ဂိုဒေါင်စောင့် ဦးပွား

ဂိုဒေါင်စောင့် ဦးပွား

ဦးပွားဟာ ထောင်ရဲ့ ဂိုဒေါင်စောင့်ဖြစ်ပါတယ်။ မျက်နှာက ရွှင်ပြုံးနေလေ့ရှိတဲ့ ဦးပွားကို အမြဲလိုလို ဂိုဒေါင်ရဲ့ တံခါးဝမှာ ထိုင်နေတာကို တွေ့ရတတ်ပါတယ်။

ထောင်ဂိုဒေါင်တွေထဲမှာ ဘာတွေရှိလဲဆိုတော့ ဆန်အိတ်တွေ ထောင်ချီပြီး ရှိမယ်။ ကြက်သွန်နီနဲ့ ပဲအိတ်တွေလည်း ရှိမယ်။ အဲသလို ထောင်ရဲ့ ရိက္ခာလို့ ခေါ်ကြတဲ့ စားဖိုဆောင်သုံး ပစ္စည်းတွေအပြင် အနှစ်နှစ်အလလက သိမ်းဆည်းထားတဲ့ အကျဉ်းသားတွေရဲ့ စောင်တွေ၊ အဝတ်အထည်တွေကို စုပေါင်းထည့်ထားတဲ့ ပီနံအိတ်တွေလည်း ရှိနေကြပါတယ်။ ဂိုဒေါင်ထဲကို ဝင်သွားရင်တော့ ဖုန်အလိမ်းလိမ်းနဲ့ အောက်သိုးသိုးအနံ့ကို ရပါတယ်။ ပြတင်းပေါက်တွေကလည်း အလုံပိတ်ထားတာမို့ အုံ့ပျပျ မှောင်နေပါတယ်။

အစီအရီ ထပ်ထားတဲ့ ဆန်အိတ်ပုံကြီးတွေဟာ လူနှစ်ရပ်စာမက မြင့်မားလို့ နေပါတယ်။ ဆန်အိတ်တွေထဲကို ဖုန်မှုန့်တွေ မဝင်စေဖို့ အပေါ်ကနေ စောင်အဟောင်းတွေနဲ့လည်း အုပ်ထားပါသေးတယ်။

အကျဉ်းသားတွေဟာ ဦးပွားနဲ့ မကင်းကြပါဘူး။

အကျဉ်းသားတွေဟာ မနက်တစ်ခါ၊ ညနေ တစ်ခါ အဆောင်အတွင်း၊ အပြင်နဲ့ အဆောင်ဝင်းကို သန့်ရှင်းရေးလုပ်ကြရသလို စိုက်ခင်းတွေကိုလည်း အလှည့်ကျ ရေလောင်းပေါင်းသင် လုပ်ကြရပါတယ်။ တံမြတ်စည်းတွေ၊ အမှိုက်ထည့်ခြင်းတောင်းတွေ၊ ပေါက်ပြားတွေ၊ ရေဖြန်းပုံးတွေ စတဲ့ တန်ဆာပလာတွေကလည်း ဂိုဒေါင်ထဲမှာပဲ သိမ်းတာဖြစ်လို့ ဦးပွားရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ယူသုံးစွဲကြရပါတယ်။ သုံးပြီးရင်လည်း သူ့ဆီကို သေချာပြန်အပ်ကြရပါတယ်။

တစ်ခါ တနင်္ဂနွေနေ့တိုင်း အကျဉ်းသားတွေဟာ ထုံးသုတ်ကြရပါတယ်။ အဆောင်ရဲ့ ရေမြောင်းနှုတ်ခမ်းတွေ၊ သစ်ပင်တွေကိုပါပဲ။ ဘာလို့ဆိုတော့ နောက်မနက်စောစောဖြစ်တဲ့ တနင်္လာမနက်တိုင်းမှာ ထောင်ပိုင်ဟာ ထောင်ကို လှည့်ပတ်ကြည့်ရှုတာကြောင့်ပါပဲ။ ထုံးသုတ်ဖို့ရာအတွက် လိုအပ်တဲ့ ပုံတွေ၊ ခွက်တွေ၊ ထုံးအိတ်တွေဟာလည်း ဦးပွားရဲ့ ဂိုဒေါင်ထဲမှာ ရှိပြန်ပါတယ်။

ဦးပွားဟာ မူးယစ်ဆေးမှုနဲ့ ထောင် ၁၁ နှစ် ကျနေသူပါ။ ဂိုဒေါင်ဆီကို ဝင်ထွက်ရင်း သူဟာလည်း ဦးပွားနဲ့ ရင်းနှီးလာခဲ့ပါတယ်။

တကယ်တော့ ဦးပွားရဲ့ မွေးရပ်ဇာတိကို အတိအကျ မသိရပါဘူး။ တစ်ရက်မှာတော့ စကားလက်ဆုံကျဖြစ်သွားရင်း ဦးပွားရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သူ သိခွင့်ရခဲ့ပါတယ်။

အရင်တုန်းက ဦးပွားဟာ ဘုန်းကြီးတစ်ပါး ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အစီအစဉ်နဲ့ စေလွှတ်တဲ့ တောင်တန်းသာသနာပြု ကယားပြည်နယ်ထဲက တောင်ပေါ်ဒေသတစ်ခုမှာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပေါ့။ စစ်တပ်ရဲ့ စစ်ကြောင်းဟာ ဦးပွားရဲ့ ဘုန်းကြီးကျောင်းဆီကို တစ်ခါတစ်ခါ ရောက်လာတတ်ပြီး စတည်းချ၊ ချက်ပြုတ်စားသောက်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်ပြန်ထွက်သွားတဲ့အခါ အရက်၊ ဘီယာ စတာတွေရဲ့ ပုလင်းခွံ၊ ဘူးခွံတွေကို ရှင်းခဲ့ရပါသတဲ့။ တစ်ဖက်မှာလည်း ကယားသူပုန်တွေနဲ့လည်း အဆင်ပြေအောင် နေခဲ့ရတယ်လို့ဆိုပါတယ်။

ဘယ်လိုဖြစ်ပြီး လူဝတ်လဲဖြစ်သွားတယ်ဆိုတာကိုတော့ သူ မသိရပါဘူး။ ဘုန်းကြီးလူထွက် ဦးပွားဟာ မူးယစ်ဆေးကူးသန်းရောင်းဝယ်သူ ဖြစ်လာခဲ့ပါတယ်။ ကယားပြည်နယ်ဘက်ကနေ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်၊ ပြီးတဲ့အခါ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ဒေသတွေအထိ ဦးပွားရောက်ခဲ့ပါတယ်။ ရထားနဲ့ တစ်သွယ်၊ ကားနဲ့ တစ်ဖုံ၊ လမ်းကြောင်းတွေက အမျိုးမျိုးပါပဲ။

နောက်တော့ ဦးပွားဟာ အညာဒေသဘက်မှာ အိမ်ထောင်ကျပါတယ်။ အဲဒီမှာပဲ အခြေချဖြစ်သွားခဲ့တာ အခုဆို သမီးနှစ်ယောက်တောင် အရွယ်ရောက်နေကြပါပြီ။

စကားပြောနေရင်းနဲ့ပဲ ဦးပွားဟာ အညာက မိသားစုဆီကို တစ်လှည့်၊ တစ်ချိန်တုန်းက ကျောင်းထိုင်ခဲ့ရာ ကယားပြည်နယ်ထဲက နေရာကို တစ်လှည့် သတိရနေမလားလို့ သူ တွေးကြည့်နေမိပါတယ်။

တစ်ခါတော့ ဂိုဒေါင်ထဲမှာ ပြဿနာပေါ်ပါတယ်။ ကြွက်တွေသောင်းကျန်းပြီး ဆန်အိတ်တွေကို ကိုက်ဖောက်တာကြောင့် ဆန်တွေဟာ ဂိုဒေါင်ကြမ်းပြင်မှာ ယိုဖိတ်ထွက်ကျကုန်ပါတော့တယ်။ ဒီလိုဖြစ်နေတာ တော်တော်ကို ကြာပြီထင်ပါတယ်။ ဆန်တွေထဲမှာ ကြွက်ချေးတွေက ရစရာမရှိလောက်အောင် တင်းကြမ်းပြည့်နေပါတော့တယ်။

အပြင်မှာသာဆိုရင်တော့ အဲဒီလောက်အခြေအနေဆိုးနေတာတွေကို ပစ်လိုက်ဖို့ပဲ ကောင်းပါတယ်။ ဒါပေမဲ့ ထောင်ပိုင်ဟာ ဆန်ထပ်ဝယ်ရင် ပိုက်ဆံကုန်မှာစိုးလို့ ကြွက်ချေးတွေကိုပဲ ပြန်ပြီး ရွေးထုတ်စေပါတယ်။ ဦးပွားတစ်ယောက်တည်းအားနဲ့တော့ မဖြစ်နိုင်တော့ပါဘူး။ တခြားအကျဉ်းသားတွေကို ခေါ်ပြီး ဆန်ရွေးပွဲလုပ်ကြရပါတယ်။ ကြမ်းပြင်ပေါ်ကို ပြန့်ကျဲကျနေတဲ့ ဆန်ပမာဏက မနည်းလှတာမို့ သုံးရက်လောက်ကြာအောင် ရွေးကြရပါတယ်။

နောက်တော့ ဦးပွားဟာ ဂိုဒေါင်စောင့်အပြင် အခန်းစည်းကမ်းထိန်းတာဝန်ကိုပါ ယူရပါတယ်။ တန်းပိတ်ချိန်ရောက်လို့ အကျဉ်းသားတွေ တန်းထိုင်ကြပြီဆိုရင် စည်းကမ်းထိန်းဦးပွားဟာ မပြီးနိုင် မစီးနိုင်အောင်ပဲ ဩဝါဒတွေခြွေ၊ တရားတွေ ဟောပါတော့တယ်။

ဘုန်းကြီးဘဝတုန်းက အကျင့်တွေ မပျောက်သေးပုံပါပဲ။ ဒါမှမဟုတ် ပျောက်ကွယ်နေရာကနေ အခြေအနေပေးလို့ ပြန်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ အကျဉ်းသားတွေအဖို့တော့ ခါးတွေပူ၊ ကျောတွေအောင့်တဲ့အထိပဲ နားထောင်နေကြရပါတယ်။ နေ့စဉ်ရက်ဆက်ဆိုတော့လည်း ပျင်းစရာကောင်းပြန်ပါတယ်။

ဒါပေမဲ့ အကျဉ်းသားတွေကတော့ ဦးပွားနဲ့ ကင်းကင်းနေလို့ မရကြပြန်ပါဘူး။

ဆောင်းရာသီရောက်ပြီဆိုရင် အကျဉ်းသားတွေမှာ စောင်တို့၊ အနွေးထည်တို့ လိုကြပါတယ်။ အကျဉ်းသားတွေအဆက်ဆက် ကျန်ရစ်ခဲ့တဲ့ စောင်တွေ၊ အင်္ကျီတွေက ဦးပွားရဲ့ ဂိုဒေါင်ထဲမှာ ရှိနေကြတာမဟုတ်လား။ သူ့ကို ချဉ်းကပ်ပြီးတော့မှ တောင်းယူကြရတာပါ။ တရားဝင်တော့မဟုတ်ဘူးပေါ့။ တရားဝင်ဆိုရင်တော့ ဝန်ထမ်းဖြစ်တဲ့ လက်ထောက်အဆောင်မှူး၊ အဆောင်မှူးတွေဆီကို အဆင့်ဆင့် တင်ပြပြီးမှ သူတို့ခွင့်ပြုမှ ရပါတယ်။

ဦးပွား ထောင်ထဲကို ရောက်တာ တစ်နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ နောက်ထပ် ဘယ်လောက်ကြာအောင် နေရဦးမယ်ဆိုတာတော့ အတိအကျ တွက်ဆလို့ မရနိုင်ပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်တွေကြောင့် နှစ်မစေ့ခင်လည်း လွတ်နိုင်ပါတယ်။

ရင့်ပြည့်

The Tanintharyi Times