စစ်အုပ်စုရဲ့ သုံးကြိမ်မြောက် ထားဝယ်စီမံကိန်းဈေးဗန်း
စစ်အုပ်စုရဲ့ သုံးကြိမ်မြောက် ထားဝယ်စီမံကိန်းဈေးဗန်း
တနင်္သာရီရိုးမနဲ့ ကပ္ပလီပင်လယ်ကမ်းရိုးတန်းကို မှီတင်းနေထိုင်နေကြတဲ့ ထားဝယ်အပါအဝင်ဌာနေ လူမျိုးစုတွေရဲ့ ဒေသကို စစ်အုပ်စုက သုံးကြိမ်မြောက်ရောင်းစားမယ့် အကြံအစည် စတင်လိုက်ပါပြီ။
စစ်အုပ်စုနဲ့ စစ်တစ်ပိုင်းအစိုးရဟာ ခေတ်အဆက်ဆက်က တောတောင်ရေမြေပေါ်မှာမှီတည်ပြီး ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးကြတဲ့ ဌာနေ လူမျိုးစုတွေနေထိုင်ရာ ဒေသကို အထူးစီးပွားရေးဇုန် ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး အကြိမ်ကြိမ် ဈေးဗန်းခင်း နေတာဆယ်စုနှစ်များစွာရှိပါပြီ။
ဒီတစ်ကြိမ်မှာတော့ စစ်အုပ်စု ခေါင်းဆောင်ဟာ ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့ ကိုလိုနီ ပူတင်အစိုးရ ဆီကိုထိုးအပ်လိုက်တာပါ။
မြေဇာပင်ကတော့ ထားဝယ်မြို့ရဲ့ မြောက်ဘက် ၁၃ မိုင်ခန့်အကွာမှာရှိတဲ့ နဘုလယ်ဒေသပါပဲ။
■ ထားဝယ် စီမံကိန်းနိဒါန်း (သို့) စစ်အုပ်စုရဲ့ ထားဝယ်စီမံကိန်း ဈေးဗန်းတွေ
ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်အစိုးရလက်ထက် ၂၀၀၈ ခုနစ်က အီတာလျှံ-ထိုင်းကုမ္ပဏီနဲ့ စတင်လုပ်ဆောင်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာပါ။ စီမံကိန်းဧရိယာ ၂၀၀ စတုရန်းကီလိုမီတာဝန်းကျင် အကျယ်အဝန်းရှိပြီး ဘန်ကောက်မြို့ဘက်ကိုဦးတည်တဲ့ အဝေးပြေးလမ်းမကြီးတစ်ခုလည်း ပါဝင်ပါတယ်။ မြေပြင်မှာတော့ လက်မှတ်ထိုးပြီး နှစ်နှစ်အကြာ ၂၀၁၀ ခုနစ်မှာ စီမံကိန်းအကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေစခဲ့ပါတယ်။
စီမံကိန်းစချိန်က အထူးစီးပွားရေးဇုန်မှာ ပါဝင်မယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် မြန်မာကုမ္ပဏီတွေက ၆၀ ရာခိုင်နှုန်း ကန်ထရိုက် ရခဲ့ပါတယ်။ အဲဒီကန်ထရိုက်တွေကို အဓိကလုပ်ပိုင်ခွင့်ရကြတာကတော့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ဦးဇော်ဇော်ပိုင် Max Myanmarနဲ့ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့ သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ Asia World ကုမ္ပဏီတို့ပါပဲ။ Max Myanmar ကုမ္ပဏီဝန်ထမ်းတွေဟာ မြေယာတွေကို ထိုက်တန်တဲ့လျှော်ကြေးမပေးဘဲ ခြိမ်းခြောက်ရောင်းချခိုင်းတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ဦးသိန်းစိန်အစိုးရကတော့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ အာဆီယံနိုင်ငံတွေအကောင်အထည်ဖော်နေတဲ့ မဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေးစင်္ကြန် East – West Corridor နဲ့ တောင်ဘက်ခြမ်း စီးပွားရေးစင်္ကြန် Southern Economic Corridor တို့ကို ချိတ်ဆက်ဖို့ရည်ရွယ်တယ်လို့ ကြွေးကြော်ပါတယ်။
ဒီလမ်းကြောင်းအရ ထားဝယ်ကနေ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က Vung Tau အထိ ဆိပ်ကမ်း နှစ်ခုကို တိုက်ရိုက်ဆက်သွယ်နိုင်မှာဖြစ်ပြီး မလက္ကာရေလက်ကြားကို သွားမယ့်လမ်းကြောင်းကိုလည်း အစားထိုး အသုံးပြုလာနိုင်မယ့်လမ်းဖြစ်တယ်လို့ ထိုင်းဘက်ကအဆိုပြုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်မှာစတင်ခဲ့တဲ့ စီမံကိန်းဟာ ၂၀၁၃ ခုနှစ်မှာတော့ လိုအပ်တဲ့ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းမပေးနိုင်တော့လို့ဆိုပြီး လုပ်ငန်းတွေရပ်တန့်သွားခဲ့ပါတယ်။
ဒုတိယအကြိမ် ရောင်းတန်းတင်တာကတော့ ထိုင်းနဲ့ရပ်နားအပြီး ၂၀၁၃ နှစ်ကုန်ပိုင်းမှာပါ။ အဲဒီအချိန်က ဂျပန်နိုင်ငံကိုသွားရောက်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်တွေလည်း စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် ဒီစီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ စစ်အုပ်စုတစ်ပိုင်း ဦးသိန်းစိန်အစိုးရကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အာဏာမလွှဲပေးခင်မှာ ဂျပန်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ အညီအမျှထည့်ဝင်ပြီး လုပ်ဆောင်သွားဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
ဂျပန်ပါဝင်လာပြီးနောက်မှာလည်း စီမံကိန်းအကောင်အထည်ဖော်မှု နှောင့်နှေးနေလို့ဆိုပြီး ၂၀၂၁ အာဏာမသိမ်းခင်တစ်လအလိုမှာပဲ လုပ်ငန်းရပ်နားခဲ့ကြရပါတယ်။
■ မသူတော်ချင်း သတင်းလွေ့လွေ့
စစ်ခေါင်းဆောင်ဟာ အခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်စတင်မယ်လို့ ကြေညာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ရုရှားနဲ့အသံတွေ ထွက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရုပ်လုံးပေါ်လာခဲ့တာပါပဲ။
ရုရှားဟာ စစ်အုပ်စုကို အစဥ်အဆက် လက်နက်တင်သွင်းနေတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ တိုက်လေယာဥ်အများစုကိုလည်း ရုရှားနိုင်ငံကနေပဲ ဝယ်ယူထားတာပါ။
တစ်ဆက်တည်းမှာပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ လုံခြုံရေးကုမ္ပဏီတွေကို တရားဝင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပြုမယ့် ဥပဒေကို ပြဋ္ဌာန်းကြောင်း အချိန်ကိုက်လက်မှတ်ထိုး အတည်ပြုပြီး လမ်းခင်းပေးလိုက်ပြန်ပါတယ်။
အဲဒီလိုအတည်ပြုတာဟာ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေအတွက် နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ တရုတ်ဘက်ကကမ်းလှမ်းအပြီး လပိုင်းအကြာမှာဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်နဲ့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပြီး အချိန်လည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြဋ္ဌာန်းချက်အရ လိုင်စင်ရလုံခြုံရေး ကုမ္ပဏီတွေဟာ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်အတွက် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအထိ တင်ပြပြီး လက်ခံရင် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ လက်နက်ကိုင်ရင် ဥပဒေနဲ့အညီကိုင်ရမယ်လို့ ထိန်းချုပ်ထားပေမဲ့ လူနဲ့ ပစ္စည်းကို အန္တရာယ်ပေးလာရင် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒါကြောင့် အထူးစီးပွားရေးဇုန်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ရုရှားနဲ့ တပ်တွေ လက်နက်ကိုင်ရောက်လာပြီး ခုခံကာကွယ်တယ်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ စစ်ရေးအရလုပ်ပိုင်ခွင့်တွေ ရလာတော့မှာပါ။
■ ရည်ရွယ်ရင်းနဲ့ ရည်ရွယ်ရာ
စီမံကိန်းအစမှာ အထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတဲ့အကြီးစား စက်မှုလုပ်ငန်းတွေအပြင် အခြားစက်ရုံတွေပါရှိတဲ့ စက်မှုဇုန်၊ ကားလမ်း၊ ရထားလမ်းအပြင် မြို့ပြတည်ဆောက်ရေးအထိ ပါဝင်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူက နှစ် ၆၀ တည်ဆောက်လည်ပတ်ပြီးရင် ပြန်လည်လွှဲပြောင်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပါ။
အခု ၁၇ နှစ်အကြာ ရုရှားနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းမှာတော့ ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံ စီမံကိန်းတွေ ပါဝင်တယ်လို့ စစ်ကောင်စီဘက်က တစွန်းတစကိုသာ သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံဟာ ဗီယက်နမ်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှု ရှိပြီးဖြစ်တဲ့အတွက် ဗီယက်နမ်က ဆိပ်ကမ်းတွေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ချိတ်ဆက်လိုက်ရင် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုက အရှေ့တောင်အာရှမှာ စီပွားရေးအရ အချက်အချာကျလာမယ်လို့ အခုနှစ် မတ် ၅ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ပြုလုပ်တဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်အပြီးမှာ ပြောဆိုပါတယ်။
ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကလည်း အရင်ကရှိခဲ့တဲ့ မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံ ပူးပေါင်းငွေကြေးစုစည်းထောက်ပံ့မှုဆိုင်ရာ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(Special Purpose Vehicle-SPV)အစီအစဥ်ကို ဖျက်သိမ်းမယ်လို့ အစည်းအဝေးမှာပြောထားပါသေးတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ပြည်သူ့အကျိုးစီးပွားအတွက်ရည်ရွယ်တယ်ဆိုတဲ့ စာချုပ်တွေမှာ ဘယ်လိုစီမံကိန်းတွေပါဝင်တယ်၊ ဘယ်လိုသဘောတူညီမှုတွေပါဝင်တယ်ဆိုတာနဲ့ အကျိုးအမြတ်ကိုဘယ်လိုခွဲဝေမယ်ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်းထုတ်ပြန်တာမရှိဘဲ ဖုံးကွယ်ထားပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်ကို မင်းလွင်ဦးကတော့ အဲဒီလို ပြည်သူလူထုကို စီမံကိန်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းထုတ်မပြတာ၊ ပွင့်လင်းမြင်သာမှုမရှိတာဟာ စီးပွားရေးအတွက်ထက် စစ်ကောင်စီတပ်နဲ့ ရုရှားအာဏာပိုင်တို့ရဲ့ အကျိုးအမြတ်အတွက် ဦးတည်လုပ်ဆောင်နေတာကြောင့်သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ရုရှားအာဏာပိုင်တွေဟာ သူတို့ရဲ့စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုကြည့်ပြီး ဒီလိုစီမံကိန်းအကြီးကြီးမှာ အကုန်အကျအမြောက်အများနဲ့ ရင်းနှီးမြှုပ်နှံမယ်လို့ မမြင်ဘူး။ သူတို့ရဲ့လုံ့ခြုံရေးအရ စစ်ရေးအရ အကျိုးအမြတ်တစ်စုံတစ်ရာရှိနေတယ်လို့ မြင်တယ်။ အနည်းဆုံးကတော့ အရှေ့တောင်အာရှမှာ ရုရှားသင်္ဘောအုပ်စုတွေ လှုပ်ရှားလို့ရမယ့်၊ ဆိပ်ကမ်းကိုအသုံးပြုလို့ရမယ့် စဥ်းစားချက်တွေ ပါနိုင်တာပေါ့” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
တော်လှန်ရေးဘက်ကတော့ စစ်ကောင်စီဟာ တရုတ်နဲ့ရုရှားဆီက စစ်ရေးအကူအညီရဖို့နဲ့ ပိုမိုခိုင်မာတဲ့ သံတမန်ရေးကျောထောက်နောက်ခံ တည်ဆောက်ဖို့အတွက် ကျောက်ဖြူနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေကို ထိုးအပ်လိုက်တာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ တဆက်တည်းမှာပဲ စီမံကိန်းအကြောင်းပြချက်နဲ့ တရုတ်နဲ့ ရုရှား လက်နက်ကိုင်တွေ ပြည်တွင်းမှာဝင်ရောက်လာလိမ့်မယ်လို့လည်း ခန့်မှန်းကြပါတယ်။
■ ပြုသမျှမနုတဲ့ဒေသ
စီမံကိန်းကောင်အထည်ဖော်ဖို့ စစ်ကောင်စီ အားခဲထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသဟာ စစ်အာဏာသိမ်းပြီးနောက်မှာ အကြိမ်ကြိမ်စစ်ကြောင်းထိုးခဲ့တာကြောင့် စစ်မီးတောက်တဲ့ဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ရေနက်ဆိပ်ကမ်းဧရိယာထဲမှာလည်း အာဏာသိမ်းပြီးနောက် စခန်းငယ်တစ်ခုက အခိုင်အမာတပ်စွဲထားပါတယ်။ အလားတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်မှာ အထူးစီးပွားရေးဇုန်ထဲကို လာရောက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အထူးစီးပွားရေးဇုန်ဧရိယာဟာ အရင်ကတည်းက စစ်ကောင်စီအတွက်ထိန်းချုပ်ရလွယ်ကူတဲ့ ဒေသတစ်ခုမဟုတ်ခဲ့သလို လက်ရှိအချိန်အထိလည်း မထိန်းချုပ်နိုင်ပါဘူး။
အဲဒီဒေသဟာ NUG PDF တပ်ဖွဲ့တွေ၊ ပကဖ၊ ပအဖနဲ့ ပလဖအဖွဲ့တွေ၊ Local PDF တပ်ဖွဲ့တွေ စုံစုံလင်လင်လှုပ်ရှားတဲ့နေရာလည်းဖြစ်သလို KNU၊ KNLA တပ်ဖွဲ့တွေလည်း လှုပ်ရှားမှုတွေရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အချိန်တိုင်းနီးပါးမှာလည်း တိုက်ပွဲတွေက ဆီးကြိုနေခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းကာလအတွင်း ရေနက်ဆိပ်ကမ်းဧရိယာမှာ တိုက်ပွဲပေါင်း ၄၀ ထက်မနည်းဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၈ဝ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော် ၁၀ ကျော်ကျဆုံးခဲ့ပါတယ်။
အထူးစီးပွားရေးဇုန်ဧရိယာထဲက စစ်ကောင်စီတပ်စခန်းငယ်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးပေမဲ့ စခန်းသိမ်းမိလုနီးဖြစ်တဲ့အချိန် လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ ပထမဆုံး လေကြောင်းအသုံးပြုတိုက်ခိုက်မှုအဖြစ်ထင်ရှားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခုလိုလက်နက်ကိုင်တော်လှန်နေတဲ့ဒေသဟာ အထူးစီးပွားရေးဇုန်ပထမဆုံးစတင်ချိန်ကတည်းက စီမံကိန်းကိုဒေသခံအများစုက လက်သင့်မခံခဲ့ပါဘူး။
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ DDA ရဲ့ ၂၀၁၄ ခုနစ်က အစီရင်ခံစာမှာ အထူးစီးပွားရေးဇုန်မှာပါတဲ့စီမံကိန်းတွေကြောင့် ကျေးရွာ ၂၀ ကနေ ၃၆ ရွာကြား၊ အိမ်ထောင်စု ၄၃၀၀ ကျော်ကနေ ၇၈၀၀ ကျော်ကြား ထိခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာရဲ့ စစ်တမ်းမှာလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲက ဒေသခံ လေးပုံမှာသုံးပုံခန့်ဟာ စီမံကိန်းပြုလုပ်ဖို့ သူတို့ရဲ့ခွင့်ပြုချက်ရယူတာမရှိခဲ့သလို နေရာအသစ်ကိုပြောင်းရွှေ့နေထိုင်လိုတဲ့ ဆန္ဒလည်းမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စီမံကိန်းမှာပါဝင်တဲ့ ကျောက်မီးသွေးစက်ရုံကိုလည်း ဒေသခံတွေအတွက် ဆိုးကျိုးတွေခံစားရနိုင်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တာတွေကြောင့် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူတွေက အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
စီမံကိန်းနဲ့ဆက်စပ်လို့ ကလုံးထာဒေသမှာလည်း ရေကာတာဆောက်လုပ်တာကို မလိုလားတဲ့အကြောင်း ဆန္ဒထုတ်ဖော်တာနဲ့ လမ်းဖောက်လုပ်တာတွေကို ဒေသခံတွေက ဟန့်တားတဲ့ဖြစ်စဥ်တွေလည်းရှိခဲ့တာပါ။
■ စစ်အုပ်စုရဲ့ ပထမခြေလှမ်း
စစ်ခေါင်းဆောင် ရုရှားကပြန်လာပြီးနောက်မှာ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုက အထူးစီးပွားရေးဇုန်ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့အတွက် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ရက်ပိုင်းအကြာ အခုလ ၁၇ ရက်နေ့မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲကို အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီစစ်ကြောင်းကြောင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းက ကျေးရွာဆယ်ရွာနီးပါးဟာလက်ရှိမှာ စစ်ဘေးရှောင်ကြရပါပြီ။
အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ဟာ အခုလနောက်ဆုံးပတ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲတွေမှာလည်း ရုရှားအတွက် နယ်မြေရှင်းလင်းပေးနေတဲ့ စစ်ကောင်စီတပ်သားတွေဘက်ကပဲ အထိနာနေတယ်လို့ ဒေသခံတွေကပြောပြပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကလုပ်ခဲ့တဲ့ စီမံကိန်းနေရာတစ်ဝိုက်ဟာ အခုအချိန်မှာ အရင်ကဆောက်လုပ်ခဲ့တဲ့ အလုပ်သမားတန်းလျားဟောင်းတွေ၊ ပစ်ထားတဲ့စက်ယန္တရားဟောင်းတွေနဲ့ ဆောက်လက်စ စက်ရုံဟောင်းတွေပဲကျန်ရှိပါတော့တယ်။ လက်ရှိအချိန်အထိ ထင်သာမြင်သာရှိတဲ့ပြင်ဆင်မှုတွေ၊ စီမံကိန်းအကောင်အထည်ဖော်မှုတွေ လုပ်ဆောင်တာမျိုးတော့မရှိသေးပေမဲ့ အခုစစ်ကြောင်းတွေကတော့ စီမံကိန်းရဲ့ ပထမခြေလှမ်းပဲဖြစ်လာခဲ့ပါပြီ။
စစ်ကောင်စီဟာ စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို အတင်းအဓမ္မရွေ့ပြောင်းစေတာ၊ မီးရှို့တာတွေ လုပ်ဆောင်လာနိုင်တယ်လို့ယူဆပြီး စိုးရိမ်နေကြတာကတော့ ဒေသခံတွေပါပဲ။
“အခုလူတိုင်းလိုလိုက ဆင်းရဲနွမ်းပါးပြီး ဒုက္ခရောက်နေတဲ့သူတွေချည်းပဲ။ ပြောင်းခိုင်းရင် ကျနော်တို့အားလုံး နေစရာ၊ စားစရာမရှိဖြစ်ပြီ။ အိုးမဲ့အိမ်မဲ့ဖြစ်ပြီ” လို့ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာမှာ မိဘလက်ထက်ကတည်းကနေထိုင်လာတဲ့ အသက် ၄၀ ကျော်အရွယ် ကိုတင်လေးကပြောပါတယ်။
အထူးစီးပွားရေးဇုန်ဧရိယာထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့တာနဲ့ အရပ်သားတွေကိုပစ်သတ်တဲ့ဖြစ်စဥ်တွေလည်း အရင်ကတည်းက အများအပြားပါပဲ။ စစ်ဘေးဒဏ်နဲ့မစိမ်းတော့တဲ့ ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကို ခွင့်မပြုဘဲ တိုက်ခိုက်ဟန့်တားဖို့ မျှော်လင့်ကြနေကြပါတယ်။
စီမံကိန်းကို အသေခံပြီးတားမယ်လို့ ဒေါသအသံစွက်ပြီးပြောနေတာကတော့ အသက် ၅၀ ဝန်းကျင်အရွယ် နဘုလယ်ဒေသခံ အမျိုးသမီးတစ်ယောက်ပါ။
“သူတို့စီမံကိန်းစလုပ်တာနဲ့ ကျမကိုသေနတ်ပေးရင် ကိုယ်တိုင်တောင်သွားပစ်ချင်တယ်။ ဘာမှမထူးဘူးလေ၊ သေမယ့်လူကသေမှာပဲ။ အသေခံပြီးတော့ပဲ လုပ်ရတော့မယ်” လို့ သူမကပြောပါတယ်။
■ စစ်အုပ်စုရဲ့ အကြံအစည် ထားဝယ်သားတွေ ကာကွယ်နိုင်မှာလား
ဒေသခံတွေရဲ့ အားကိုးရာကတော့ တော်လှန်ရေးတပ်တွေဖြစ်ပြီး သူတို့ဟာဒီတစ်ခေါက်လာမယ့်လှိုင်းလုံးကြီးနဲ့ ဒေသတစ်ခုရောင်းစားခံရမယ့်အဖြစ်ကို ကာကွယ်နိုင်ပါရဲ့လား။
Dawei Defense Team DDT တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုရေလှိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတစ်ဖွဲ့ချင်းစီက အခုလိုတကွဲတပြားဖြစ်နေရင်တော့ စစ်ကောင်စီကိုဟန့်တားဖို့ ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။
“ကိုယ့်ဒေသကြီးကို ကာကွယ်မယ်ဆိုပြီး တစ်စိတ်တစ်ဝမ်းတည်းနဲ့ စည်းစည်းလုံးလုံးလုပ်ရင်တော့ ကာကွယ်နိုင်လိမ့်မယ်။ အမိန့်စီးဆင်းမှုတစ်ခုတည်းနဲ့ပေါ့” လို့ ကိုရေလှိုင်းကပြောပါတယ်။
ရေနက်ဆိပ်ကမ်းဧရိယာနဲ့ နယ်မြေချင်း ဆက်စပ်ပြီး ရေကြောင်းတိုက်ပွဲတွေအထိ ဖြစ်နေတဲ့ လောင်းလုံးမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပူးပေါင်းလုပ်ဆောင်ဖို့လိုတဲ့အကြောင်း ထောက်ပြပါတယ်။
“စစ်တပ်က စီမံကိန်းအတွက် တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကို နယ်မြေရှင်းလင်းလို့တော့ မနိုင်ဘူး။ ဒါပေမဲ့ အကြပ်အတည်းဖြစ်အောင်လုပ်လို့ ရတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒီအချိန်ဆို PDFတွေ ပကဖတွေလောက်နဲ့ အလုပ်လုပ်လို့မလွယ်တော့ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေ ပူးပေါင်းပြီးလုပ်ရမယ့် အခြေအနေဖြစ်သွားပြီ” လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ပြောပါတယ်။
စီမံကိန်းမှာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ဘက်ကို နယ်စပ်အထိ အဝေးပြေးလမ်းဖောက်လုပ်မယ့် အစီအစဥ်တွေ လည်းပါဝင်ပါတယ်။ အဲဒီလမ်း အဓိကဖြတ်သန်းမယ့်နေရာ အများစုကတော့ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေတွေပါပဲ။ အဲဒီဒေသဟာလည်း တိုက်ပွဲအရှိန်မြင့်တဲ့ဒေသ၊ လွတ်မြောက်နယ်မြေတွေနဲ့ တော်လှန်ရေးအဖွဲ့စုံလင်တဲ့ဒေသဖြစ်သလို ကရင်တော်လှန်ရေးတပ်တွေရဲ့ အခြေစိုက်ရာနယ်မြေလည်း ဖြစ်ပြန်ပါတယ်။
KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှုး ပဒိုစောအယ်နားကတော့ စစ်ကောင်စီဟာ တရားဝင်အစိုးရဆိုတာကို လက်မခံတဲ့အတွက် ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်မယ့်စီမံကိန်းကိုလည်း KNU ဘက်ကလက်မခံဘူးလို့ ဆိုပါတယ်။ ထားဝယ်အထူးစီပွားရေးဇုန်ဟာလည်း ပြည်သူလက်မခံတဲ့စီမံကိန်းဖြစ်ရင် ဘယ်တော့မှအောင်မြင်ဖို့မရှိဘူးလို့ သူက ယတိပြတ်ပြောပါတယ်။
“စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို ဆန့်ကျင်မှာပဲ။ လက်တွေ့ အကောင်အထည်ဖော်ရင်တော့ သူတို့က အင်အားသုံးလာမယ်၊ ဒါပေမဲ့ ကျနော်တို့က တက်နိုင်သလောက်တော့ ကိုယ့်ဒေသကို ပြန်ခုခံမှာပဲ။ စစ်ရေးအရ ရော နိုင်ငံရေးအရရောပေါ့” လို့ ပဒိုအယ်နားက ပြီးခဲ့တဲ့နှစ်လယ်ပိုင်း ရုရှားနဲ့ ကနဦးအဆင့်ဆွေးနွေးမှုတွေပြုလုပ်နေချိန်က ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ချုပ်ဆိုထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးစာချုပ်တွေဟာ အကျိုးမရှိတဲ့အကြာင်း ရုရှားဆီကို စာရေးအကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းအတွင်းက ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်နိုင်ငံရေးအင်းအားစုတွေအပါအဝင် အရပ်ဘက်အဖွဲ့နဲ့ နိုင်ငံရေးအင်အားစု ၁၁ ခုကတော့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်တာဟာ ဒေသခံတွေ အတင်းအကြပ် ပြောင်းရွှေ့ခံရတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုတိုးလာစေနိုင်တာကြောင့် လုံးဝလက်မခံဘူးလို့ မတ်လ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
စီမံကိန်းကို ကန့်ကွက်ရာမှာပါဝင်တဲ့ MAGGA Initiative အဖွဲ့ရဲ့ ဒါရိုက်တာ မယ်ဆုက ရုရှားနဲ့ မြန်မာဟာ ပထဝီအနေအထားရဆိုအလှမ်းဝေးပြီး ထိုင်းနိုင်ငံက ထောက်ပံ့ပို့ဆောင်ရေး အကူအညီမပေးရင် ရုရှားနိုင်ငံကိုထိုးအပ်လိုက်တဲ့ စီမံကိန်းအောင်မြင်နိုင်ခြေမရှိဘူးလို့ ထောက်ပြပါတယ်။
“ကျမတို့အနေနဲ့ကတော့ ထိုင်း၊ ရုရှားနဲ့ စစ်ကောင်စီပူးပေါင်းပြီး သူတို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေရှိနေလဲပေါ့။ အဲဒီအပေါ်မှာမူတည်ပြီး စီမံကိန်းဖြစ်နိုင်၊ မဖြစ်နိုင်ကို သုံးသပ်ရလိမ့်မယ်” လို့ မယ်ဆုက ပြောပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး တညီတညွတ်တည်းခန့်မှန်းထားတာရှိပါတယ်။ အဲဒါကတော့ အထူးစီးပွားရေးဇုန်ကြောင့် စီမံကိန်းဧရိယာအပြင် ထားဝယ်ဒေသတစ်ခုလုံးမှာ အရင်ကထက် ကြီးမားတဲ့ စစ်မီးတောက်လောင်လာနိုင်တယ်ဆိုတာပါပဲ။ စစ်အုပ်စုရဲ့အကြံစည် အထမြောက်မမြောက်ဆိုတာဟာလည်း ဒေသအတွင်းတော်လှန်ရေးအားသာမှုအပေါ်မှာ မူတည်နေတယ်ဆိုတာဟာလည်း ငြင်းစရာမရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ထားဝယ်ဒေသမှာ စိတ်ရှိတိုင်းရောင်းချဖို့လုပ်ဆောင်လာပေမဲ့ လက်ရှိမြေပြင်မှာတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဟာ ငါးဆယ်၊ ငါးဆယ် အနေအထားဖြစ်နေတယ်လို့ DDT တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုရေလှိုင်းကဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ “ငါးဆယ်ငါးဆယ်အနေအထားမှာ စီမံကိန်းလုပ်မယ်ဆိုတာက ကျနော်တို့ကိုလျှော့တွက်တာပဲ။ ကျနော်တို့ စည်းလုံးရင် နိုင်ကိုနိုင်တယ်။ ကျနော်တို့အသက်နဲ့လဲပြီးတောင် တိုက်ထုတ်ရမယ်”လို့ ကိုရေလှိုင်းက ပြောပါတယ်။
ခေတ်
The Tanintharyi Times
