ပုလောက ပြည်သူ့စစ်တစ်ဦး ပူရိယက္ခစစ်ကြောင်းထံ လက်နက်နဲ့တကွအလင်းဝင်လာ

ပုလောက ပြည်သူ့စစ်တစ်ဦး ပူရိယက္ခစစ်ကြောင်းထံ လက်နက်နဲ့တကွအလင်းဝင်လာ

KNDO ဦးစီးတဲ့ဒေသအခြေစိုက်ပူရိယက္ခညီနောင် စစ်ကြောင်းထံကို ပုလောမြို့နယ်က ပြည်သူ့စစ်တစ်ဦးက လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူဟာ ပုလောကုန်းကျေးရွာကပြည်သူ့စစ်ရဲဘော် စိုးနိုင်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့လ ၁၇ ရက်နေ့က လာရောက်ပူး​ပေါင်းခဲ့တာ ဖြစ်ပါတယ်။

“သူက စစ်သားတွေရဲ့ ဆက်ဆံပုံနဲ့ ပျူခေါင်းဆောင်တွေရဲ့အုပ်ချုပ်ပုံကို မကြိုက်လို့ ဒီလိုအလင်းဝင်လာတာပါ” လို့ ပူရိယက္ခညီနောင် စစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အလင်းဝင်လာတဲ့ ပြည်သူ့စစ်ရဲဘော်ဆီကနေ M-16 အမျိုးအစားသေနတ်တစ်လက်၊ 5.56ကျည်တောင့်နှစ်ရာနီးပါးနဲ့ ကျည်ဘောက်တွေရရှိခဲ့တယ်လို့ ပူရိယက္ခညီနောင် စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပူရိယက္ခညီနောင်စစ်ကြောင်းဘက်ကတော့ အလင်းဝင်လာတဲ့သူကို ငွေဆယ်သိန်းချီးမြှင့်ကာ သူသွားလိုတဲ့နေရာကို ပို့ပေးမှာဖြစ်ပြီး လောလောဆယ်ကတော့ လွတ်လွတ်လပ်လပ်သွားလာခွင့်နဲ့ နေစရာ၊ စားစရာ စီစဥ်ပေးထားတယ်လို့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

ပူရိယက္ခညီနောင်စစ်ကြောင်းဆီကို အရင်ကလည်းအလင်းဝင်လာတဲ့ စစ်ကောင်စီဘက်တော်သားတွေရှိပေမဲ့ အရေအတွက်အချက်အလက်အတိအကျကိုတော့ ပြောပြဖို့အဆင်မပြေသေးကြောင်း ပြန်ကြားရေးတာဝန်ခံကဆက်ပြောပါတယ်။

တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်အထိ စစ်ကောင်စီတပ်သားနဲ့ရဲ ၂၃၅ ဦးအလင်းဝင်လာတယ်လို့ တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့လ ၂၀ ရက်နေ့ကလည်း ဝင်းဝရဲစခန်းက ရဲတပ်သားတစ်ဦးဟာ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ဆီမှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့ပါတယ်။