“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန၊ ဘန်ကောက်ပို့စ်

နိုင်ငံတဝှမ်းမှာ ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက် အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၁ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ စစ်ကောင်စီကို စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ နိုင်ငံရေးပါတီတွေ အကြံပေး

စစ်ကောင်စီရဲ့ ရွေးကောက်ရေးကော်မရှင်ဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ အခုလ ၂၃ နဲ့ ၂၄ ရက် နှစ်ရက်တာတွေ့ဆုံချိန်မှာ စစ်မှုထမ်းအရေအတွက် ခေါ်ယူတာကို အခုထက်ပိုတိုးခေါ်ဖို့ အကြံပေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ နေပြည်တော်မှာ လုပ်တဲ့ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးခေါင်းဆောင်တဲ့ နိင်ငံရေးပါတီတွေ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ NSPNC ဥက္ကဌ စစ်ကောင်စီဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့ ပါဝင်ခဲ့ပါတယ်။ ပါတီတွေက ၂၀၂၅ ရွေးကောက်ပွဲကိစ္စ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လက်နက်ချ အလင်းဝင်တာတွေ များလာအောင်လုပ်ဖို့ အကြံပြုတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးရာမှာ သဘောတူထားတဲ့ အချက် ၄၃ ချက်နဲ့ ဆက်လက်ဆွေးနွေးမယ့် အချက် ခုနစ်ချက် ရရှိထားကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သတင်းဌာနတွေကို ပြောထားပါတယ်။

၂။ တောင်ကုတ်က မိုးထိတောင်စခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း အခုလ ၂၇ ရက်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ရိုးမပေါ်မှာရှိပြီး ပဲခူးတိုင်းနဲ့ ထိစပ်နေတဲ့ နေရာမှာ ရှိတဲ့ အဲ့ဒီစခန်းကို သိမ်းနိုင်ဖို့ အခုလ ၂၁ ရက်နေ့ မနက်ကစပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ AA က ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အ‌လောင်းတွေနဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်က ပွိုင့် ၂၆၃ စခန်းနဲ့ ပွိုင့် ၃၆၉ စခန်းတို့ကိုလည်း သိမ်းထားသေးတယ်လို့ AA ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ပွိုင့် ၂၆၃ စခန်းက မိုးထိတောင်စခန်းနဲ့ အတူတူ သိမ်းခဲ့တာဖြစ်ပြီး ကျန်စခန်းက အခုလ ၂၁ ရက်မှာ သိမ်းခဲ့တာပါ။

၃။ ကချင်ပြည်ထဲက ဗန်းမော်လေဆိပ်ကို KIA သိမ်းပိုက်ထိန်းချုပ်

ခရီးသည်တွေနဲ့ စစ်ရေးအတွက်ပါ အသုံးပြုနေတဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားလိုက်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလ ၂၈ ရက်မှာ သတင်းဌာနတွေကို ပြောထားပါတယ်။ လေယာဥ်ကွင်းကို သူတို့အကုန်လုံး နေရာယူထားပြီး ကျန်တဲ့ စစ်ကောင်စီစခန်းတွေကိုလည်း တိုက်နေတုန်းပဲလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါတယ်။ ဗန်းမော်မြို့ကို KIA ထိုးစစ်စတင်တဲ့ ပြီးခဲ့တဲ့လဆန်းကတည်းက အဆိုပါ လေဆိပ်ရပ်နားထားတာပါ။ ယင်းလေဆိပ်က ဗန်းမော်မြို့မှာ စစ်ကောင်စီအခြေစိုက် အကြီးဆုံးစခန်းဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဧရိယာနဲ့ ဆက်စပ်နေတာကြောင့် အရေးပါတဲ့နေရာလို့ ဆိုကြပါတယ်။

၄။ ကျောက်မဲဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ ကျောက်မဲမြို့နယ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ သူနာပြုဆရာမအပါအဝင် နှစ်ဦး သေဆုံးပြီး ဆေးရုံတက်နေတဲ့ လူနာတွေ အပါအဝင် လူ နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။ အခုလ ၂၅ ရက် နေ့လယ်ပိုင်းက ကြဲချခဲ့တာဖြစ်ပြီး  ဆေးရုံရဲ့ ကလေးဆောင်နဲ့ လူနာလက်ခံတဲ့ ဌာန အဓိက ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရ လူနာတွေထဲမှာ ထိခိုက်မှုပြင်းထန်သူတွေ ရှိနေတာကြောင့် သေဆုံးသူတိုးနိုင်တယ်လို့ သတင်းဌာနတွေက ရေးသားထားကြပါတယ်။ စစ်ကောင်စီဟာ ကျောက်မဲက ပြည်သူ့ဆေးရုံကို ဗုံးမကြဲခင် ရှမ်းပြည်မြောက်ပိုင်းထဲက နောင်ချိုမြို့ကို အခုလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ထားပါတယ်။

၅။ ရှမ်းမြောက်ထဲမှာ KIA နဲ့ TNLA  နယ်မြေအငြင်းပွားနေ

ရှမ်း‌ပြည်နယ်မြောက်ပိုင်းထဲက မြို့နယ်အချို့မှာ ကချင်လွတ်လပ်‌ရေးတပ်(KIA)နဲ့ တအာင်းတပ်(TNLA) တို့ နယ်မြေအငြင်းပွားမှုတွေ အခုလထဲမှာ ဖြစ်နေပါတယ်။ မုံးကိုးမြို့ဘက်က နမ့်မို၊ နမ့်ဖတ်ကာ၊ နမ့်ခမ်းမြို့ဘက်က မုံးဝီးနဲ့ မန်တုံဒေသတွေမှာ နှစ်ဖက်ပွတ်တိုက်မှုတွေ ရှိနေတယ်လို့  KIA ရဲ့ သတင်းနဲ့  ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို အတည်ပြု ပြောထားပါတယ်။ “ကိုယ်တိုက်ပြီးမှ အုပ်စိုးပြီး ကိုယ့်ရဲ့နယ်မြေဆိုပြီး သတ်မှတ်ယူတာမျိုးတွေ မလိုလားဘူး” လို့လည်း သူက ပြောပါတယ်။ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာရွာက KIA စစ်ဆေးရေဂိတ်မှာ တအာင်းတပ်နဲ့ KIA နှစ်ဖက်တပ်ဖွဲ့ဝင်တွေ နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ အခုရက်ပိုင်းကပဲ ထွက်ပေါ်လာပါတယ်။

၆။ မောင်တောက စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် နေရပ်ပြန်

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မောင်တောက စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် အခုလအတွင်း နေရပ်ပြန်လာကြပြီလို့ သတင်းဌာနတွေက ရေးသားထားကြပါတယ်။ မောင်တော မြို့ပေါ် ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၇) နဲ့ ရွှေဇား၊ အောင်ဗလ စတဲ့ ရပ်ကွက်တွေက ရခိုင်နဲ့ ရိုဟင်ဂျာ ၄၆၀၀ ကျော် နေရပ်ပြန်လာကြတာလို့ မောင်တော ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ဒေသခံတွေကို မြို့ထဲမှာ ပြန်ပြီးနေထိုင်ခွင့်ပြုတာကြောင့်  အခုလ ၁ ရက်ကစလို့ တဖြည်းဖြည်းချင်း ဝင်ခွင့်ပြုနေတာဖြစ်ပြီး မိုင်းတွေလည်း ရှင်းပြီးပြီလို့ ဒေသခံက ဆိုပါတယ်။ မြို့ပေါ်မှာ AA တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ပေးထားတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ထဲက မောင်တောမြို့နယ်ကို အာရက္ခတပ်တော် (AA)က ပြီးခဲ့တဲ့လ ၆ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၇။ ကိုးကန့်တပ်ကို လားရှိုးကနေ ပြန်ဆုတ်ဖို့ ယူနန်တရုတ်ကိုယ်စားလှယ်ပြော

ကိုးကန့်တပ်(MNDAA) ကို လားရှိုးမြို့ကနေ ပြန်ဆုတ်ပေးဖို့ အခုလ၂၉ ရက်ကနေ စတင်ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲမှာ ယူနန်က တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြောသွားပါတယ်။ ‘’နှစ်သစ်ကူးပြီးရင် ပြန်ဆုတ်ပေးရမယ်’’ လို့ တရုတ်ကိုယ်စားလှယ်က ပြောသွားကြောင်း ဘီဘီစီသတင်းက ဖော်ပြပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပတာကို လားရှိုးမှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်အထိ ပြုလုပ်မှာလို့လည်း ဘီဘီစီသတင်းအရ သိရပါတယ်။ ပွဲစင်မြင့်ထက်မှာ တရုတ်ကိုယ်စားလှယ်လို့ ယူဆရသူတစ်ဦးက လားရှိုးကနေ ကိုးကန့်တပ်ပြန်ဆုတ်ဖို့ ပြောနေတဲ့ ရုပ်သံတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အခုလ ၁၈ ရက်က တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။ အပစ်ရပ်ဆွေးနွေးမှုမှာ ကိုးကန့်တပ်တွေ လားရှိုးကနေ အခုနှစ် ဇွန်လမှာ ပြန်ဆုတ်ရမဲ့အကြောင်း ပါဝင်ခဲ့တယ်လို့ မြန်မာနောင်းသတင်းဌာနက ပြီးခဲ့တဲ့ ၂၁ ရက်က ဖော်ပြခဲ့ပါတယ်။ လားရှိုးမြို့ကို ပြီခဲ့တဲ့နှစ် သြဂုတ်လမှာ ကိုးကန့်တပ်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

၈။ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူတာတွေ ရှိနေပေမဲ့ စစ်ကောင်စီ ငြင်းဆို

စစ်မှုထမ်းဖို့အတွက် အသက်အရွယ်အကျုံးဝင်သူ အမျိုးသမီးတွေစာရင်းကို မြို့နယ်အချို့မှာ ကောက်ယူမှုတွေ ရှိနေပေမဲ့ အဲ့ဒီလိုကောက်ယူတာမရှိဘူးလို့ စစ်ကောင်စီက ငြင်းဆိုပါတယ်။ အဲ့ဒီသတင်းက ကောလာဟလသတင်းအမှား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်တိုင်းထဲက မြို့နယ်အများစုမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူဖို့ အတွက် အိမ်တွေကို စာပို့တာတွေ အခု တပတ်တည်းမှာ ရှိနေတာပါ။ အဲ့ဒီလို စာပို့ခံရသူတွေထဲမှာ ဥပ‌ဒေအရ ကင်းလွတ်ခွင့် ရထားတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေလည်း ပါနေပါတယ်။ စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၂၇ အတွင်း အမျိုးသမီးတွေ စစ်မှုထမ်းရမှာပါ။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိအမျိုးသားတွေကိုတော့ အပတ်စဉ် (၉) အထိ စစ်ကောင်စီက စစ်သင်တန်းခေါ်ယူထားပါတယ်။

၉။ စစ်ကောင်စီ ခုနစ်ကြိမ်မြောက် သက်တမ်းတိုး

စစ်အာဏာသိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အရေးပေါ်ကာလ သက်တမ်းတိုးတာကို ခုနစ်ကြိမ်မြောက် အဖြစ် ခြောက်လ ထပ်တိုးလိုက်ပါတယ်။ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ သက်တမ်းထပ်တိုးလိုက်တာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေတာကြောင့် သက်တမ်းထပ်တိုးတာလို့ ဆိုပါတယ်။ ဒီအစည်းအဝေးကို ယာယီသမ္မတတာဝန် ပူးတွဲယူထားတဲ့ စစ်ကောင်စီ ဥက္ကဌက ဦးဆောင် ကျင်းပခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၂၁ မှာ အရေးပေါ်ကာလသက်တမ်းဟာ သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ်သာ တိုးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

၁၀။ မြဝတီက တရုတ်ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိသူတွေကို ကယ်ဖို့ ထိုင်းနဲ့ တရုတ် ဆွေးနွေး

တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းအာဏာပိုင်တွေနဲ့ မဲဆောက်မှာ တွေ့ဆုံပြီး မြန်မာဘက်ခြမ်း၊ မြဝတီမြို့က တရုတ်ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိသူတွေကို ကယ်ဖို့အတွက် အခုလ ၂၉ ရက်က ဆွေးနွေးခဲ့ကြပါတယ်။ လူကုန်ကူးမှုတွေနဲ့ ငွေလိမ်လည်မှုတွေကို တားဆီးဖို့အတွက် နိုင်ငံခြားသားတွေကို စစ်ဆေးတာ၊ ဟိုတယ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ဆောင်ရွက်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးနဲ့ ထိုင်းအာဏာပိုင်တွေဟာ တရုတ်နိုင်ငံသားအများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်း-မြန်မာနယ်စပ်က ကာစီနိုရုံတွေနဲ့ ဖျော်ဖြေရေးစင်တာတွေရှိရာနေရာတွေနဲ့ KK Park ကာစီနိုလုပ်ငန်းတွေရှိရာ နေရာတွေကို မဲဆောက်ဘက်ခြမ်းကနေ သွားကြည့်ခဲ့တာတွေလည်း လုပ်ခဲ့ပါတယ်။

၁၁။ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးထောက်ပံ့မှု ဆိုင်းငံ့လိုက်လို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ဆေးရုံတွေ ပိတ်

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ထားတဲ့ ဆေးရုံတွေမှာ လူနာတွေကို ပြန်လွှတ်ပြီး ဆေးရုံတွေကိုလည်း ပိတ်လိုက်ပြီလို့ ဒုက္ခသည်စခန်းကြီး နှစ်ခုရဲ့ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဘီဘီစီက သတင်းဖော်ပြပါတယ်။ အမေရိကန်အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့ ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တာကြောင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ(IRC) ဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ စခန်းတာဝန်ရှိသူတွေက ပြောထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း အနည်းဆုံး ကိုးခုရှိပြီး ဆေးရုံတွေ ပိတ်လိုက်တဲ့ မဲဆောက်မြို့နယ်ထဲက “ဘဲကလော်”လို့ခေါ်တဲ့ မယ်လဒုက္ခသည်စခန်းနဲ့ အုန်းပြန်ဒုက္ခသည်စခန်းက ဒုက္ခသည်လူဦးရေအများဆုံးရှိတဲ့ စခန်းတွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးထောက်ပံ့မှု ဆိုင်းငံ့လိုက်တဲ့ ကိစ္စက ဒုက္ခသည်စခန်းက ဆေးရုံတွေအပြင် အမေရိကန်ရဲ့နိုင်တကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID )ကနေ ထောက်ပံ့ထားတဲ့ မြန်မာပြည်အတွင်းက အစီအစဥ်တွေလည်း ရပ်ဆိုင်းကုန်ပါတယ်။ ဒီထောက်ပံ့မှုမှာ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေနဲ့ သတင်းမီဒီယာလုပ်ငန်းတွေ ပါဝင်ပါတယ်။

The Tanintharyi Times