ရေနံချက်စက်ရုံပါဝင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရုရှား နဲ့ စစ်ကောင်စီ လက်မှတ်ထိုး
ရေနံချက်စက်ရုံပါဝင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရုရှား နဲ့ စစ်ကောင်စီ လက်မှတ်ထိုး

■ သဘောတူစာချုပ် ချုပ်ဆိုမှုကို စစ်ကောင်စီသတင်းဖုံးထား
ရေနံချက်စက်ရုံပါဝင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှား အစိုးရ နဲ့ စစ်ကောင်စီ ပူးပေါင်းတည်ဆောက်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်အုပ်စု က ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးပမ်းနေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှား အစိုးရ က ရင်းနှီးမြုပ်နှံမှုပြုလုပ်ဖို့ စစ်ကောင်စီ ဝန်ကြီး ဒေါက်တာကံဇော် နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ် တို့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ရုရှား အစိုးရ နဲ့ ပူးပေါင်းဆောက်လုပ်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း ၊ ရေနံချက်စက်ရုံ နဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေပါဝင်မယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
စစ်ကောင်စီ ဘက်ကတော့ ထားဝယ်အထူးစီးပွားရေး ဇုန်နဲ့ပတ်သက်ပြီး ရုရှားအစိုးရ နဲ့ သဘောတူညီခဲ့တဲ့ အချက်တွေ ကို သတင်းဖုံးထားပြီး ပဉ္စမအကြိမ် ရုရှား – မြန်မာ အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး ကျင်းပတယ်လို့သာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီအစည်းအဝေးကို စစ်ကောင်စီ ဝန်ကြီးဒေါက်တာကံဇော်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်း ရယ်ရှဲသငြိကော့ဗ် တို့တက်ရောက်ခဲ့တာဖြစ်ပါတယ်။
မက်ဆင်းရယ်ရှဲသငြိကော့ဗ်ရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ရုရှားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာချက်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း မှာ အကြီးစားအခြေခံအဆောက်အအုံ နဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေပါဝင်မှာဖြစ်ပြီး ရုရှား ကုမ္ပဏီကြီးတွေနဲ့ ထပ်ဆင့် ပူးပေါင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
“ ရေနံချက်လုပ်ငန်းသည် စီမံကိန်း၏ အရှုပ်ထွေးဆုံးအစိတ်အပိုင်းဖြစ်ပြီး စက်ရုံတည်ဆောက်ရန် အဆုံးအဖြတ်မပေးရသေးပါ။ကနဦးသဘောတူညီချက်ပဲရှိပါသေးတယ်” လို့ ရုရှားသတင်းဌာန အင်တာဖက်စ် မှာ မက်ဆင်းရယ်ရှဲသငြိကော့ဗ် က ဖြေဆိုထားပါတယ်။
မြန်မာစစ်ကောင်စီဘက်က ရေနံချက်စက်ရုံကိုမဖြစ်မနေတည်ဆောက်ဖို့ အလိုရှိနေပြီး ရုရှား အစိုးရ နဲ့ ကုမ္ပဏီ တွေ စီးပွားရေးအရ အကျိုးရှိနိုင်ခြေတွေကို လေ့လာသုံးသပ်ဦးမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ရုရှား နဲ့ စစ်ကောင်စီ လက်မှတ်ရေးထိုးခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ နှစ်ရာစတုရန်းကီလိုမီတာနီးပါး (၁၉၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းတဲ့ စီမံကိန်းဖြစ်တယ်လို့ လည်း ရိုက်တာ ကဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းရုရှား ဟာ မြန်မာစစ်အုပ်စု ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်လာခဲ့ပြီး ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုတွေ အပါအဝင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေကို သဘောတူထားပါတယ်။
ဒါ့အပြင် ရုရှား နဲ့စစ်ကောင်စီပူးပေါင်းပြီး မြန်မာနိုင်ငံမှာ နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ဖို့ သဘောတူထားပါတယ်။
ကိုးကား – ရိုက်တာ ၊ အင်တာဖက်စ်
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times