တနင်္သာရီအခြေစိုက်တပ်က အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို ပကဖ စောင့်ရှောက်ထား
တနင်္သာရီအခြေစိုက်တပ်က အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို ပကဖ စောင့်ရှောက်ထား
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းက CDM ဝင်တဲ့ ရဲနဲ့ စစ်သား ၂၀၀ ကျော်ရှိပြီ
တနင်္သာရီမှာမြို့နယ်မှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို စောင့်ရှောက်ထားပြီး လိုအပ်တာတွေ ကူညီပေးနေတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
ညောင်ပင်ကွင်းရွာအခြေစိုက်တပ်ရင်းဖြစ်တဲ့ ခမရ ၅၆၁ တပ်ရင်းက တပ်သား ထွန်းလင်းပိုင် (တ-၁၂….) နဲ့ တပ်သား ထက်မြတ်သူ (တ-၆၇….) တို့ဟာ ပြီးခဲ့တဲ့လ ၃၁ ရက်က တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၂) ရဲ့ တပ်ခွဲ (၁) ပူးပေါင်းစစ်ကြောင်းကို လာရောက်ပြီး အလင်းဝင်ခဲ့တာပါ။
“လောလောဆယ်မှာတော့ သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးတွေကို ကျနော်တို့ ကူညီဆောင်ရွက်ပေးနေပါတယ်။ ပြီးတော့ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ CDM ကုဒ်နံပါတ် ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ ကုဒ်နံပါတ်ရသွားပြီဆိုရင်တော့ သူတို့ကို NUG အစိုးရက လစဥ်ထောက်ပံ့မှုတွေ ပေးမှာပါ” လို့ တာဝန်ခံ ကိုစတားက ပြောပါတယ်။
အလင်းဝင်လာတဲ့ ရဲဘော် နှစ်ဦးက တပ်တွင်းမှာ မတရားဖိနှိပ်ခံရတာတွေ ရှိနေတဲ့အပြင် ပြည်သူတွေအပေါ်မှာလည်း စစ်သည်တော်ကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အခုလိုလာရောက်ပူးပေါင်းရခြင်းဖြစ်တယ်လို့ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံ ကိုတာဝါးပြောပြချက်အရ အလင်းဝင်လာတဲ့ ရဲဘော်နှစ်ဦးမှာ လက်နက်မပါဘဲ လူချည်း ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနင်္သာရီတိုင်းအတွင်း CDM ဝင်ရောက်လာတဲ့ ရဲတပ်သားနဲ့ စစ်သား စုစုပေါင်း ၂၃၇ ဦးရှိပြီး ထားဝယ် ခရိုင်မှာ ၉၈ ဦး၊ မြိတ်ခရိုင်မှာ ၁၁၀ ဦးနဲ့ ကော့သောင်းခရိုင်မှာ ၂၉ ရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
၅၆၁ ခြေမြန်တပ်ရင်းက စစ်သားတစ်ဦးဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလမှာ MA-3 တစ်လက်၊ ကျည်တောင့် ၃၀ ၊ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် အတောင့် ၁၀၀ နဲ့ အလင်းဝင်ခဲ့ဖူးသလို အခုနှစ် ဧပြီလကလည်း MA-3 မောင်းပြန်တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနဲ့အတူ တပ်သားတစ်ဦး အလင်းဝင်လာခဲ့ဖူးပါတယ်။
ဒါကြောင့် အခုနှစ်အတွင်း ခြေမြန်တပ်ရင်း (၅၆၁) က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားလေးဦး အထိ ရှိနေပြီ ဖြစ်ပါတယ်။
The Tanintharyi Times
