“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
“ကနေဒါ နိုင်ငံခြားရေး ဒုဝန်ကြီး နဲ့ NUG တာဝန်ရှိသူတွေ တွေ့ ဆုံ “
အမျိုးသားညီညွတ်ရေး အစိုးရ – NUGတာဝန်ရှိသူတွေဟာ ကနေဒါ နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ အခုလ ၂၇ ရက်က တွေ့ဆုံခဲ့ပါတယ်။ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အဖွဲ့ဟာ ကနေဒါ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဒေးဗစ်မော်ရစ်ဆင်နဲ့ တွေ့ ဆုံချိန်မှာ စစ်အာဏာရှင်စစ်ဆန့်ကျင်ရေး နဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ဆက်လက် ကူညီလုပ်ဆောင်ပေးဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားစွဲဆိုပြီး ပြည်သူတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ယခုထက်ပိုသော နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်သွားဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာအကူအညီများကို နယ်စပ်ဒေသဖြတ်ကျော်ပေး ပို့နိုင်ဖို့၊ ဒီမိုကရေစီအင်အားစုတွေ အတွက် လိုအပ်နေတဲ့ နည်းပညာအကူအညီအထောက်အပံ့တွေ ပေးဖို့လည်း တိုက်တွန်း ခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
“ရွှေလီ-ကြယ်ဂေါင် နယ်စပ်မှာ တရုတ် စစ်တပ် ကင်းလှည့်နေ”
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နဲ့ ထိစပ်နေတဲ့ ရွှေလီ – ကြယ်ဂေါင် နယ်စပ်ဖြတ်ကျော် ဂိတ်အနီးမှာ သံချပ်ကာယာဉ်တွေနဲ့ တရုတ် စစ်သားတွေ ကင်းလှည့်နေတဲ့ ရုပ်သံဖိုင်တွေ ပျံ့နှံ့နေပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းကစတင်ကာ သံချပ်ကာယာဉ် ၆ စီးနဲ့ လှည့်လည်သွားလာနေတာလို့ မီဒီယာတချို့က ဖော်ပြပါတယ်။ ကင်းလှည်းသံချပ်ကာကားတွေဟာ ကြယ်ဂေါင်မြို့နယ်စပ်ဂိတ်အဝင် တစ်ခုဖြစ်တဲ့ နန်းတော်ပေါက်ဂိတ်ပေါက်နာရအထိ ကသ်းလှည့်နေခဲ့တာပါ။ တရုတ် နယ်စပ်မျဉ်းနဲ့ကပ်နေတဲ့ ရှမ်းပြည်နယ်မြောက်က်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေတာ ဒီကနေ့ဆို ငါးရက်ရှိပါပြီ။
“၁၀၂၇ စစ်ဆင်ရေး” ငါးရက်မြောက်နေ့”
ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” က ဒီကနေ့ ငါးရက်မြောက်နေ့အထိ ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းက အဓိကမြို့တွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့တွေကို သိမ်းပိုက်ထားပြီးသိန္နီမြို့ကို ထိန်းချုပ်ထားပါတယ်။ ဒီကနေ့ မနက်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့က ကချင်ပြည်၊ လိုင်ဇာမှ (၂၅) ကီလိုမီတာခန့် ကွာဝေးတဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီရဲ့ “ကန်တောင်ယန် (ဂန်ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ရန်သူ့အလောင်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီရဲ့ ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်းကျဆုံးခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ဖော်ပြပါတယ်။ စစ်ကာင်စီဘက်ကလည်းဂျက်လေယာဉ်၊ Mi-35 တိုက်လေယာဉ်နဲ့ လေကြောင်းစစ်ကူပြီး ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ နေ့လည် ၂ နာရီခွဲလောက်ကစပြီး KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီး အာလော့န်ဘွမ် (Alen Bum) တောင်ကုန်းဘက်ကို လေကြောင်းနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။
“MNDAA နဲ့ AA သိန္နီနဲ့ ကိုးကန့်ဒေသရှိ စစ်တပ်စခန်း ၄ ခုကို ထပ်မံ သိမ်းယူ”
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ခေါ် ကိုးကန့်တပ် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကလည်း စစ်ကောင်စီရဲ့ တပ်စခန်း ၄ ခုကို ဆက်လက် တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ The Kokang က ဖော်ပြပါတယ်။ မနေ့က ညနေ ၅ နာရီ ၂၀ မိနစ်က သိန္နီမြို့နယ် ဟိုပန်ကျေးရွာ မိုင်းတင် ရာဘာတောင်ကုန်းရှိ စစ်တပ်စခန်းကို MNDAA က တိုက်ခိုက်သိမ်းယူခဲ့ပြီး ည ၁၀ နာရီခန့်မှာ AA က နားတီရွာတစ်ဝိုက် အခြေချတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ရဲ့ တပ် စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ကိုးကန့်ဒေသ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်ရဲ့ ဟိုကျီတုံ တပ်စခန်း ၂ ခုကိုလည်း MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ၂၀ မိနစ်က ၎င်းတပ်စခန်း ၂ ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
The Tanintharyi Times
