးရမှုနဲ့ အရင်းရှင်တွေရဲ့မြေယာသိမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီ့ဥပဒေအသက်ရောက်ဆုံးနဲ့ မြေယာဆုံးရှုံးမှုအန္တရာယ်ကို အခံရဆုံးဖြစ်ခဲ့တာကတော့ ဗမာမဟုတ်တဲ့ လူမျိုးစုပြည်နယ်တွေ ဖြစ်ပါတယ်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုတာကိုလုပ်တဲ့အခါ အစိုးရ-စစ်တပ်-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံမှုတွေမှာ အရင်းရှင်လုပ်ငန်းရှင်ကြီးတွေ ပါဝင်ခဲ့ပြီး ပြည်နယ်တွေမှာ သယံဇာတထုတ်ယူမှုပုံစံအမျိုးမျိုးနဲ့အခြေခံအဆောက်အအုံ လုပ်ကိုင်ခွင့်နဲ့ အကျိုးစီးပွားဖလှယ်မှုတွေ ရှိခဲ့ပါတယ်။ အဆုံးမှာတော့ အရင်းရှင်စနစ်နဲ့ ဖက်ဒရယ်နှမ်းဖြူးဒီမိုကရေစီဖားတပိုင်းငါးတပိုင်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကစားပွဲထဲမှာ ဆက်ရှိနေခဲ့ပါတယ်။
အဲဒီ့နောက် ၂၀၂၁ကစတဲ့ တကျော့ပြန်စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်အာဏာရှင်ခေတ်မှာ မြန်မာစစ်တပ်ဟာ သူ့ဥာဥ်ဆိုးအတိုင်း ကဏ္ဍအားလုံး အလုံးစုံချုပ်ကိုင်ဖို့ ထပ်ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အပါအဝင် အစစအရာရာ အထွေထွေချွတ်ခြုံကျ၊ အထွေထွေမလုံခြုံတဲ့ ကျရှုံးနိုင်ငံဖြစ်နေခဲ့သလို၊ နိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေကြောင့် ဗမာမြန်မာလူများစုအပါအဝင် လူမျိုးပေါင်းစုံ အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုတွေပျက်စီးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ ဘဝပျက်မှု၊ အထွေထွေပျက်သုန်းမှုတွေ ဖြစ်ပွားနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တရားဝင်အစိုးရ မရှိနေပါဘူး။
လွတ်လပ်ရေးရချိန်ကနေ အခုအချိန်အထိ ကာလတွေအားလုံးမှာ ဗမာမဟုတ်တဲ့လူမျိုးစုတွေအတွက်ဆိုရင် ဒီလိုလူမှုစီးပွားဆိုင်ရာဖိနှိပ်မှုအပါအဝင် အာဏာရှင်အုပ်စိုးမှုနဲ့တကွ သူတို့ရဲ့ လူမျိုးဖြစ်တည်မှု အိုင်ဒန်တတီအရဖိနှိပ်မှုတွေကိုပါ ခံစားနေခဲ့ကြရပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့အုပ်စိုးသူအဆက်ဆက် လက်ဝဲယိမ်းစီးပွားရေးမူဝါဒ ကိုင်စွဲချိန်ကာလဖြစ်စေ၊ အရှင်းရှင်စီးပွားရေးကျင့်သုံးသည်ဖြစ်စေ၊ လက်ယာယိမ်းအမျိုးသားရေးဝါဒတောက်လျှောက်ကိုင်စွဲသည်ဖြစ်စေ၊ စစ်တပ်နဲ့ ဗမာအတိုက်အခံတော်လှန်ရေးအင်အားစုတွေဟာ အိုင်ဒီယော်လော်ဂျီအရ အကျိုးစီးပွားအရ အချင်းချင်းကြား ပဋိပက္ခတွေရှိသည့်တိုင်၊ ဗမာမဟုတ်တဲ့လူမျိုးစုတွေ အပေါ်မှာတော့ ယေဘုယျဘုံသဘောထားရပ်တည်ချက်တူနေခဲ့ကြတာ ခေတ်အဆက်ဆက်ပဲဖြစ်ပါတယ်။ ဒီကာလတွေအတောအတွင်းမှာ ဗမာမဟုတ်တဲ့လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့နဲ့ စစ်တပ်အကြား အပေးယူလုပ်ခဲ့တာတွေ၊ ဗမာမဟုတ်တဲ့လူမျိုးတွေထဲမှာလည်း လူတန်းစားအရ အီလိတွေနဲ့အခွင့်ထူးတပန်းသာသူတွေရှိနေပြီး သူတို့လက်အောက်မှာ underprivilegedတွေ ဖိနှိပ်မှုပြန်ခံရတာတွေကို မကြာခဏထောက်ပြကြလေ့ ရှိပါတယ်။ ဒါဟာလည်း အရှိတရားတခု ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အဲဒီ့လို ဗမာမဟုတ်တဲ့လူမျိုးတွေထဲ အီလိလူတန်းစားရှိနေမှုဟာ ဗမာမဟုတ်တဲ့လူမျိုးစုတွေရဲ့ ဖြစ်တည်မှုတွေ ဖိနှိပ်ခံရမှုတွေ ရုန်းကန်တော်လှန်မှုတွေကို သေးသိမ်အောင်လုပ် ဘေးဖယ်ထုတ်ဖို့အတွက် ဆင်ခြေဆင်လက် justificationပေးစရာ မဟုတ်ကြောင်း သတိချပ်ရမှာပါပဲ။
တချိန်တည်းမှာပဲ အဲဒီ့အီလိလူတန်းစားအချို့အပါအဝင် လူမျိုးပေါင်းစုံလူတန်းစားပေါင်းစုံအပေါ်မှာ ဗမာဗဟိုပြုလူမျိုးရေးကို နိုင်ငံရေးမှုပြုထားတဲ့ လူမျိုးရေးဖိနှိပ်တဲ့ နိုင်ငံရေးစနစ်ကလွှမ်းမိုးထားတာလည်း ရှိနေခဲ့ပါတယ်။ မြန်မာဗမာမဟုတ်တဲ့ လူမျိုးစုဝင်တွေရဲ့လူမှုစီးပွားလူတန်းစားဟာ မြန်မာနိုင်ငံရဲ့လူမျိုးရေးခွဲခြားတဲ့ဖိနှိပ်မှုစနစ်နဲ့ တွေ့တဲ့အခါ ထိလွယ်ရှလွယ်ကြေမွပျက်စီးလွယ်ကြောင်း အကြိမ်ကြိမ်သက်သေထင်ရှားရှိပါတယ်။ အထက်အောက် ဝါစဥ်ဖိနှိပ်မှုစနစ်မှာ ဗမာမဟုတ်တဲ့လူမျိုးစုတွေရဲ့ လူမှုစီးပွားလူတန်းစားဆိုတာဟာ ဗမာပေါ်လတီနဲ့စစ်တပ်က အပေးအယူလုပ်ထားသလောက် သို့မဟုတ် ဗမာပေါ်လတီနဲ့စစ်တပ်က လွှတ်ထားတဲ့အတိုင်းအတာ သို့မဟုတ် လက်ဝါးကြီးအုပ်တဲ့အတိုင်းအတာ အပေါ်မူတည်နေခဲ့ပါတယ်။
ဒီအတွက် ဥပမာများစွာအနက် ဒီဆောင်းပါးမှာစကားစပ်မိပြီးဖြစ်တဲ့ ၁၉၆၂ကို ကြည့်ကြရအောင်ပါ။ ဗြိတိသျှကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရှမ်းလူ့အဖွဲ့အစည်းမှာ အုပ်စိုးသူလူတန်းစားဖြစ်ခဲ့သလို လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံသစ်မှာလည်း ပထမဆုံးအစိုးရအဖွဲ့ခေါင်းဆောင်သမ္မတဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်မိသားစုကို မြန်မာစစ်တပ်က အာဏာသိမ်းဖြုတ်ချလိုက်တဲ့ဖြစ်ရပ်ဟာ ထင်ရှားပါတယ်။ အထူးသဖြင့် စဝ်ရွှေသိုက်ရဲ့သမီးဖြစ်သူ ရှမ်းတော်ဝင်မင်းသမီး စဝ်စန္ဒာ(စဝ်နန်းမြစန္ဒာ)ရဲ့ အခွင့်ထူးတပန်းသာမှုတွေ အခွင့်တပန်းရှုံးဖိနှိပ်မှုတွေ ရောပြွန်းနေတဲ့ဘဝဖြစ်စဥ်ကိုလည်း သာဓကကြည့်နိုင်ပါတယ်။ သူဟာ လူတန်းစားအရ ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရှမ်းအုပ်စိုးသူစော်ဘွားမိသားစုနဲ့ မြန်မာ့ပထမဆုံးအစိုးရသမ္မတမိသားစုဝင်ဦးအနေနဲ့ အီလိဖြစ်ခဲ့ပြီး၊ ပညာရေးမှာလည်း Cambridgeဘွဲ့ရတဦးဖြစ်သလို၊ အင်အားကောင်းတဲ့အဆက်အသွယ်တွေလည်း ရှိခဲ့သူဖြစ်ပါတယ်။ ဒီလို လူတန်းစားဆိုင်ရာအခွင့်ထူးတပန်းသာမှုတွေနဲ့ ပညာရေးလက်လှမ်းမှီတပန်းသာရရှိမှုအရ ထူးချွန်တဲ့ကျွမ်းကျင်မှုတွေ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေခဲ့သူဖြစ်ပေမယ့်လည်း ရှမ်းဖြစ်မှုဆိုတဲ့ သူ့ရဲ့ လူမျိုးအိုင်ဒန်တတီအရမို့လိုကို မြန်မာဗမာပေါ်လတီရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဘေးဖယ်ပထုတ်မှု ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုနဲ့ ဖိစီးနှိပ်စက်မှုတွေကို ခံရတဲ့အခါ သူ့ရဲ့လူမှုစီးပွားလူတန်းစားအပေါ်ကို လူမျိုးအရလွှမ်းမိုးချုပ်ကိုင်သိမ်းပိုက်မှုက အနိုင်ကျင့်သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဂျင်န်ဒါအရ အမျိုးသမီးဖြစ်မှု၊ သူ့နိုင်ငံရေးဆက်နွယ်မှု၊ မိသားစုနှီးနွယ်မှု အပါအဝင်အစရှိတာတွေကြောင့် အကန့်အသတ်တွေ ဘေးဖယ်ပထုတ်ခံရမှုတွေ ဖိနှိပ်မှုတွေကို ကြုံတွေ့နေခဲ့ရပါတယ်။
စဝ်စန္ဒာရဲ့ဘဝဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် ဖိနှိပ်မှုအထက်အောက် ဝါစဥ်အဆောက်အအုံတွေအတွင်းမှာ လူတဦးချင်းစီရဲ့ဘဝတွေကို သက်ရောက်ပုံဖော်တဲ့ identity-oppression/privilege-power အပြန်အလှန်ချိတ်ဆက်မှုကလာတဲ့ ဂယက်ရိုက်ခတ်မှုကြီးတွေကို မြင်နိုင်ပါတယ်။ တခါတုန်းက ရှမ်းလူ့အဖွဲ့အစည်းမှာ အထက်အောက် ဝါစဥ်စီအဆောက်အအုံရဲ့ထိပ်ဆုံးနေရာဖြစ်တဲ့စော်ဘွားတွေ ရှမ်းအုပ်စိုးသူအီလိတွေဟာ လူမျိုးမှုပြုထားတဲ့ မြန်မာနိုင်ငံရဲ့ဖိနှိပ်မှုစနစ်အောက်မှာ ပါဝါသိမ်းယူဖိနှိပ်ခံခဲ့ရပြီး မြန်မာနိုင်ငံရဲ့လူမျိုးရေးအထက်အောက်ဝါစဥ်စီဖိနှိပ်မှုအဆောက်အအုံမှာ အောက်ရောက်သွားပါတယ်။ ဗမာမဟုတ်တဲ့လူမျိုးစုများစွာက အရပ်သားပြည်သူတွေနဲ့ဘဝတူပဲ ရှမ်းအရပ်သားပြည်သူတွေဟာလည်း အခြားသောဖိနှိပ်မှုတွေနဲ့တကွ လူမျိုးကြောင့်ဖိနှိပ်မှုကိုပါ ခံနေခဲ့ရတာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ အထောက်အောက်ဝါစဥ်စီဖိနှိပ်မှုအဆောက်အအုံတွေကို ဖြိုချဖျက်သိမ်းကြတဲ့နေရာမှာ တခုကိုပဲ ကွက်လုပ်သရွေ့ ဖိနှိပ်မှုမလွတ်မြောက်ဘဲ အခြားအဆောက်အအုံ တခုမဟုတ်တခုအောက် ကျရောက်တတ်တာကို သတိမူပြီး၊ အထက်အောက်ဝါစဥ်ဖိနှိပ်မှုအဆောက်အအုံဟူသမျှကို ဖြိုချဖျက်သိမ်းကြရမယ်ဆိုတာ မြင်သာလှပါတယ်။
အခုအချိန်အထိ ဗမာမဟုတ်တဲ့လူမျိုးစုတော်လှန်ရေးအဖွဲ့တွေနဲ့ ဗမာကြီးစိုးတဲ့အစိုးရနဲ့စစ်တပ်ကြား လုပ်ခဲ့သမျှ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေဟာလည်း အရင်းရှင်ဆန်ခဲ့ပြီး အပစ်ရပ်အရှင်းရှင်အပေးအယူတွေသာ ဖြစ်ခဲ့ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးပြဿနာဇာတ်မြစ်ဖြေရှင်းဖို့နဲ့ ဖက်ဒရယ်လစ်ဇင်အရေးကို ဘယ်တုန်းကမှ အမှန်တကယ်မလုပ်ဆောင်ခဲ့ဘဲ၊ ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်နဲ့အပစ်အခတ်ရပ်စဲမှုကို ဖလှယ်လဲလှယ်ဖို့လောက်သာလုပ်ရင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ(EROs or EAOs)ကို လက်နက်ဖြုတ်ပြီး အားလုံးသူ့အောက်သွတ်သွင်းဖို့ ၊ သွတ်သွင်းလို့မရရင် အားလုံးနဲ့ တပြိုင်တည်းတိုက်စရာမလိုအောင် တချို့တိုက်၊ တချို့ခွေထားဖို့လောက်သာ အားသန်ခဲ့ပါတယ်။
အရင်းရှင်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပါအဝင် အရင်းရှင်စနစ်ဟာ မြန်မာ့ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် စုံလင်ကွဲပြားတဲ့လူ့အဖွဲ့အစည်းအောက်ခြေမှာ ကျရောက်နေရတဲ့လူတွေ ရင်ဆိုင်နေရတဲ့အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုကို ဖန်တီးလည်း ဖန်တီးသလို ပိုလည်းဆိုးရွားနေစေခဲ့ပါတယ်။ မတည်ငြိမ်မှုတွေနဲ့အကျပ်အတည်းတွေ၊ ဝင်ငွေနဲ့ စီးပွားရေး မညီမျှမှုတွေ၊ မမျှတတဲ့အရင်းအမြစ်ခွဲဝေဖြန့်မှုတွေ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ၊ အလုပ်သမားတွေနဲ့ သူတို့လုပ်အားကနေဖန်တီးလိုက်တဲ့ထုတ်လုပ်မှုတွေကြား လုပ်ငန်းခွင်လုပ်ငန်းစဥ်ကြား အလုပ်သမားအချင်းချင်းကြား လူသားမျိုးနွယ်အလားအလာကြား အစရှိသဖြင့်တွေကြား ကင်းကွာမှု၊ အလုပ်အကိုင်မလုံခြုံမှုနဲ့ အလုပ်လက်မဲ့နှုန်းမြင့်မှု၊ ကော်ပိုရိတ် လက်ဝါးကြီးအုပ်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ပျက်ယွင်းလျော့ပါးမှု၊ အခြားချို့ယွင်းအားနည်းချက်တွေ အပါအဝင် အရင်းရှင်စနစ်ရဲ့ပြဿနာတွေဟာ မျက်ကွယ်ပြုလို့မရဘဲ မြန်မာနဲ့တကွ ကမ္ဘာလုံးဆိုင်ရာ လူသားထုအတွက် စိန်ခေါ်မှုဖြစ်ပါတယ်။ အရင်းရှင်စနစ်အပါအဝင် ဖိနှိပ်မှုအဆောက်အအုံဟူသမျှကို ကိုင်တွယ်ဖြိုချကြရမှာပါ။
မြန်မာ့နိုင်ငံရေးဟာ အမြဲတစေဆိုသလိုပဲ အီလိလူတန်းစားတွေကြား အခွင့်ထူးခံတပန်းသာသူတွေကြားက အပေးအယူလုပ်မှု သို့မဟုတ် အပေးအယူမတည့်ချိန်ပဋိပက္ခတွေထဖြစ်မှု နပန်းလုံး သံသရာလည်နေခဲ့ပြီး၊ အလုပ်သမားလူတန်းစား လယ်သမားလူတန်းစား အလုပ်လက်မဲ့လူတန်းစား ပညာသင်ခွင့်လက်လှမ်းမမီမလွယ်ကူတဲ့လူတန်းစား အစရှိသဖြင့်အပါအဝင် အခြေခံလူတန်းစားတွေဟာ အီလိတွေအဆင်ပြေချိန်မှာ ဘေးဖယ်ပထုတ်ဖိနှိပ်ခံကြရသလို အီလိတွေအဆင်မပြေချိန်မှာလည်း အသုံးချဖိနှိပ်ခံကြရပါတယ်။
တချိန်တည်းမှာပဲ ဒီ မတရားမမျှတမှုအဆောက်အအုံကြီးအောက်မှာ လူမှုစီးပွားလူတန်းစားတူတဲ့လူအချင်းချင်းမှာတောင်မှ အရပ်သား-စစ်သားဖြစ်မှုအရ၊ လူမျိုးအရ၊ ကိုးကွယ်ယုံကြည်မှုဘာသာအရ၊ နိုင်ငံသားဖြစ်မှုအရ၊ တရားဝင်/တရားမဝင် အထောက်အထားရှိ/မရှိ၊ ပညာရေး၊ ဂျင်န်ဒါ၊ အသက်/မျိုးဆက်၊ လိင်စိတ်တိမ်းညွတ်မှု၊ တည်နေရာ ပထဝီ ( ပြည်နယ်/တိုင်း၊ မြို့ပြ/ကျေးလက် ၊ ပြည်တွင်း/ပြည်ပ၊ ဂလိုဘယ်မြောက်/တောင်၊ ဇာတိ/လက်ရှိ)၊ ဘာသာစကား၊ မျိုးဗီဇလက္ခဏာ/ ရုပ်ရည်ပုံပန်းသွင်ပြင်၊ ရုပ်ပိုင်းနဲ့စိတ်ပိုင်း သန်စွမ်းမှု/မသန်စွမ်းမှု၊ အိမ်ထောင်မှုဆိုင်ရာအနေအထား၊ မိသားစု နှီးနွယ်မှု၊ နိုင်ငံရေးဆက်နွယ်မှု … အစရှိတာတွေအပါအဝင် လူမှုရေးနဲ့နိုင်ငံရေးအိုင်ဒန်တတီတွေအလိုက် မတရားမမျှတမှုအမျိုးမျိုး ဖိနှိပ်မှုပုံစံအမျိုးမျိုးဟာ တခုချင်းစီရဲ့ဖိနှိပ်မှုရှိနေကြသလို တခုနဲ့တခုထပ် အတွင်းထဲမှာအချင်းချင်းဆက်စပ်ပြီး အပြန်အလှန်အကျိုးသက်ရောက်ဖိနှိပ်နေကြပါတယ်။ ဆောင်းပါးအစပိုင်းမှာ တင်ပြခဲ့သလိုပဲ စီးပွားရေးအကြောင်းရင်းခံတွေနဲ့ လူမှုနိုင်ငံရေးဆိုင်ရာနစ်နာမှုမကျေနပ်မှုတွေဟာ တခုနဲ့တခု ထိ/ဖြတ်/ဆုံ/ထပ်/နေကြတဲ့အိုင်ဒန်တတီတွေအပေါ်အခြေပြုပြီး အိုင်ဒန်တတီအလိုက် တမျိုးတဖုံပြောင်းစေသလို၊ ပဋိပက္ခတွေဟာလည်း လူပုဂ္ဂိုလ်တဦးချင်းစီတွေနဲ့ လူ့အသိုက်အဝန်းတွေကို အချိုးအစားမကျ သက်ရောက်ထိခိုက်ပါတယ်။ အင်တာဆက်ရှင်နယ်လတီဆိုတာဟာ ဒါတွေအားလုံးကို ထည့်သွင်းစဥ်းစားတာပါပဲ။
ဆောင်းပါးအစမှာ ပြောခဲ့သလိုပဲ မြန်မာ့ပြဿနာတွေနဲ့ပြည်တွင်းစစ်ဟာ ရုပ်ဝတ္ထုပိုင်းအကြောင်းရင်းခံတွေနဲ့ ရုပ်ဝတ္ထုပိုင်းမဟုတ်တဲ့အကြောင်းရင်းခံတွေ နှစ်ခုထဲကတခု သီးသန့်တခုတည်းကြောင့် မဟုတ်ဘဲ၊ နှစ်ခုစလုံးရောနှောဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အထောက်အောက်ဝါစဥ် ဖိနှိပ်မှုအဆောက်အအုံတွေနဲ့အရင်းရှင်စနစ်အဆောက်အအုံ အစား၊ သာတူညီမျှတဲ့စနစ်သစ်တွေကို တည်ထောင်တဲ့အခါမှာ မှန်ဘီလူးတခုတည်းသာကြည့်ပြီး ကျန်တဲ့ဖိနှိပ်မှုတွေကိုအလေးမထားမကြည့်တဲ့ reductionistမဖြစ်ဖို့ သတိချပ်သင့်ပြီး၊ အထက်အောက်ဝါစဥ်စီဖိနှိပ်မှုအဆောက်အအုံဟူသမျှကိုဆန့်ကျင်ဖြိုချရင်း၊ intersectionalityထည့်သွင်းစဥ်းစားတဲ့သာတူညီမျှစနစ်တွေ တည်ဆောက်ကြသွားကြမှသာ ပြေလည်ပါလိမ့်မယ်။
အခုအချိန်မှာဆိုရင် လွတ်လပ်ရေးနဲ့အတူစတင်ခဲ့တဲ့ ဗမာမဟုတ်တဲ့လူမျိုးစုတွေရဲ့ ဆယ်စုနှစ်များစွာချီတော်လှန်ရေးနဲ့ ၂၀၂၁ခုနှစ်ကစတဲ့ဗမာလူများစု ပူးပေါင်းပါဝင်တဲ့နွေဦးတော်လှန်ရေးဟာ စတင် intersectဖြစ်ပြီး သမိုင်းအချိုးအကွေ့တခုကို ဖန်တီးဖြစ်ပေါ်နေစေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာစစ်တပ်ရဲ့ ကြီးစိုးလွှမ်းမိုးမှုဟာ နိဂုံးချုပ်ပြိုကျခါနီးနေပါပြီ။ ဒါပေမဲ့ ဒီစစ်တပ်တခုပြိုကျရုံ၊ အစိုးရအပြောင်းအလဲဖြစ်ရုံနဲ့ တော်လှန်ရေးမပြီးဘဲ မတရားမှုဟူသမျှ၊ မညီမျှမှုဟူသမျှ၊ ဖိနှိပ်မှုဟူသမျှကို တော်လှန်ဖြိုချပြီး intersectional equityနဲ့ intersectional liberationကို တည်ဆောက်ကြဖို့ လိုပါတယ်။
အခုတော့ ဗြိတိသျှကိုလိုနီမတိုင်ခင်၊ ကိုလိုနီခေတ်၊ ကိုလိုနီအလွန် ကာလသုံးပါးကို အကျဥ်းဆွေးနွေးပါရစေ။
ဥရောပဗဟိုပြုကိုလိုနီပြုမှု၊ ဗမာဗဟိုပြုကိုလိုနီပြုမှုနဲ့ ဆင့်ကဲအထပ်ထပ်ကွမ်းဖိနှိပ်မှုများ
ကိုလိုနီခေတ်မတိုင်ခင်တုန်းကလည်း အိမ်နီးချင်းနားချင်းလူမျိုးအုပ်စုတွေကြား အပြန်အလှန်စစ်ခင်းလိုက်၊ သံတမန်ခင်းလိုက်၊ အင်အားသာသူက နိုင်ထက်စီးနင်းသိမ်းလိုက် စသဖြင့် လုံးလည်ချာလည်ဖြစ်လာခဲ့ကြတဲ့ လူမျိုးရေးနဲ့နယ်မြေအရ ခွဲခြားမှုပုံစံရှိတဲ့အပြင်၊ ကျေးကျွန် - သခင်၊ လက်အောက်ခံပြည်သူ - ဘုရင်နဲ့တကွတော်ဝင်မိသားစု၊ ဆွေစဥ်မျိုးရိုး၊ ဂျင်န်ဒါ၊ လူတန်းစား၊ ဇာတ်အမျိုးအစား၊ အသက်မွေးဝမ်းကြောင်းအုပ်စု၊ … အစရှိသဖြင့် အပါအဝင် အုပ်စုအမျိုးအစား ခွဲခြားဆက်ဆံမှုတွေ ဘေးဖယ်ပထုတ်မှုတွေ ပုံစံအမျိုးမျိုး အများကြီးရှိခဲ့ပါတယ်။ ပညာရှင်တွေရဲ့သုတေသနတွေနဲ့ ဌာနေဒေသခံတွေရဲ့မှတ်တမ်းတွေအရ - အရှေ့တောင်အာရှဒေသမှာ အဲဒီ့လိုခွဲခြားမှုတွေဟာ မြေနိမ့်မြေပြန့်တွေမှာ ပိုဆိုးခဲ့တယ်လို့ ဆိုတယ်။ မြေနိမ့်ပေါ်လတီတွေ မပေါက်ရောက်တဲ့ ကုန်းမြင့်တောင်တန်းဒေသတွေမှာကတော့ တနည်းတဖုံ ပိုသာတူညီမျှရှိတဲ့ပုံစံတွေ ဘုံဆိုင်စနစ်ကျင့်သုံးမှုတွေ အနည်းနဲ့အများ ရှိခဲ့ကြပါသတဲ့။
အစဥ်အလာအားဖြင့် တော်ဝင်မိသားစု၊ မင်းမျိုးစိုးနွယ်တွေ၊ မြေရှင်တွေ ပါဝင်တဲ့ အီလိအနည်းစုရဲ့ လက်ထဲမှာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ပါဝါ၊ အရင်းအမြစ်နဲ့ ကြွယ်ဝမှုတွေကို စုကိုင်ထားတဲ့ စနစ်ရှိခဲ့ပြီး၊ အဲဒီ့အထက်အောက်ဝါစဥ်စီလူမှုအဆောက်အအုံမှာ ကျွန်ပြုခံရသူတွေ၊ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေနဲ့ သာမာန်ပြည်သူအများစုဟာ ခေတ်အဆက်ဆက် ခွဲခြားနှိမ်ချဆက်ဆံမှုတွေ ဘေးဖယ်ချန်လှပ်မှုတွေ ခေါင်းပုံဖြတ်မှုတွေ ရင်ဆိုင်နေခဲ့ကြရပါတယ်။
ကိုလိုနီခေတ်ရောက်တဲ့အခါ race လူမျိုး ဆိုတာနဲ့ အုပ်စုအမျိုးအစားသတ်မှတ်မှုကို ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးက လုပ်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ ရှိရင်းစွဲလူတန်းစားအကွဲအပြဲတွေကို နောက်တနည်းနဲ့ ဆိုးစေခဲ့တဲ့အပြင် လူမျိုးရေးအရလည်း အမျိုးအစားသတ်မှတ်မှုပုံစံအသစ် ရှိခဲ့ပါတယ်။ သမိုင်းနောက်ခံကားချပ်ကို ကြည့်မယ်ဆိုရင် အဲဒီ့ (၁၉)ရာစုကာလဆိုတာဟာ ဥရောပသားတွေ လူဖြူတွေက သူတို့ကိုယ်သူတို့ တကမ္ဘာလုံးရဲ့လူသားမျိုးနွယ်တွေထဲမှာ အမြင့်ဆုံး၊ ယဥ်ကျေးမှုလူ့အဖွဲ့အစည်း ကြီးစဥ်ငယ်လိုက်အထက်အောက်ဝါစဥ်စနစ်ရဲ့ ထိပ်ဆုံး နေရာမှာရှိတယ်ဆိုပြီး သူတို့ကိုယ်သူတို့ယူဆမှု အထွတ်အထိပ်ရောက်တဲ့ကာလပါပဲ။ ဥရောပသား ပညာရှင်တချို့ စတင်ဖြန့်ဝေသွတ်သွင်းခဲ့တဲ့ သိပ္ပံနည်းကျယောင်ဆောင်ထားတဲ့ သားစဥ်မြေးဆက်ဆိုင်ရာသီအိုရီတွေ၊ သိပ္ပံနည်းကျလူမျိုးရေးဝါဒလို့ဆိုတဲ့သီအိုရီတွေဟာ ကမ္ဘာအနှံ့ကိုလိုနီပြုတဲ့ ဥရောပသားတွေအပေါ် လွှမ်းမိုးခဲ့ပါတယ်။ တကယ်တော့ လူဖြူတွေက တခြားလူတွေထက် ပိုပြီးဥာဏ်ရည်မြင့်မားတယ်၊ ပိုလူဆန်တယ်၊ ပိုစွမ်းဆောင်နိုင်ရည်ရှိတယ်၊ ပိုစမတ်ကျတယ် ဆိုတဲ့ လူဖြူလူမျိုးကြီးဝါဒဟာ (၁၉)ရာစုမတိုင်ကတည်းက စတင်ပျံ့နှံ့နေခဲ့ပြီဖြစ်ပါတယ်။ အဲဒီ့နောက် ကျန်တဲ့လူမျိုးတွေကို inferiorတွေလို့ယူဆတဲ့ ဥရောပသားလူဖြူတွေရဲ့ နယ်ချဲ့အင်ပါယာဝါဒ၊ ကိုလိုနီစနစ်၊ ဌာနေဒေသခံလူတွေကို လက်အောက်ခံအဖြစ်သွတ်သွင်းမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ အမျိုးမျိုးသော ခွဲခြားမှုတွေနဲ့ဖိနှိပ်မှုတွေ ကျူးလွန်တာကို မှန်ကန်တရားမျှတပါတယ်ဆိုပြီး အဲဒီ့သီအိုရီတွေက ဆင်ခြေပေးခဲ့တယ်။ အဲဒီ့လို သိပ္ပံယောင်ဆောင်ထားတဲ့သီအိုရီအပေါ်အခြေပြုပြီးတော့ လူမျိုးရေးခွဲခြားထားတဲ့ကမ္ဘာကြီးကို တည်ဆောက်ခဲ့ကြတယ်။ အဲဒါဟာ (၂၀)ရာစုမှာ ဖက်ဆစ်နာဇီအိုင်ဒီယော်လော်ဂျီနဲ့ မူဝါဒတွေဖြစ်လာစေတဲ့ အပေါ်မှာလည်း လွှမ်းမိုးခဲ့ပါတယ်။
မြန်မာမှာတော့ ဗြိတိသျှကိုလိုနီတွေက အဲဒီ့လို အထက်အောက်ဝါစဥ်ကြီးစဥ်ငယ်လိုက်စီတဲ့ လူမျိုးဆိုင်ရာစနစ် တိုက်ရိုက်လုပ်ခဲ့တာ မဟုတ်ပေမယ့်လည်း၊ ဗြိတိသျှအုပ်ချုပ်ရေးအစီအမံတွေဟာ အုပ်စုစီမှု တနည်းတဖုံ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ နေထိုင်သူတွေကို မူရင်းဌာနေဒေသနဲ့ မူရင်းဌာနေဒေသခံမဟုတ်သူတွေ ဆိုပြီး အမျိုးအစားခွဲခြားခဲ့တယ်၊ စောရောက်သူနဲ့ နောက်ကျရောက်သူ ခွဲသတ်မှတ်ခဲ့တယ်၊ လူမျိုးဆိုင်ရာ အပြင်ပန်း ခြားနားချက်တွေကို မျိုးတူစု အုပ်စုခွဲ အမျိုးအမည်သတ်မှတ်တာ လုပ်ခဲ့တယ်၊ ဘာသာစကားအုပ်စု ယဥ်ကျေးမှုဓလေ့အုပ်စု စသဖြင့်တွေနဲ့ အမျိုးအစားတွေ ချိတ်ဆက်ခဲ့တယ်၊ အဲဒီ့လို အုပ်စုသတ်မှတ်ထားတဲ့ လူတွေအလိုက် သူတို့အသီးသီးမှာ ဘယ်လိုပင်ကို စရိုက်လက္ခဏာတွေ အရည်အချင်းတွေရှိတယ်ဆိုပြီးလည်း ပညတ်ခဲ့တယ်။ အဲဒီ့လို အုပ်စုအမျိုးအစားသတ်မှတ်ချက်တွေအားဖြင့် လူမျိုးအရအထက်အောက်ဝါစဥ်စီမှု ဖြစ်ခဲ့တယ်။ လူဖြူတွေဟာ သူတို့ကိုယ်သူတို့ superiorဖြစ်တယ်ဆိုတဲ့ အခွင့်ထူးခံတပန်းသာတဲ့ အနေအထားယူထားပြီးတော့မှ ကျန်လူတွေကို ခွဲခြားမှုပုံစံအမျိုးမျိုးအောက် တပန်းသာမှုတွေ တပန်းရှုံးမှုတွေထဲ အဆိုင်းချထားခဲ့တဲ့ ဖိနှိပ်မှုစနစ်အဆောက်အအုံကြီး ဖြစ်ပါတယ်။
အဲဒီ့နောက် ၁၉၄၇ပင်လုံစာချုပ်နဲ့ ဒီမြေပုံနယ်နိမိတ်နဲ့ပြည်ထောင်စုနိုင်ငံအဖြစ် ပူးပေါင်းတည်ထောင်ခဲ့ကြပြီး၊ ၁၉၄၈မှာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ကြပါတယ်။ လွတ်လပ်ခါစ ပူပူနွေးနွေး အသစ်စက်စက်နိုင်ငံကလေးဘဝတုန်းကတော့ လူမျိုး၊ မျိုးရိုး စတာကြောင့်အပြင် ဒီနိုင်ငံမှာနေထိုင်သူတိုင်းနီးပါး နိုင်ငံသားဖြစ်ခွင့်ရှိတဲ့၊ နိုင်ငံသားအဖြစ်ရွေးချယ်ခွင့်ရှိတဲ့ အခြေအနေ ခဏတဖြုတ် ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ဆယ်နှစ်တောင်မပြည့်ခင်မှာဘဲ အရင်ပြည်ထောင်စုအဖြစ်မတည်ထောင်ခင်က ဗမာစစ်တပ်နဲ့ပေါ်လတီ မအုပ်ချုပ်ခဲ့တဲ့ တောင်တန်းဒေသတွေကို အကြောင်းအမျိုးမျိုးနဲ့ စစ်တပ်က ဝင်ရောက်နေရာယူပြီး၊ ဒေသခံတွေရဲ့မြေယာသိမ်းပိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သယံဇာတထုတ်ယူမှုတွေ၊ အရင်းအမြစ်ခေါင်းပုံဖြတ်မှုတွေ၊ ဒေသခံတွေကိုလက်အောက်ခံလူတန်းစားအဖြစ်သွတ်သွင်းမှုတွေ၊ ဒေသခံဘာသာစကားတွေကို ဗမာစကားနဲ့အစားထိုးသွတ်သွင်းတာတွေ၊ … အစရှိသဖြင့် ကျူးလွန်ခဲ့ပါတယ်။ အဲဒီ့ သာဓကတွေထဲက တခုကတော့ ၁၉၅၀အစောပိုင်း ကူမင်တန်အရေးနဲ့ ရှမ်းကုန်းပြင်မြင့်ကို စစ်တပ်ဝင်ရောက်ပြီး ၂၀၂၃အထိ ပြန်မထွက်ခဲ့ပုံပါပဲ။
၁၉၆၂ခုနှစ်မှာ မြန်မာစစ်တပ်က ဖက်ဒရယ်တောင်းဆိုတဲ့ရှမ်းလူမျိုးတွေကို အဓိကပစ်မှတ်ထား ရမယ်ရှာ၊ ယိုးမယ်ဖွဲ့တိုက်ခိုက်ပြီး နိုင်ငံ့အာဏာသိမ်းလိုက်သလို လူမျိုးရေးအရ ခွဲခြားဖယ်ထုတ်မှုကို စနစ်တကျ ပိုမိုလုပ်ခဲ့ပါတော့တယ်။ အိန္ဒိယနွယ်ဖွားတွေနဲ့ တရုတ်နွယ်ဖွားတွေ လူပေါင်းသိန်းချီကို ခွဲခြားဖိနှိပ်ခဲ့ပြီး အတော်များများကို နည်းမျိုးစုံသုံး အကြမ်းပတမ်း အတင်းအကျပ်နှင်ထုတ်ခဲ့တယ်။ မြန်မာနိုင်ငံသားအလုပ်သမားလူတန်းစားအပေါ်မှာ နိုင်ငံခြားစီးပွားရေးသမားတွေရဲ့ခေါင်းပုံဖြတ်မှုရှိနေလို့ နိုင်ငံတော်ကဝင်ကိုင်တွယ်တာဆိုပြီး အကြောင်းပြခဲ့တာပေါ့။ အဲဒီ့လို အိန္ဒိယနွယ်ဖွားတွေနဲ့တရုတ်နွယ်ဖွားတွေကို ဖိနှိပ်မှုဟာ နောင်မှာ ကျန်လူမျိုးစုတွေကိုဖိနှိပ်ခွဲခြားမှုရဲ့ ရှေ့ပြေးနိမိတ်ပါပဲ။ ၂၀၂၁မတိုင်ခင်က ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ ၂၀၂၁နောက်ပိုင်းမှာ တနိုင်ငံလုံးကလူတွေကို ရက်စက်ကြမ်းကြုတ်မယ့် နိမိတ် ဖြစ်သလိုပေါ့။ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)လက်ထက်၊ တော်လှန်ရေးကောင်စီလက်ထက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ (မဆလ)လက်ထက်၊ နဝတ၊ နအဖ၊ ၂၀၁၁-၂၀၂၁ ပြုပြင်ပြောင်းလဲရေးခေတ်လို့ဆိုတဲ့ စစ်တပိုင်းအရပ်သားတပိုင်းကာလ၊ ၂၀၂၁ — အခုအချိန်အထိ၊ မြန်မာနိုင်ငံမှာ လူမျိုးရေးအရခွဲခြားတဲ့စနစ်တွေ အတိုင်းအတာဒီဂရီအလိုက် ရှိနေခဲ့တယ်။
အဲဒီ့ခွဲခြားမှုတွေ များစွာထဲမှာ ၁၉၈၂နိုင်ငံသားဥပဒေလည်း ပါဝင်ပါတယ်။ (ဒီအကြောင်းကို နောက်ပိုင်းတွေမှာ သီးသန့်ထပ်ပြောထားပါတယ်)။ ဒီဥပဒေရဲ့ အထက်အောက်ဝါစဥ်စီဖိနှိပ်မှုအဆောက်အအုံအရ ဗမာကိုထိပ်ဆုံးမှာဗဟိုပြုပြီး ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ (၇)ခုကို ဘေးမှာ ဝန်းရံကာ၊ ကျန်အသိုက်အဝန်းတွေကို ခွဲခြားဆက်ဆံမှုနဲ့ ဘေးဖယ်ပထုတ်မှု အဆင့်ဆင့်လုပ်ခဲ့ပါတယ်။ နိုင်ငံသားဖြစ်မှုကို ‘တိုင်းရင်းသားလူမျိုး’ဖြစ်မှုနဲ့ တိုက်ရိုက်ချိတ်လိုက်ပြီး လူနည်းစုတွေကို တိုင်းရင်းသားလူမျိုးအဖြစ်နဲ့ နိုင်ငံသားအဖြစ်ကနေ ငြင်းပယ်မှုတွေ၊ မြန်မာပေါ်လတီမှာ မပါဝင်စေမှုတွေ၊ ခွဲခြားဆက်ဆံမှုတိုက်ခိုက်မှုတွေ အပါအဝင် လူမျိုးရေးမှုပြုစနစ်ကြီးကို တည်ဆောက်လည်ပတ်ခဲ့ပါတယ်။
နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံရေးပါဝင်မှုမှာဖြစ်ဖြစ် ယဥ်ကျေးမှုဓလေ့မှာဖြစ်ဖြစ် ဗမာဖြစ်မှုဟာ idealဖြစ်ပြီး အခွင့်ထူးတပန်းသာမှုနဲ့ ချိတ်ဆက်သွားပါတယ်။ ယဥ်ကျေးမှုဓလေ့ကြီးစိုးမှုအရ၊ လူမှုစီးပွား အပါအဝင် လူမှုရေးနဲ့နိုင်ငံရေးအမှတ်သရုပ်တွေမှာ အခွင့်ထူးတပန်းသာမှုတွေအရ၊ လူဦးရေအရ … စသဖြင့်ပါဝင်ပါတယ်။ ဥပမာ - မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်ပြား)မှာ ‘လူမျိုး’ ဆိုတာကို သတ်မှတ်ဖော်ပြစေတယ်၊ အဲဒီ့မှာ ဗမာဖြစ်မှုက အခြားလူမျိုးတွေထက် နိုင်ငံသား အလိုအလျောက် လွယ်လွယ်ကူကူဖြစ်စေတယ်။ အဲဒီ့လို နိုင်ငံသားဖြစ်မှု၊ ဗမာပေါ်လတီမှာ ပါဝင်နိုင်မှု၊ လူ့အဖွဲ့အစည်းမှာနေရာရမှု စတာတွေနဲ့ တိုင်းရင်းသားလူမျိုးဆိုတာကို ချိတ်ဆက်ပြီး ဗမာဗဟိုပြုလူမျိုးရေးမှု ပြုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ၁၉၇၄ကစတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာလည်း နိုင်ငံရဲ့structure ဖွဲ့စည်းတည်ဆောက်ပုံကို ဗမာဗဟိုပြုလူမျိုးရေးမှုပြုလိုက်ပြီး ကျန်လူမျိုးတွေ ပြည်နယ်တွေကိုတော့ ဗဟိုဇာတ်လိုက်ကိုဝန်းရံထားတဲ့ အရံဇာတ်ကောင်တွေနဲ့ နယ်စွန်နယ်ဖျားတွေအဖြစ် ပညတ်လိုက်ပြီး၊ နိုင်ငံရေးမဲဆန္ဒနယ်မြေနဲ့ ကိုယ်စားလှယ်နေရာအရလည်း ဗမာထိုင်ခုံအဖြစ် တိုင်း(၇)တိုင်း ဖြန့်ကားဆန့်ချဲ့ နေရာယူလိုက်ပါတယ်။ တချိန်တည်းမှာပဲ အရင်တုန်းက စစ်တပ်နဲ့မြေပြန့်ပေါ်လတီ မရောက်မပေါက်ခဲ့တဲ့ ဗမာမဟုတ်တဲ့လူမျိုးစုတွေနေထိုင်ရာဒေသတွေဆီ မြေယာတွေ ဝင်ရောက်သိမ်းပိုက်တာတွေ၊ ပြည်တွင်းအင်ပါယာ နယ်ချဲ့မှုတွေ၊ အရင်းအမြစ် ထုတ်ယူ လက်ဝါးကြီးအုပ်တာတွေ၊ အကျိုးစီးပွား ခေါင်းပုံဖြတ်တာတွေ၊ ယဥ်ကျေးမှုဓလေ့အရ စနစ်တကျလွှမ်းမိုးလိုက်တာတွေ အစရှိတဲ့ ကိုလိုနီအပြုအမူလုပ်ဆောင်ချက်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နိုင်ငံရေးနဲ့လူမှုရေး ကြီးစဥ်ငယ်လိုက်အထက်အောက်ဝါစဥ်စီတဲ့ဖိနှိပ်မှုအဆောက်အအုံကို စနစ်တကျဖန်တီးမှုနဲ့ တန်းမတူမညီမျှမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး၊ အဲဒီ့စနစ်ရဲ့ထိပ်ဆုံးမှာ ဗမာဖြစ်မှုနဲ့ဗမာပေါ်လတီက privileges တပန်းသာမှုတွေ ယူနေခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ အစိုးရအဆက်ဆက်ဟာ လွတ်လပ်ရေးရကတည်းကဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ဗြိတိသျှကိုလိုနီတွေလက်ချက်လို့ပဲ အကုန်လုံးပုံချ ပြောလာတာ တောက်လျှောက်ပါပဲ။ မြန်မာနိုင်ငံမှာ လူဖြူကိုလိုနီဝါဒကိုအဆန့်ကျင်ဆုံး အကျယ်လောင်ဆုံးပြောသူအဖြစ် နှစ်ပေါင်း(၇၀)ကျော် ဗိုလ်စွဲနေတာဟာ စစ်တပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ့လို နိုင်ငံတကာနယ်ဝန်း ကိုလိုနီပြုမှုကနေ ရေးဆွဲပေါက်ဖွားပေါ်ပေါက်လာတဲ့ နယ်နိမိတ်တွေနဲ့ နိုင်ငံမှာ၊ နိုင်ငံတွင်းနယ်ဝန်း ကိုလိုနီပြုမှုကို သူတို့ကိုယ်တိုင် ထပ်ကျူးလွန်ကြပါတယ်။ အဲဒီလို လူမျိုးရေးမှုနဲ့ ကိုလိုနီပြုမှုခံထားရသူတွေက အဲဒီ့ဖိနှိပ်မှုတွေကို ဆန့်ကျင်ကြတဲ့တော်လှန်ရေးတွေကိုတော့ ကျဥ်းမြောင်းတဲ့လူမျိုးရေးအဖြစ် စစ်တပ်က တပြန်တလဲသမုတ်ပြီး ငြင်းပယ်ချရင်း လေအထက်စီးယူလာတာ နှစ်(၇၀)ကျော်ကာလတလျှောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ နိုင်ငံရေး၊ လူမှုရေး၊ နယ်မြေ၊ မြေယာ၊ ယဥ်ကျေးမှုဓလေ့၊ ဘာသာစကား၊ လူမျိုးရေး၊ ကိုးကွယ်ယုံကြည်မှုဘာသာရေး အစရှိသဖြင့်မှာ တခုတည်းသော ဗမာဗုဒ္ဓဖိုဝါဒစစ်ဝါဒဇာတ်သွင်းနိုင်ငံတော်ဇာတ်ကြောင်းကို လက်နက်သဖွယ်အသုံးပြုသွတ်သွင်းခဲ့ပြီး ကိုလိုနီအလေ့အထ နယ်ချဲ့အင်ပါယာအလေ့အထကို ပြည်တွင်းcontextမှာ ရုပ်ရောနာမ်ပါ လက်ဝါးကြီးအုပ်လွှမ်းမိုးမှုတွေ ကျူးလွန် နေခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းငြိမ်းပြည့်
References;
Sao Sanda Simms. (2017). Great Lords of the Sky: Burma’s Shan Aristocracy. Asian Highlands Perspectives, Volume 48.
David Keen. (2012). Greed and grievance in civil war. International Affairs, 88(4), 757–777
Taw Sein Ko. (1864-1930). Burmese sketches. Rangoon, British Burma Press.
Julie Matthaei. (2018). Feminism and Revolution: Looking Back, Looking Ahead. Great Transition Initiative.
Nick Cheesman. (2023). Myanmar: A Political Lexicon. Elements in Politics and Society in Southeast Asia. Cambridge University Press.
Sao Sanda. (2008). The Moon Princess: Memories of the Shan States. River Books, Thailand.
Khun Markoban. (2003, 2007, 2022). From Panglong spirit to Panglong promise: The long journey we walked with a vision for an equal union. Pyidaungsu Institute.
Aurore Candier. (2019). Mapping Ethnicity in Nineteenth-Century Burma: When ‘Categories of People’ (Lumyo) Became ‘Nations’. Journal of Southeast Asian Studies.
The Tanintharyi Times
