စစ်ကောင်စီတပ်အဆုတ်နှင့် ထားဝယ်ခရိုင်အလှုပ်
စစ်ကောင်စီတပ်အဆုတ်နှင့် ထားဝယ်ခရိုင်အလှုပ်
စစ်ကောင်စီတပ်သည် လက်ရှိတွင် ထားဝယ် ခရိုင်ထဲရှိ ၎င်းတို့၏ တပ်စခန်း ခုနှစ်ခုကို စွန့်လွှတ် ဆုတ်ခွာပေးလိုက်ရပြီ ဖြစ်သည်။ လောင်းလုံးနှင့် ရေဖြူမြို့နယ်ရှိ ပျူစောထီးစခန်း သုံးခုအပါဆိုလျှင် ဆုတ်ခွါ ပေးလိုက်ရသည့် တပ်စခန်းက ကိုးခု ဖြစ်သည်။
ယင်းထဲမှ စခန်း ခြောက်ခုသည် ယခုနှစ်စ ဇန်နဝါရီလ ၂၄ မှ ဖေဖော်ဝါရီလ ၂၃ ရက်ကြား၊ အချိန်တစ်လအတွင်း စွန့်လွှတ်ဆုတ်ခွါပေးခဲ့ရခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ တိုင်းစစ်ဌာန(တနင်္သာရီ)၏ ပြောရေးဆိုခွင့် ရှိသူကမူ စစ်ကောင်စီတပ်စခန်းများ ယခုကဲ့သို့ ဆုတ်ခွာနေရခြင်းသည့် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က စစ်ရေးအရ အသာစီးရနေခြင်းကို ပြသနေသည်ဟု ပြောဆိုသည်။
ယင်းသို့ စစ်ရေးအရ အသာစီးရလာခြင်းမှာ တိုင်းရင်းသားမဟာမိတ်များနှင့် ပြည်သူ့ကာကွယ်တပ်ရင်းတပ်ဖွဲ့တို့ ယခင်ထက်ပိုမို စုစည်းညီညွတ်လာခြင်းကြောင့်ဖြစ်ပြီး ဆက်လက် ဖြစ်ပေါ်လာမည့် တိုက်ပွဲများကြောင့် ထားဝယ် ခရိုင်အပြင် တနင်္သာရီတတိုင်းလုံး စစ်ပူလာနိုင်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။
“ကျနော်တို့တပ်တွေနဲ့ မဟာမိတ်တပ်တွေကတော့ ရပ်တန့်နေမှာ မဟုတ်ပါဘူး၊ နောက်ထပ် စခန်းသိမ်းပွဲတွေ ထပ်ရှိလာမှာပါ။ ဒါကြောင့် ထားဝယ်ခရိုင်အပါအဝင် တနင်္သာရီတစ်တိုင်းလုံး စစ်ပူမယ်၊ ပြည်သူတွေ ကြိုပြင်ကြပါလို့ ခဏခဏ ပြောနေရတာ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက အသိပေးသည်။
◉ ဆုတ်ခွာသွားရသော ထားဝယ်ခရိုင်ထဲက စစ်ကောင်စီတပ် စခန်းများ
အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီတပ်၏ ကျောက်ထုစခန်း ကျဆုံးခြင်းအကျိုးဆက်ကြောင့် ထားဝယ်ခရိုင်ထဲက ၎င်းတို့၏ တပ်စခန်းများ ယခုကဲ့သို့ တစ်လအတွင်း ဆုတ်ခွာသွားရခြင်း ဖြစ်သည်။
၎င်းစခန်းတို့မှာ ကျောက်ထု၊ စော်ဖျား၊ သဲချောင်းကြီး၊ ဟိန္ဒား၊ မေတ္တာ၊ ထီးခီးတို့ ဖြစ်သည်။
ကျန်စခန်းတစ်ခုမှာ သကျက်တောနယ်မြေရဲစခန်းဖြစ်ပြီး ၎င်းစခန်းမှာ ပြီးခဲ့သည့်နှစ်စကနည်းက စစ်ကောင်စီတပ်သားများ စွန့်ခွါသွားခဲ့ကြခြင်း ဖြစ်သည်။
◉ သကျက်တောနယ်မြေရဲစခန်း
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၏ ရဲစခန်းသုံးခုအနက် မြို့နယ်၏ တောင်ဘက်ပိုင်းတွင်ရှိသည့် ရဲစခန်းတစ်ခုဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုစခန်းတွင် ရဲတပ်သားများအပြင် စစ်ကောင်စီစစ်သားများပါ ပူးပေါင်းနေထိုင်ကာ ခြေကုတ်ယူထားသည်။ လောင်းလုံးမြို့နယ် တောင်ပိုင်းကို နယ်မြေစိုးမိုးထားသော စခန်းတစ်ခုလည်း ဖြစ်သည်။
၎င်းစခန်းကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့က ၂၀၂၂ ခုနှစ်မှာ စကာ မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင်လည်း ရွာထဲ ထန်းရည်ထွက်ဝယ်သည့် စစ်ကောင်စီတပ်သား နှစ်ဦး တိုက်ခိုက်ခံခဲ့ရရာ တစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်မူ စစ်ကောင်စီတပ်နှင့် ရဲတပ်သားအားလုံးက စာရွက်စာတမ်းများနှင့် ပစ္စည်းအချို့ကို သယ်ဆောင်ကာ စခန်းကို စွန့်ခွာသွားခဲ့ကြသည်။
နောက် သုံးရက်အကြာ ဇန်နဝါရီ ၁၆ ရက်နေ့ညတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက စခန်းသို့ ဝင်ရောက်က လူနေအိမ်နှင့် နီးသည့်အဆောင်တစ်ခုမှလွဲ၍ ကျန်အဆောက်အဦအားလုံးကို မီးရှို့ဖျက်သိမ်း လိုက်ကြသည်။
စစ်ကောင်စီတပ်သားများသည် ၎င်းစခန်းသို့ နောက်ထပ်ရောက်ရှိလာခြင်း မရှိတော့ဘဲ လက်ရှိအချိန်တွင် စခန်းနေရာမှာ ခြုံနွယ်နှင့် ပေါင်းပင်များ တောထနေသည်။
ထိုစခန်းသည် လောင်းလုံးမြို့နယ်၏ ပင်မကျေားရိုးလမ်းမကြီးဖြစ်သော ထားဝယ်-ရှင်မော်ဘုရားလမ်းမကြီး၏ နဘေးတွင်ရှိရာ လက်ရှိတွင် ဒေသခံများက ၎င်းစခန်းဟောင်းရှေ့မှ ကား၊ ဆိုင်ကယ်တို့ဖြင့် အေးအေးလူလူ ဖြတ်သန်းသွားလာ နေကြသည်။
“ဒီ နဘေးခြံတွေကနေပြီး ကျတော်တို့ လာလာပစ်ခဲ့ကြတာပေါ့ဗျာ။ အဲဒီတုန်းကတော့ လက်လုပ်သေနတ်တွေနဲ့ပေါ့”ဟု ပစ္စတိုသေနတ်ကို လူမမြင်အောင် အိပ်ထဲထည့်ထားသည့် တော်လှန်ရေးရဲဘော်တစ်ဦးက စခန်းဟောင်းနဘေးခြံများအား လက်ညှိုးညွန်ပြရင်း ပြောသည်။
◉ လောင်းလုံးပျူစခန်း နှစ်ခု
ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လောင်းလုံးမြို့နယ်အတွင်း ဖျက်သိမ်းကာ ထွက်ပြေးသွားခဲ့သည့် ပျူစခန်း နှစ်ခု ရှိသည်။
ပန္ဒလဲပျူစောထီးစခန်းမှာ လောင်းလုံးမြို့နှင့် ကမြောကင်းတံတားကြား လှုပ်ရှားခဲ့သော ပျူစောထီး(ခေါ် ) ပြည်သူ့စစ်တို့၏ အထိုင်စခန်းတစ်ခုဖြစ်သည်။
နှစ်သစ်ကူးတစ်ရက်နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် လောင်းလုံးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တို့က အဆိုပါစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
နောက်စခန်းတစ်ခုဖြစ်သည့် ကရင်ကြီးရွာပျူစခန်းမှာ ကရင်ကြီးရွာတွင် အခြေစိုက်ပြီး မောင်းမကန်ရဲစခန်းနှင့် ချိတ်ဆက်ကာ မျှော်ရစ်ကျွန်းဆွယ်ကို စိုးမိုးလှုပ်ရှားသည်။ လှေသမားများထံက ဆက်ကြေးကောက်သည်။
၂၀၂၃ ခုနှစ် မတ်လ ၆ ရက်တွင် ကရင်ကြီးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ရှင်းလင်းကာ၊ ဖျက်သိမ်းခဲ့ကြသည်။
စစ်ကောင်စီတပ်နှင့်ပျူများ ၎င်းစခန်းများသို့ လက်ရှိအချိန်ထိ လာရောက်စခန်းချနေထိုင် နိုင်ခြင်း မရှိတော့ပေ။
◉ လောင်းလုံးမြို့နယ်ထဲက လက်ကျန်စခန်းများ
လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်ရဲစခန်း၊ ရုံးများ၊ ကျောက်နီမော် ရဲချောင်းကင်းစခန်း၊ မောင်းမကန်ရဲစခန်းတို့သည်လည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။
၎င်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများအနေဖြင့် အပြင်သို့ပင် မထွက်ရဲတော့ဘဲ ပစ္စည်း/လူအင်အား တပ်ရွှေ့၊ တပ်ပြောင်းကိုပင် သာမန်ခရီးသည်တင်ကားများဖြင့် အရပ်သားအသွင်ယူ ပြောင်းရွှေ့နေကြရသည်။
ထို့ကြောင့် လောင်းလုံးမြို့နယ်တခွင်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဖြန့်ကျက်လှုပ်ရှားနယ်မြေ ဖြစ်နေခဲ့သည်။
“စစ်ေ-ွးတွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာမျိုးကတော့ ပြေးကြရတာပေါ့လေ။ သာမန်အချိန်တွေမှာတော့ စခန်းထဲကကောင်တွေ မထွက်လာရဲတော့၊ အေးအေးဆေးဆေး နေလို့ရနေပါတယ်ပေါ့” ဟု လောင်းလုံးမြို့ဆင်ခြေဖုံးရွာတစ်ရွာက ဒေသခံတစ်ဦးက ဆိုသည်။
◉ ကျောက်ထု စစ်ဆင်ရေးခြေကုတ်စခန်း
ကျောက်ထုစခန်းသည် ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဘန်းချောင်းနဘေးက ကျောက်ထုရွာတွင် တည်ဆောက်ထားသည်။ ထားဝယ်နယ်စပ်ရွာ အမရာ(တနင်္သာရီမြစ်ကမ်း)ရွာမှ ဘန်းချောင်းဒေသတစ်ဝိုက်ကို နယ်မြေစိုးမိုးထားသည့် စခန်းတစ်ခုလည်း ဖြစ်သည်။
၎င်းစခန်းကို ကရင်အမျိုးသားတပ်မတော်(KNLA)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)/ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ပူးပေါင်း၍ ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး ကိုးဦးမှာ စစ်သုံ့ပန်းအဖြင့် အဖမ်းခံခဲ့ရသည်။ ၆၀ မမ တာလတ်ပစ်လက်နက်ကြီး၊ စက်ကလေးခေါ် စက်သေနတ်၊ မောင်းပြန်လက်နက်များနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
စခန်းတည်နေရာမှာ ထီးခီး-သရက်ချောင်း ကျောက်မီးသွေးကုန်ထုတ်လမ်းဟောင်းနဘေးတွင် တည်ရှိသည်။ စခန်းမကျခင်အချိန်ကဆို အနီးအနားကျေးရွာများမှ ရွာသူရွာသားများသည် ၎င်းစခန်းရှေ့မှ မဖြတ်ရဲ၍ စခန်းနှင့် ဝေးရာလမ်းများမှ ပတ်ကွင်းသွားကြရသည်။
အသက် ၅၀ ကျော်အရွယ် ကရင်အမျိုးသားတစ်ဦးက “ခုတော့ လမ်းပေါ်မှာ အမှိုက်ထုတ်ကြီးတစ်ခု ရှင်းသွားသလိုပါပဲဗျာ” ဟု စခန်းသိမ်းအပြီးတွင် ရင်ဖွင့်သည်။
◉ ထီးခီးဂိတ်စခန်း
ထီးခီးဂိတ်စခန်းသည် ထိုင်း(ကန်ချနာဘူရီ)-မြန်မာ(ထားဝယ်မြို့နယ်)နယ်စပ်ရှိ ထီးခီးရွာထိပ်တွင် တည်ရှိပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် အမြဲတမ်းနေထိုင်ကာ ခရီးသွားများအား စစ်ဆေးလေ့ရှိသော ဂိတ်တစ်ခုဖြစ်သည်။
ကျောက်ထုစခန်း အသိမ်းခံရပြီးနောက်ရက်တွင် စစ်ကောင်စီတပ်သားများ ယင်းဂိတ်စခန်းကို စွန့်ခွာကာ အနီးဆုံးရှိ ထီးထဗျူဟာကုန်းသို့ ဆုတ်ခွာသွားသည်ဟု ဒေသခံတို့က ပြောကြသည်။
“အရင်ကတော့ ဂိတ်တဲမှာ လေးငါးယောက် အမြဲ မြင်နေရတယ်။ ကျောက်ထုစခန်းသိမ်းပြီးကတည်းက တစ်ယောက်မှ မတွေ့တော့ဘူး” ဟု ယင်းဂိတ်ကို အမြဲ ဖြတ်သန်းနေသော ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ ပြောပြချက်အရ ထိုဂိတ်စခန်းကို ယခုအချိန်ထိ စစ်ကောင်စီတပ်သားများ မရောက်လာတော့။
◉ သဲချောင်းကြီးနယ်မြေရဲစခန်း
သဲချောင်းကြီးစခန်းသည် သရက်ချောင်းမြို့နယ် တောင်ပျောက်ဒေသ၏ အချက်အခြာကျသော ဒေသတွင်ရှိပြီး နယ်ခံရဲများအပြင် စစ်ကောင်စီတပ်သားများ ထပ်မံအာဖြည့်ထားသည့် စခန်းတစ်ခုဖြစ်သည်။
နယ်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသော်လည်း စခန်းကျဆုံးသည်အထိ မအောင်မြင်ခဲ့ပေ။
ကျောက်ထုစခန်း သိမ်းပြီးနောက် နှစ်ရက်အကြာတွင် သရက်ချောင်းမြို့နယ် တောင်ပျောက်ဒေသသို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်လာရာ သဲချောင်းကြီးနယ်မြေရဲစခန်းရှိ တပ်သားများကိုပါ ခေါ်လာခဲ့သည်။
ထိုသို့ ဝင်လာစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှု အနည်းငယ်ဖြစ်ပွားခဲ့သော်လည်း ကြီးမားသည့် ထိပ်တိုက် တိုက်ပွဲများ မဖြစ်ပွားခဲ့ပေ။
၎င်းစစ်ကြောင်းသည် ဝမ်းကဖော်ရွာရှိ အိမ်တစ်ဆောင်ကို မီးရှို့ခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ထိုစစ်ကြောင်း ထွက်ခွာသွားသောအခါ သဲချောင်းကြီးနယ်မြေရဲစခန်းမှ ရဲသား၊ စစ်ကောင်စီတပ်သားများလည်း စခန်းကို စွန့်ခွာကာ ၎င်းစစ်ကြောင်းနှင့် တပါတည်း လိုက်ပါသွားခဲ့လေသည်။
နောက်ရက်များတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများက ၎င်းတို့နေခဲ့သည့်စခန်းကို သွားရောက် ရှင်းလင်း ဖျက်သိမ်းလိုက်ကြတော့သည်။
“မြေမြုတ်မိုင်းတွေ တွေ့တယ်ဗျ။ သတိထားပြီး အချိန်ယူပြီးတော့ ရှင်းလင်းခဲ့ရတယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ထိုစခန်းသည် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင်းရှိ စစ်ကောင်စီ၏ တစ်ခုတည်းသော ခြေကုတ်စခန်း ဖြစ်သည်။
◉ စော်ဖျားစစ်ကောင်စီခြေကုတ်စခန်း
စော်ဖျားရွာသည် သရက်ချောင်းမြို့နယ်ထဲတွင် ရှိသော်လည်း ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်သာ ဝေးသည်။ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်နှင့် ထားဝယ်မြို့နယ်အစပ်တွင် ရှိသဖြင့် စစ်ရေး၊ စီးပွားရေး၊ နယ်မြေအနေအထားအရ အချက်အခြာကျသည်။
အာဏာသိမ်းပြီးနောက် အချက်အခြာကျသည့် စော်ဖျားရွာဘုရားကုန်းတွင် ခံတပ်သဖွယ်ပြင်ဆင်ကာ စစ်ကောင်စီတပ်စခန်း လာရောက် တည်ဆောက်၊ ခြေကုတ်ယူ စိုးမိုးထားလေသည်။
ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ အကြိမ်ကြိမ် ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် စခန်းရလုရခင်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်ကူအချိန်မီရောက်လာသဖြင့် မသိမ်းယူနိုင် ဖြစ်ခဲ့ဖူးသည်။
ကျောက်ထုစခန်းသိမ်းပြီးနောက်တွင် ဇန်နဝါရီ ၃၀ ၌ သရက်ချောင်းမြို့နယ် သဲချောင်းကြီးနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသောအခါ စော်ဖျားစခန်းမှ စစ် ကောင်တပ်သားများလည်း နောက်တစ်ရက် တွင် ၎င်းတို့၏စခန်းကို စွန့်ကာ ထားဝယ် မြို့နယ်၊ ရောင်းမော်ရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ထိုနေ့တွင်ပင် ၎င်းစခန်းသို့ သွားရောက်ကာ စခန်းကို ရှင်းလင်းဖျက်သိမ်း ခဲ့သည်။
“အရင်ကဆို သူတို့(စစ်ကောင်စီတပ်သား)တွေ ဘယ်တော့ ထသောင်းကျန်းမလဲဆိုပြီး ရွာထဲ မနေရဲကြဘူး။ သူတို့စခန်းရှေ့ကလည်း မဖြတ်ရဲကြဘူး။ ခုတော့ တရွာလုံး ကိုယ့်အိမ်ကိုယ် ပြန်နေနေကြပြီ။ အရင်ကလိုလည်း စခန်းကို ရှောင်ပြီး ဝိုက်ပြီး မသွားရတော့ဘူး”ဟု အနီးအနားကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့တွင်မူ ရောင်းမော်ဘက်မှ စော်ဖျားရွာဘက်သို့ စစ်ကောင်စီတပ်သားအင်အား ၆၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်လာခဲ့သေးသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စော်ဖျားရွာဘက်ဦးတည်ဝင်ရောက်လာသော ၎င်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားတွင် ရင်ဆိုင်တိုက်ခဲ့ရာ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခန့်ထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်း ရောင်းမော်ရွာစခန်းသို့ ပြန်ဆုတ်သွားခဲ့ရသည်။
စစ်ကောင်စီတပ်သည် စော်ဖျားစခန်းကုန်းသို့ လက်ရှိအချိန်ထိ ပြန်ခြေချနိုင်ခြင်း မရှိတော့သည့်အပြင် စော်ဖျားစခန်းကုန်းမှ ဆုတ်ခွါသွားသော စစ်ကောင်စီတပ်သားတို့ ပူးပေါင်းစခန်းချနေသည့် ရောင်းမော်ရွာစခန်းသည်လည်း မကြာခဏ အတိုက်ခံနေရလေသည်။
◉ ဟိန္ဒားရွာ စစ်ကောင်စီစခန်းကုန်း
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဟိန္ဒားရွာသည် ခေတ်အဆက်ဆက် အကြီးစားသတ္တုထုတ်လုပ်မှု လုပ်ကိုင်ခဲ့သည့်ရွာ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်တွင် ၎င်းရွာထိပ်ရှိ ကုမ္ပဏီတစ်ခု၏ သတ္တုထုတ်လုပ်ရေးရုံးအဆောက်အအုံတွင် စစ်ကောင်စီတပ်စခန်းကုန်းအဖြစ် အခြေပြု တပ်စွဲနေထိုင်ခဲ့သည်။ အင်အားမှာ ၅၀ ဝန်းကျင် ရှိသည်ဟု ဒေသခံတို့က ခန့်မှန်းသည်။
ကျောက်ထုစခန်းသိမ်းတိုက်ပွဲ နွှဲခဲ့သည့် KNLAနှင့် PDF တပ်သားများက ၎င်းရွာဘက် ရွှေ့လာကြောင်း သတင်းအနံ့ ရသွားဟန်ရှိသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မတိုင်မီတွင် စခန်းကို စွန့်ခွာ၍ ၎င်းတို့နှင့် အနီးဆုံးစခန်းဖြစ်သော ကျောက်မဲတောင်နယ်မြေရဲစခန်းသို့ ရွှေ့ပြောင်းကာ ထိုစခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်း စခန်းချနေလေတော့သည်။
ထိုကျောက်မဲတောင်စခန်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထားဝယ်၊ ပကာရီဘက်မှ ထပ်ရောက်လာသည့် စစ်ကောင်စီကား ၅ စီး ရှိနေသည်။
အမှန်မှာ ပကာရီမှ စစ်ကောင်စီကား ၁၇ စီး ထွက်လာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်တို့က ဝကုန်းရွာတဝိုက်တွင် ကြားဖြတ်တိုက်ခိုက်သဖြင့် ကား ၁၂ စီး ပျက်စီးကာ ကျန်ခဲ့ခြင်း ဖြစ်သည်။ ထို ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများလည်း တော်လှန်ရေးပူးပေါင်းတပ်တို့က ရရှိလိုက်သည်။
စစ်ကောင်စီတပ်သားများ စွန်ခွာသွားသည့် ဟိန္ဒားစခန်းကုန်းကိုမူ တော်လှန်ရေးပူးပေါင်းတပ်တို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် မီးရှို့ ဖျက်သိမ်းလိုက်ကြသည်။
◉ မေတ္တာနယ်မြေရဲစခန်း
ထားဝယ်မြို့နယ်၏ မြို့နယ်ခွဲတစ်ခုဖြစ်သော မေတ္တာမြို့သည် ထားဝယ်-ထီးခီး ကားလမ်းမပေါ်တွင် တည်ရှိသော ရုံးစိုက်ရာမြို့တစ်ခု ဖြစ်ရာ ထားဝယ်အရှေ့တောဒေသ၏ အချက်အချာအကျဆုံးမြို့ဟု ဆိုနိုင်သည်။
မြို့ပေါ်တွင် စစ်ကောင်တပ်၏ လက်နက်ကိုင် တပ်ဖွဲ့ နေရာနှစ်ခုရှိသည်။ မေတ္တာနယ်မြေရဲစခန်းနှင့် ဗျူဟာမှူး ရုံးထိုင်သော မေတ္တာဗျူဟာကုန်းတို့ ဖြစ်သည်။
ဟိန္ဒားစခန်းကုန်းကို မီးရှို့ဖျက်သိမ်းပြီးသော KNUနှင့် PDF ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် မေတ္တာမြို့သို့ ချီတက်လာကြရာ မေတ္တာနယ်မြေရဲစခန်းက ရဲနှင့် စစ်ကောင်စီတပ်သားတို့သည် တစ်စုံတရာ ခုခံခြင်း မရှိဘဲ ဖေဖော်ဝါရီ ၂၃ တွင် စခန်းစွန့်ခွာကာ အနီးဆုံးရှိ မေတ္တာဗျူဟာကုန်းသို့ ကိုယ်လွတ်ရုန်း ဆုတ်ပြေး သွားကြတော့သည်။
ထိုစခန်းမှ စစ်ကောင်စီတပ်သားများအပြင် ထားဝယ်-ထီးခီးလမ်း၏ အချက်အခြာအကျဆုံးတံတားဖြစ်သော မေတ္တာတံတားဂိတ်မှ စစ်ကောင်တပ်သားများသည်လည်း ဂိတ်စခန်းကို စွန့်ကာ ဗျူဟာကုန်းသို့ ဆုတ်ခွာသွားကြလေသည်။
KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ နှင့် တပ်မဟာ ၄၊ တပ်ရင်း ၁၂ တို့၏ ပူးတွဲတပ်ရင်းမှူး ဗိုလ်မှူးဂေကမူ KNUနှင့် PDF ပြည်သူ့ကာကွယ်ရေးရဲဘော်များ ချီတက်လာသည်ကို သတင်းကြိုရ၍ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း တနင်္သာရီတိုင်းမ်ကို ဖြေဆိုခဲ့သည်။
ထို မေတ္တာနယ်မြေရဲစခန်းကို KNUနှင့် PDF ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်ပင် နယ်မြေရှင်းလင်း သိမ်းပိုက်လိုက်တော့သည်။
◉ ရေဖြူမြို့နယ်က ပျူစောထီးစခန်း
ရေဖြူမြို့နယ်ထဲက မွန်တိုင်းရင်းသားအများစုနေထိုင်သည့် မင်းသားကျေးရွာက ပျူစောထီးစခန်းကို မွန်-တနင်္သာရီပူးပေါင်းတပ်များက မတ်လ ၂၃ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ ပျူစောထီးစခန်းသည် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား ၇၀ ဝန်းကျင်တပ်စွဲထားသည့် စခန်းဖြစ်ပြီး နှစ်နာရီအကြာတိုက်ခိုက်ခဲ့ရသည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
ယင်းစခန်းသည် ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်ကို လုံခြုံရေးယူပေးနေသည့် နေရာတစ်ခုဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ စခန်းရှိ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများမှာ မောရဝတီရေတပ်စခန်းဌာနချုပ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
မွန်-တနင်္သာရီတော်လှန်ရေးပူးပေါင်းတပ်များဘက်ကမူ တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ သိမ်းပိုက်နိုင်သည့်ပျူစောထီးစခန်းမှာ လက်နက်ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲများက သိမ်းဆည်းနိုင်ခဲ့သည်။
◉ အတိုက်ခံနေရဆဲ စစ်ကောင်စီစခန်းများ
လက်ရှိအချိန်၌ နေ့ညမဟူ အတိုက်ခံနေရသော၊ အတိုက်ခံရနိုင်သော စစ်ကောင်စီစခန်းများမှာ ထားဝယ်ခရိုင်ထဲရှိ ကျေးလက်/မြို့ပြအခြေစိုက် စခန်းအားလုံးပင် ဖြစ်နိုင်ကြောင်း တိုင်းစစ်ဌာန(တနင်္သာရီ)၏ ပြောရေးဆိုခွင့်သူက မှတ်ချက်ပြုသည်။
“လက်ရှိ တိုက်နေတာကာတော့ ကျေးလက်အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေပေါ့ဗျာ။ အမှတ်(၈)လမ်းမပေါ်က စခန်းတွေလည်း ပါနေ၊ ထားဝယ်မြို့နဲ့ ၇ မိုင်လောက်ပဲဝေးတဲ့ စခန်းတွေလည်း ပါနေတော့ ပြည်သူတွေလည်း ကြားသိကြပါတယ်” ဟု ၎င်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မတ်လ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်၏ ရောင်းမော်စခန်းမှာ ထားဝယ်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၁ ဦးပါ တပ်စိပ်တစ်စိပ်လုံး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။
ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲချသဖြင့် ကြောက်လန့်ထွက်ပြေးသော အရပ်သူတစ်ဦးလည်း ဆိုင်ကယ်မှောက်ကာ သေဆုံးခဲ့သည်။
မြိတ်-ထားဝယ် အမှတ်(၈)လမ်းမကြီးပေါ်ရှိ သရက်ချောင်းမြို့နယ် ဝင်းဝစခန်းကုန်းသည်လည်း မတ်လ ၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်သားတို့ ဒရစပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ် ခရိုင် အမှတ်(၂) တပ်ရင်းက ထုတ်ပြန်ခဲ့သည်။
မွန်းတည့်ချိန်လောက်မှစကာ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် အပြန်အလှန် ပစ်ခတ်ကြပြီးနောက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချခဲ့သည်။
ထိုသို့ ဗုံးကြဲချမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ ထိခိုက်မှု မရှိခဲ့သော်လည်း ခရီးသည်တင်မှန်လုံကားကို ထိမှန်ကာ ခရီးသွားအမျိုးသမီးကြီးတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်။
ဝင်းဝစခန်းသည် လက်ရှိအချိန်တွင် KNLA နှင့် PDF ပူးပေါင်းတပ်တို့ ပိတ်ဆို့ထားခြင်းကို ခံနေရပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်သားများ အလင်းဝင်မည်ဆိုက ကြိုဆိုကြောင်း ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ခဲ့သည်။
ထို့အတူ ထားဝယ်အရှေ့တောဒေသနှင့် ထားဝယ်ခရိုင်အတွက် အရေးပါသော မေတ္တာဗျူဟာကုန်းသည်လည်း လက်ရှိတွင် စစ်ကူနှင့် ရိက္ခာအတွက် လေယာဉ်လမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးနေရသော အခြေအနေတွင် ရှိနေသည်။
“အရှေ့တောမှာက လေယာဉ်တွေကို ပစ်ကူအတွက်တင်မကဘူး။ သူတို့စခန်းကုန်းတွေအတွက် ရိက္ခာတွေပါ လေထီးနဲ့ လာချပေးတဲ့အတွက်ပါ သုံးနေကြတာ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
◉ စစ်ကောင်စီတပ်အဆုတ်၊ ထားဝယ်ခရိုင်အလှုပ်၊ ပြည်သူတို့ ဘာလုပ်ကြမလဲ
စစ်ကောင်စီတပ်စခန်းများ အသိမ်းခံရမှု၊ ဆုတ်ခွာမှုတို့နှင့် စစ်ဆိုင်ထားသည့် စစ်နယ်ဝန်းတို့ကို ကြည့်ပါက ထားဝယ်ခရိုင်အတွင်း စစ်ရေးအခြေအနေကို အကဲခတ်နိုင်ပြီး မည်သည့်ဘက်က စစ်ရေးအသာရနေသည်ကို ဖော်ပြနေကြောင်း တိုင်းစစ်ဌာန(တနင်္သာရီ)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“သူတို့(စစ်ကောင်စီတပ်)တွေ ဆုတ်ခွာသွားတဲ့ စခန်းတွေရဲ့ စိုးမိုးနယ်မြေတွေကို မြေပုံပေါ်မှာ အရောင်ခြယ်ကြည့်ပါ။ ပြီးတော့ ကျနော်တို့ စစ်ဆိုင်ထားတဲ့နယ်မြေတွေပါ အရောင်ထပ် ခြယ်ကြည့်လိုက်ပါ။ ထားဝယ်ခရိုင်ရဲ့စစ်ရေးက ဘယ်ဘက်က အသာရနေတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း တွေ့လိမ့်မယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် လက်ရှိအချိန်တွင် စစ်ဆိုင်ခံထားရသော၊ အပိတ်ဆို့ခံ၊ အဝိုင်းခံထားရသော ၎င်းတို့၏ တပ်စခန်းများ၊ စစ်ကြောင်းများသို့ စစ်ကူလာရန်မှာ ကုန်းလမ်း၊ ရေလမ်းတို့က မဖြစ်နိုင်တော့သည့်အတွက် စစ်ကူအတွက်ဆိုပါက ၎င်းတို့၏ခြေကုတ်စခန်းများမှ လက်နက်ကြီးပစ်ကူပေးခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကိုသာ လုပ်ဆောင်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်သူတွေ မလိုအပ်ဘဲ ခရီးမသွားကြပါဖို့နဲ့ လက်နက်ကြီးဒဏ်နှင့် ဗုံးဒဏ်ခံနိုင်သော ဗုံးခိုကျင်းများ ကြိုတင်တူးထားရန် လည်း သူကတိုက်တွန်းသည်။
“လက်နက်ကြီးသံ၊ လေယာဉ်သံကြားရင် ဗုံးခိုကျင်းထဲမှာ ခိုနေတာဟာ အလုံခြုံဆုံးပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူက သတိပေးသည်။
ဂါးဒီး
The Tanintharyi Times