ထားဝယ်စီမံကိန်းလမ်းလျော်ကြေးပေးမယ်ဆိုပြီး ရေဖြူက ခြံပိုင်ရှင်တွေကို ထွေအုပ်က ခေါ်တွေ့

ထားဝယ်စီမံကိန်းလမ်းလျော်ကြေးပေးမယ်ဆိုပြီး ရေဖြူက ခြံပိုင်ရှင်တွေကို ထွေအုပ်က ခေါ်တွေ့

ပုံစာ - ထားဝယ်စီမံကိန်းလမ်းတစ်နေရာ။ (Photo - DW)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ထိုင်းနိုင်ငံနယ်စပ် ထီးခီးအထိ ဖောက်လုပ်မယ့် နှစ်လမ်းသွားလမ်းစီမံကိန်းဧရိယာထဲမှာပါတဲ့ ရေဖြူမြို့နယ်ထဲက ဥယျာဥ်ခြံပိုင်ရှင်တွေကို လျော်ကြေးပေးဖို့အတွက် ဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ် ယူ တွေ့ဆုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလဆန်းပိုင်းလောက်ကစလို့ ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဥယျာဥ်ခြံပိုင်ရှင်ကို ဆက်သွယ်ခေါ်ယူပြီး လျော်ကြေးကိစ္စ ပြောဆိုခဲ့တယ်လို့ ဒေသခံ ဥယျာဥ်ခြံပိုင်ရှင်တွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“သူတို့ ခေါ်ပြီးတော့ မြေကွက်တွေက မူလပိုင်ရှင်လက်ထဲမှာပဲလား၊ တခြားသူကို ရောင်းလိုက်ပြီလားဆိုတာတွေ မေးတယ်။ ရောင်းလိုက်ပြီဆိုရင် မြေကွက်ဝယ်ထားတဲ့သူရဲ့ အချက်အလက်တွေ တောင်းတယ်” လို့ ရေဖြူဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဆက်သွယ်ခေါ်ယူတာကို သွားတွေ့တဲ့သူရှိသလို မသွားကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် လျော်ကြေး ပေးလိုက်တာမျိုးတော့ မရှိသေးပါဘူး။

မကြာမီလပိုင်းအတွင်း ပေးဖို့ရှိတယ်လို့ မြို့နယ်ထွေအုပ်ဘက်က ပြောလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထားဝယ်စီမံကိန်း-ထီးခီးလမ်းရဲ့ ရေဖြူမြို့နယ်ထဲက လမ်းပိုင်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေ ဖြစ်ပါတယ်။

အခုလို နယ်မြေမတည်ငြိမ်တဲ့အချိန်မှာ ရေဖြူမြို့နယ် ထွေအုပ်ကလမ်းလျော်ကြေးပေးဖို့ ဆက်သွယ်လာတဲ့အပေါ် နားမလည်နိုင်ဘဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒေသခံတွေ အကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။ လမ်းလျော်ကြေးပေးဖို့ဆက်သွယ်လာတဲ့အချိန်ဟာ စစ်ကောင်စီက ငွေကျပ် နှစ်သောင်းတန် အသစ် စထုတ်တဲ့ရက်နဲ့ ရက်ပိုင်းပဲ ကွာတဲ့အတွက် လျော်ကြေးတွေကို နှစ်သောင်းတန်တွေနဲ့ ပေးမှာကို စိုးရိမ်ကြတာမျိုးပါ။

“တော်တော်များများကတော့ အဲဒီလိုပဲ ထင်နေကြတယ်။ သူတို့ အသစ်ထုတ်တဲ့ နှစ်သောင်းတန်တွေကို ဒီနေရာမှာ သုံးမှာလားဆိုပြီး။ တကယ်လို့ နှစ်သောင်းတန်တွေနဲ့ ပေးလာရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိတ်ပူနေကြတယ်” လို့ စီမံကိန်းလမ်းမှာ ပါဝင်တဲ့ ရွာတစ်ရွာက ဒေသခံ ကဆိုပါတယ်။

ထားဝယ်စီမံကိန်းလမ်းကို ထိုင်းနိုင်ငံရဲ့ ချေးငွေနဲ့ မြန်မာ အစိုးရက ဖောက်လုပ်မယ်လို့ NLD အစိုးရလက်ထက်က ထုတ်ဖော်ပြောဆိုခဲ့ပြီး လျော်ကြေးကိစ္စတွေကိုလည်း NLD အစိုးရလက်ထက်မှာပဲ တိုင်းတာ သတ်မှတ်ပေးခဲ့ပါတယ်။

အဲဒီအချိန်က လျော်ကြေးကို သီးနှံလျော်ကြေးနဲ့ မြေလျော်ကြေးနှစ်မျိုး သတ်မှတ်ခဲ့ပြီး ၂၀၁၀ ဝန်းကျင်က အီတာလျံ-ထိုင်းကုမ္ပဏီက သတ်မှတ်တဲ့ လျော်ကြေး ပမာနထက်စာရင် ၁၀ ဆ လောက် ကွာဟနေတယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ဖူးပါတယ်။

အခုချိန်မှာ NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ လျော်ကြေးအတိုင်း စစ်ကောင်စီက ပေးဆောင်ဖို့ ပြင်နေပြီး အဲဒီနှုန်းထားအတိုင်းသာ ပေးမယ်ဆိုရင် လက်ရှိငွေကြေးဖောင်းပွမှုအနေအထားအရ ဒေသခံတွေ ပိုနစ်နာစေတယ်လို့ ထားဝယ်စီမံကိန်းလမ်းမြေယာအရေးနဲ့ ပတ်သက်ပြီး ကူညီပေးခဲ့သူတစ်ဦးက ထောက်ပြပါတယ်။

“သူတို့ လျော်ကြေးသတ်မှတ်ချိန်တုန်းက တစ်ဒေါ်လာကို မြန်မာငွေ တစ်ထောင်စွန်းစွန်းပဲ ရှိသေးတယ်လေ။ အခုက သုံးထောင်ကျော်နေပြီဆိုတော့ ဒေသခံတွေအတွက် သုံးဆလောက်ပိုနစ်နာတာပေါ့။ အရင်ကတည်းသတ်မှတ်ကတည်းကလည်း လျော်ကြေးတွေအရမ်းနည်းလို့ ပြောခဲ့ ဆိုခဲ့ကြသေးတယ်။ အခုချိန်မှာ အဲဒီသတ်မှတ်ငွေအတိုင်းပေးရင် ဒေသခံတွေ ပိုနစ်နာတယ်” လို့ သူက ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ အီတာလျံ-ထိုင်းကုမ္ပဏီက အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အီတာလျှံ-ထိုင်းကုမ္ပဏီတို့ အကြား စီမံကိန်း-ထီးခီးလမ်းအပါအဝင် လုပ်ငန်း ကိုးခုအတွက် လုပ်ငန်းသဘောတူ စာချုပ်တွေချုပ်ဆိုခဲ့ပါတယ်။

၂၀၂၀ခုနှစ်မှာတော့ အီတာလျှံ-ထိုင်းကုမ္ပဏီဘက်က စီမံကိန်းအကောင်အထည်ဖော်ဖို့ ‌နှောင့်နှေးတယ်၊ စာချုပ်ပါ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ ပျက်ကွက်တယ်ဆိုပြီး မြန်မာအစိုးရဘက်က စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်အကြာမှာ ထားဝယ်စီမံကိန်းကို ပြန်လည်လုပ်ကိုင်မယ်လို့ စစ်ခေါင်းဆောင်တွေဘက်က ထုတ်ဖော်ပြောဆိုလာပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို လာရောက်ခဲ့ပါတယ်။

ရေဖြူ မြို့နယ်၊ နဘုလယ်ဒေသဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာ ဖြစ်ပြီး တနင်္သာရီတိုင်းမှာ ပထမဆုံး လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

The Tanintharyi Times