လမ်းဆိုး
လမ်းဆိုး
အခါတိုင်းနေ့တွေလိုပဲ ခင်ဗျားဟာ ခရီးသည်တွေတင်ဆောင်ပြီး ကားကို မောင်းလာခဲ့တယ်။ ခင်ဗျားသွားမယ့်နေရာကို မရောက်ခင် စစ်တပ် တပ်ချထားတဲ့ ရွာကိုလည်း ဖြတ်ရဦးမှာပေါ့။ ရှောင်ကွင်းသွားဖို့မှ မဖြစ်နိုင်တာ။
ဒါပေမဲ့ ခင်ဗျား သိပ်ကြောက်နေတာမျိုးတော့ မဟုတ်ဘူး။ ခရီးသည်တင်ကားရဲ့ ကားမောင်းသမားတွေဆိုတာ ဒီလိုကိစ္စတွေနဲ့ ယဉ်ပါးနေခဲ့ကြပြီမဟုတ်လား။ ဒီအလုပ်လုပ်မှတော့ ဒီလိုပါပဲ။ အန္တရယ်တောထဲ စွန့်စားစီးပွားရှာရတာမျိုးကို ဝါသနာပါနေတာမျိုးမဟုတ်ပေမဲ့ အခုဟာက စီးပွားရေးမဟုတ်ဘူး။ စားဝတ်နေရေး။ ဟိုအရင်နှစ်တွေကတည်းက လုပ်လာတဲ့ ဒီအလုပ်ကို စွန့်လွန့်နိုင်တဲ့ အခြေအနေက ခင်ဗျားမှာ ရှိမနေဘူး။
ခင်ဗျားဟာ မြို့ကို ပြေးဆွဲနေတဲ့ လိုင်းကားမောင်းသူ။ ရွာကနေ မနက်စောစော ထ၊ မနက်စာအမြန်စား၊ ကားကို မောင်းထွက်လာပြီး ရွာနီးချုပ်စပ်က ဟိုရွာဒီရွာတွေ လှည့်ပတ်ပြီး ကုန်တွေတင်၊ ခရီးသည်တွေစု။ ပြီးရင် ရွာကို ပြန်မောင်းလာပြီး ရွာက ခရီးသည်တွေကို ထပ်စောင့်။ ကားစထွက်ချိန်မှာ ခရီးသည်တွေ သိပ်မများပေမဲ့ လမ်းတစ်လျှောက်ကရွာတွေကလည်း တက်စီးကြသေးတာဆိုတော့ အချိန်အကြာကြီးတော့ စောင့်မနေတော့ဘူး။ ပြီးရင် မြို့ဆီကို မောင်းထွက်ခဲ့။
မြို့မှာ ခရီးသည်တွေဟာ ရောင်းစရာရှိတာ ရောင်းချကြ၊ ဝယ်ခြမ်းဖို့ လိုတာတွေကို ဝယ်ခြမ်းကြ။ တချို့က ဆေးခန်းပြ၊ တချို့က ကျောင်းတက်နေတဲ့ သားသမီးတွေဆီကို လာတွေ့တာ။ မွန်းလွဲ ၁ နာရီလောက်ဆိုရင် ကားပြန်ထွက်မယ်။
အဲဒီနေ့ ညနေစောင်းတုန်းကလည်း ခင်ဗျားဟာ ခရီးသည်တွေကို အနီးနားကရွာတွေမှာ လိုက်ပို့ခဲ့ပြီး ကားကို ခင်ဗျားနေတဲ့ရွာဆီကို ပြန်မောင်းလာခဲ့တယ်။ စစ်သားတချို့က လမ်ပေါ်မှာ ထွက်စောင့်နေကြတယ်။ ကားကို ရပ်ပေးရတော့မယ်ဆိုတာ အလိုလိုပဲ ခင်ဗျားကြိုသိလိုက်တယ်။ နေ့စဉ်မြင်နေတွေ့နေကျ မျက်နှာတွေမို့ ရင်းနှီးနေသလိုတောင် ဖြစ်နေပါပြီ။
ခင်ဗျား ပြုံးပြလိုက်ပေမဲ့ “ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ” လို့ မေးလိုက်တဲ့ စစ်သားရဲ့ အသံကတော့ ခက်ထန်လို့နေတာကို ခင်ဗျားသတိထားမိတယ်။ သူ့မေးခွန်းက မေးစရာမလိုတဲ့ မေးခွန်းကြီးပဲ။ ခင်ဗျားရဲ့ကားဟာ ဒီလမ်းပေါ်မှာ နေ့စဉ်ပြေးနေတဲ့ လိုင်းကားတွေထဲက တစ်စီးဆိုတာကို သူတို့သိပြီးသားပဲဟာ။
ခင်ဗျားကိုလည်း သူတို့က နေ့စဉ်မြင်နေတွေ့နေကြတာမဟုတ်လား။ မေးစရာမလိုတဲ့ မေးခွန်းအတွက် ခင်ဗျားကလည်း ဖြေစရာမလိုတဲ့ အဖြေတွေကို မဖြစ်မနေ ဖြေရတော့တာပါပဲ။ အရင်ဖြေနေကျတွေအတိုင်းပေါ့။
သူတို့တပ်တွေ နေရာရွှေ့ဖို့ရှိတယ်လို့ စစ်သားကပြောလိုက်တော့ ခင်ဗျားသဘောပေါက်လိုက်ပြီ။ ခင်ဗျားကားကို ချောဆွဲတော့မှာ။ ဒီနေ့တော့ အိမ်ပြန်နောက်ကျတော့မှာပဲလို့ တွေးမိလိုက်ပြီး ခင်ဗျားစိတ်ညစ်သွားတယ်။ နောက်ကျရုံဆိုမဆိုးသေးဘူး။ ဒီထက်ပိုဆိုးစရာတွေလည်း ကံမတော်ရင် ဖြစ်သွားနိုင်တယ်။
သူတို့တွေက ဘယ်အထိ ခေါ်သွားမှာလဲ၊ ခေါ်သွားပြီးရင်ရော ပြန်လွှတ်မှာလား ဒီလိုမျိုး မေးခွန်းအပူတွေက ခေါင်းထဲ၊ ရင်ဘက်ထဲကို ဝင်ဆောင့်နေကြတယ်။ ဒါ့အပြင် လမ်းမှာ မိုင်းဆွဲခံရတာ၊ တိုက်ခိုက်ခံရတာမျိုးလည်း ကြုံချင်ကြုံနိုင်တာကြောင့် အပူမီးဟာ ငယ်ထိပ်ကို ဟပ်တယ်။
ခင်ဗျား ပူပင်သောကပွေလို့ကောင်းနေတုန်း စစ်သားဟာ ခင်ဗျားရဲ့ ဖုန်းကို တောင်းတယ်။ ဒီတော့ ပိုပြီးထိတ်လန့်သွားရပြန်တယ်။
စစ်တပ်အထိုင်ချနေတဲ့ ဝင်းထဲကို ခင်ဗျား ကားကို မောင်းဝင်လိုက်တယ်။ သေနတ်ကိုယ်စီနဲ့ စစ်သားတွေဟာ ခင်ဗျားကားပေါ်ကို ပိုင်စိုးပိုင်နင်း တက်လာကြတော့တယ်။ အသုံးအဆောင်ပစ္စည်းတွေတော့ အများကြီး မပါဘူး။ ဒီတော့ သိပ်ပြီး ဝေးဝေးသွားမှာမျိုး မဟုတ်လောက်ဘူး။
ကားဟာ ခင်ဗျားရဲ့ရွာကို မကြာခင်မှာပဲ ဖြတ်ကျော်တော့မယ်။ ငါ အိမ်ကို ပြန်ရောက်ပါ့မလားဆိုတဲ့ အတွေးက ခင်ဗျားကို တစ်ချိန်လုံး ဖိစီးလို့နေတာ။
ကားခေါင်းထဲ ခင်ရဲ့ဗျားဘေးမှာ ထိုင်နေတဲ့ စစ်ဗိုလ်ရဲ့ အဆင်သင့်ပြင်ထားတဲ့ သေနတ်ကလည်း တစ်ချိန်လုံး ခြောက်လှန့်လို့ နေပြန်သေးတယ်။ ခွေကိုကိုင်ထားတဲ့ ခင်ဗျားလက်တွေ မသိမသာ(ကိုယ့်ကိုယ်ကိုယ်သာ မသိလို့၊ တကယ်တော့ သိသိသာသာ) တုန်လို့နေတယ်။
စစ်ဗိုလ်ဟာ ဘာစကားမှမပြောဘူး။ ကားနောက်ခန်းကနေ လိုက်လာကြသူတွေဆီကလည်း ဘာသံမှမထွက်နေဘူး။ ဒီတော့ ကားဟာ ကားသံကလွဲရင် တိတ်ဆိတ်နေတယ်လို့ ဆိုနိုင်တယ်။ ခြောက်ခြားဖို့ ကောင်းတဲ့ အနေအထားပဲ။ တိတ်ဆိတ်ခြင်းမှာ အသံတွေရှိတယ်ဆိုတဲ့စကားကို ခင်ဗျား သတိရမိလိုက်တယ်။ ဒါဟာ တစ်ခုခုကို ကြံစည်နေကြချိန် ဖြစ်မှာပဲ။
ခင်ဗျားရဲ့ ရွာဟာ နောက်မှာ တဖြည်းဖြည်း ကျန်နေရစ်ခဲ့ပြီ။ မိန်းမရယ်၊ သမီးနဲ့ သားတွေရဲ့ မျက်နှာတွေဟာ ခင်ဗျားကြည့်နေတဲ့ ကားရှေ့မှန်ထဲမှာ အရိပ်လာထင်နေကြတယ်။
‘သတ္တဝါတစ်ခု ကံတစ်ခု’ လို့ပဲ သဘောထားရမလား၊ ‘ဖြစ်သမျှအကြောင်း အကောင်း’ လို့ပဲ နှလုံးပိုက်လိုက်ရမလား၊ ခင်ဗျား ဝေခွဲမရဘူး။ ချက်ချင်းဆိုသလိုပဲ မျက်နှာတစ်ခုဟာ ခင်ဗျားအာရုံမှာ ပေါ်လာလို့ စိတ်ထဲကနေ ဆဲရေးလိုက်တယ်။ တစ်ဆက်တည်းမှာပဲ ဒါတွေအမြန်ဆုံးပြီးသွားပါစေလို့လည်း ခင်ဗျား ဆုတောင်းမိပြန်တယ်။
စိတ်တည်ငြိမ်အောင် ကွမ်းယာထုပ်ကို ဖြေပြီး ကွမ်းတစ်ယာထုတ်ဝါးလိုက်ရင်း ဘေးက ဗိုလ်ကြီးကိုလည်း “ဆရာ ဝါးပါဦး” လို့ လောကွတ်ပြုလိုက်တယ်။ သူက ခေါင်းရမ်းပြတော့ ခင်ဗျား ပိုပြီးစိတ်ရှုပ်သွားရပြန်တယ်။
မြို့တစ်မြို့ကို ရောက်တယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့ကို ရောက်တယ်ဆိုရင်ပဲ ထိတ်လန့်တှုန်လှုပ်ဖွယ်ရာတွေ တွေ့ရမြင်ရတော့တာပါပဲ။ ဝုန်းဒိုင်းကျဲတဲ့ သေနတ်သံတွေဟာ ခင်ဗျားရဲ့ ကားနောက်ခန်းကနေ မိုက်မိုက်ကန်းကန်းထွက်လာတယ်။ ဆိုင်ထဲကို လှမ်းပစ်နေတာ။ ဆိုင်ထဲမှာလည်း ကမ္ဘာပျက်သွားကြတယ်။ လူတချို့ လဲကျသွားတယ်။
ဒါတွေဟာ ဘာကြောင့် ဖြစ်နေတယ်ရယ်လို့ ခင်ဗျားမသိရဘူး။ ဘာရည်ရွယ်ချက်လဲ၊ ဘာအညှိုးအတေးလဲ။ ဘာကြောင့်ရယ်လို့ မသိရတာဟာ ခင်ဗျားကို ပိုပြီးတုန်လှုပ်သွားစေပြန်တယ်။ ကာလဟာ အကြောင်းပြချက်တွေ မလိုတဲ့ အခါသမဆိုးကြီးပဲ။ အချိန်မရွေး အသက်ထွက်သွားနိုင်တာ။ လက်ဖက်ရည်ဆိုင်ထိုင်တာဟာ သေမင်းရဲ့ တံခါးပေါက်ထဲကို ဝင်လာသလိုမျိုးပဲလား။
“ဟီးဟီး…ဟားဟား” နဲ့ အော်မြည်မြူးထူးသံတွေဟာ ကားနောက်ခန်းထဲမှာ။ အဲဒီအသံတွေက ဘာအဓိပ္ပာယ်ဆောင်နေသလဲ ဆိုတာကို ခင်ဗျားမသိဘူး။ ဉာဏ်နည်း၊ မိုက်ရူးရဲရခြင်းမှာ ကျေနပ်နေကြခြင်းပေပဲလား။
ခင်ဗျားရဲ့ကားဟာ လက်ဖက်ရည်ဆိုင်ကို ကျော်လာခဲ့တယ်။ ဒီတော့ ပစ်သံတွေလည်း ရပ်သွားတယ်။ နံဘေးက စစ်ဗိုလ်ရဲ့ စေခိုင်းချက်အတိုင်းပဲ ခင်ဗျား ဆက်မောင်းလာလိုက်တာ စစ်တပ်စခန်းတစ်ခုထဲကို ရောက်သွားတယ်။
ပြန်လို့ရပြီလို့ စစ်သားတစ်ယောက်က ခင်ဗျားကို လာပြောတယ်။ ခင်ဗျား အပူလုံးကြီး ကျသွားတယ်။ ဒါပေမဲ့လည်း စောစောက အနိဋ္ဌာရုံတွေက မျက်လုံးထဲမှာ ကျန်နေတုန်းပဲ။ ထိတ်လန့်စေတုန်းပဲ။
သူတို့သိမ်းထားတဲ့ ခင်ဗျားဖုန်းကိုတော့ သတိရပေမဲ့ ပြန်လည်း မတောင်းရဲတော့ဘူး။ ဘာဖြစ်လို့ ဖုန်းကို မဆီမဆိုင် သိမ်းလိုက်တာလဲဆိုတာလည်း နားမလည်ဘူး။ ဖုန်းနဲ့ပတ်သက်ပြီး ခင်ဗျားကို စစ်တာ၊ ဆေးတာတွေလည်း မလုပ်တော့ လိုချင်လို့ သက်သက်နဲ့ ယူတာဖြစ်မှာပါပဲ။
ကားကို မြန်နိုင်သမျှ မြန်မြန် ခင်ဗျား မောင်းပြန်လာခဲ့တယ်။ နေလည်းဝင်သွားခဲ့ပြီ။ ဗိုက်က ဆာသလိုလို၊ မဆာသလိုလို။ ရင်က ဟာနေတာလိုလို၊ မွန်းကျပ်နေတာလိုလို။ လမ်းမှာ ဘာအတားအဆီးမှ ထပ်မတွေ့ရဖို့ ခင်ဗျား မျှော်လင့်တယ်။ အိမ်က မိန်းမနဲ့ ကလေးတွေဟာ စိတ်ပူနေမှာ သေချာတယ်။ ဖုန်းလည်း ဆက်လို့ မရဘူးမဟုတ်လား။
ကားလမ်းဟာ ဘယ်အခါတုန်းကနဲ့မှ မတူအောင် ဘာဆိုဘာမှ အစိုးမရ၊ ဆိုးရွားလွန်းနေတယ်လို့ ခင်ဗျား ခံစားနေရတယ်။
ငြိမ့်လွင့်
The Tanintharyi Times
