စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ညောင်ဇင်ရွာသားတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက စာသင်ကျောင်းကိုမီးရှို့
စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ ညောင်ဇင်ရွာသားတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက စာသင်ကျောင်းကိုမီးရှို့
သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာမှာ စစ်ကောင်စီသတင်း ပေးလို့ နာမည်ထွက်နေတဲ့ ဒေသခံတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် အဲဒီရွာမှာရှိတဲ့ အထက်တန်းကျောင်းဆောင်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးအောင်နိုင်ဦးဆိုသူဖြစ်ပြီး ဒီကနေ့မနက် ၃ နာရီခန့်က ညောင်ဇင်ရွာ (အ.ထ.က) စာသင်ကျောင်းအနီးမှာ အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူကတော့ ရွာမှာ မူးဆေးအိုး(မုန်းစရာကောင်းတဲ့သူ)။ အရင်အုပ်ချုပ်ရေးမှူးနုတ်ထွက်တော့ သူလုပ်မယ်ဆိုပြီး အသံတွေထွက်လာတယ်။ ပြီးတော့သူက မဘသ ဘုန်းကြီးတွေနဲ့ အတော်ပေါင်းတယ်။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဦးအောင်နိုင်ဦးဟာ ရေခဲအရောင်းအဝယ် လုပ်နေသူတစ်ဦးဖြစ်ပြီး မနက်ပိုင်း ထားဝယ်မြို့ကို ရေခဲဝယ်ဖို့ သွားနေတဲ့အချိန် လမ်းမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးအောင်နိုင်ဦးဟာ လည်ပင်း သေနတ်ထိမှန်ဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးနေပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ နေအိမ်ရောက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
အခုပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို တနင်္သာရီတိုင်းမ်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီဖြစ်စဉ်ပြီးတဲ့နောက် နေ့လည် ၁၂ နာရီလောက်မှာ ထားဝယ်ဘက်က စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး ၁၂ နာရီခွဲလောက်မှာ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“စာသင်ကျောင်းမီးစလောင်တော့ ရွာသားတွေ ထွက်ကြည့်ကြတာပေါ့။ ဈေးနား ရောက်တော့ စစ်တပ်ကကောင်တွေက သေနတ်ငယ်တွေနဲ့ပစ်ဖောက်တယ်။ အဲဒါနဲ့ ကြောက်ပြီးပြန်ပြေးလာကြတာ။ ဆိုင်တွေလည်းသိမ်း၊ တံခါးတွေလည်းပိတ် ဘယ်သူမှ ဘာမှ ထွက်မကြည့်ရဲတော့ဘူး” လို့ ဒေသခံတစ်ဦးက စာသင်ကျောင်းမီးလောင်ခဲ့တာနဲ့ပက်သက်ပြီး သူကြုံခဲ့ရတာကိုပြောပြပါတယ်။
ညောင်ဇင်ရွာ အထက်တန်း စာသင်ကျောင်းဟာ ဈေးနဲ့ လယ်မြေ ၃ ဧက ခန့်သာ ခြားတာ ဖြစ်ပါတယ်။
စာသင်ကျောင်းမီးလောင်ပြီးနောက် ထားဝယ်မြို့ပေါ်က မီးသတ်ကား ၂ စီး၊ သရက်ချောင်းမြို့ပေါ်က မီးသတ်ကား ၂ စီးရောက်လာပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
“သရက်ချောင်းကတက်လာတဲ့ မီးသတ်ကားနောက်မှာ ရဲကား ၂စီးထပ်ပါလာသေးတယ်။ ကျောင်းနားမှာ pdf တွေ ခြုံခုံနေတယ်လို့ ထင်နေလားမသိဘူး။ ကျောင်းပတ်ပတ်လည် ရှာရှာပြီး ရှို့နေတာ။” လို့ နောက်ဒေသခံတစ်ဦးကပြောပါတယ်။
စာသင်ကျောင်းမီးလောင်နေတဲ့ အချိန် စစ်ကောင်စီတပ်သားတွေဟာ လက်နက်ငယ်တွေအပြင် လက်နက်ကြီးနဲ့ပါ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒီကနေ့ နေ့လယ် ၂ နာရီခွဲလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ညောင်ဇင်ရွာ အထက်တန်းကျောင်းဆောင်ကို မီးရှို့တာဟာ စစ်ကောင်စီတပ်သားတွေ လုပ်တာဖြစ်တယ်လို့ ဒေသခံတွေက အခိုင်အမာပြောဆိုနေပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
အဲဒီစာသင်ကျောင်းဟာ တက်ရောက်နေတဲ့ ကျောင်းသားမရှိတဲ့အပြင် သင်ကြားပေးမဲ့ ဆရာ၊ဆရာမ တွေလည်း မရှိတာကြောင့် ပိတ်ထားတာကြာပြီလို့ သိရပါတယ်။
အခုလ ၁ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူလို့ နာမည်ထွက်နေတဲ့ ဒေသခံတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။
The Tanintharyi Times
