ထားဝယ်စီမံကိန်းအတွက် မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံပူးပေါင်းရေးအစီစဉ်ဖျက်သိမ်းမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော
ထားဝယ်စီမံကိန်းအတွက် မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံပူးပေါင်းရေးအစီစဉ်ဖျက်သိမ်းမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

စစ်ကောင်စီဟာ ရုရှားလက်မှတ်ရေးထိုးပြီးတဲ့ နောက် ထားဝယ်စီမံကိန်းအတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး SPV (Special Purpose Vehicle) အစီစဉ်ကို ဖျက်သိမ်းမှာဖြစ်တယ်လို့ စစ်ကောင်စီ ဒုတိယခေါင်းဆောင်စိုးဝင်း ကပြောပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး SPV (Special Purpose Vehicle) ကို မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံက ၂၀၁၃ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးပြီး အဲ့ဒီနာမည် နဲ့ပဲ ကုမ္ပဏီတစ်ခုပါတည်ထောင်ထားတာ ဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ်မှာလက်မှတ်ရေးထိုးခဲ့တာ ဖြစ်လို့ SPV (Special Purpose Vehicle) ကိုဖျက်သိမ်းရမှာဖြစ်တယ်လို့ စိုးဝင်း ကပြောပါတယ်။
မတ်လ ၁၁ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်စိုးဝင်းကပြောကြားခဲ့တာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး SPV (Special Purpose Vehicle) ဖျက်သိမ်းရေး နဲ့ ပတ်သက်ပြီး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံညှိနှိုင်းဖို့လိုတယ်လို့လည်း စိုးဝင်းကပြောပါတယ်။
ထားဝယ်စီမံကိန်းမှာ နောက်ထပ်ရင်းနှီးမြုပ်နှံသူတွေ စိတ်ချမ်းသာစွာနဲ့ လုပ်ငန်းအဆင်ပြေချော မွေ့စေရေး အတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို တည်ထောင်ဖို့ ၂၀၀၈ ခုနှစ်မှာ ထိုင်းနဲ့ မြန်မာအစိုးရ တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ – ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီ တို့ စီမံကိန်း စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ဒီဇင်ဘာ မှာတော့ထိုင်းအစိုးရဟာ အီတာလျံ – ထိုင်း ကုမ္ပဏီရဲ့ ထားဝယ်စီမံကိန်းအတွက် လုပ်ပိုင်ခွင့်တွေ ဖျက်သိမ်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ထိုင်း – မြန်မာ – ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ Special Purpose Vehicle (SPV) အစီစဉ်ကို ချမှတ်ခဲ့ပြီး ကုမ္ပဏီ တစ်ခုပါ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကနေပြီး အီတာလျံ – ထိုင်းကိုလျော်ကြေးပေးဖို့ ကုမ္ပဏီက နိုင်ငံတကာကုမ္ပဏီ ၃ ခုကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကိစ္စ တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းက “ အီတာလျှံ-ထိုင်းဆောင်ရွက်တဲ့ ကိစ္စများပြီးမြောက်သွားသော်လည်း ဥပဒေကြောင်းအရ ဆက်လက်ရှင်းလင်းဆောင်ရွက်ရမယ့် ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာဖြင့် သက်ဆိုင်ရာဥပဒေပညာရှင်များဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်အရေးကြီး ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လာရောက်ရင်းနှီးမြှုပ်နှံသူအပါအဝင် သုံးဦးသုံးဖလှယ် Win- Win Situation ဖြစ်ရန် ဆောင်ရွက်သွားကြရန်လိုအပ်တယ်”လို့ ပြောဆိုခဲ့ပါတယ်။
ထားဝယ်စီမံကိန်းအတွက် ရုရှားအစိုးရ နဲ့ အကြမ်းဖက် စစ်ကောင်စီ ပူးပေါင်းတာကို လက်မခံဘူးလို့ တနင်္သာရီ ဒေသအရပ်ဖက်အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးအင်အားစုတွေက မတ်လ ၁၀ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့စစ်ကောင်စီနှင့် စီမံကိန်းတွေ ပူးပေါင်းလုပ်ဆောင်တာကို တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေက အပြင်းအထန်ကန့်ကွက် ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေက အခုလို စီမံကိန်းလက်မခံတာနဲ့ ပက်သက်ပြီး အချက် ၄ချက်ပါတဲ့ သဘောထားထုတ်ပြန်ချက်ကိုလည်း တပါတည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအချက်တွေကတော့ – ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဖြစ်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံရေးတည်ငြိမ်မှု နဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့ ယခုအချိန်ကာလမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ် ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် အထွေထွေ လူမှုစီးပွား အကျပ်အတည်းကို ခါးစည်းခံနေရတဲ့ ပြည်သူလူထုကို အတင်းအကျပ်နေရပ်ရွှေ့ပြောင်းတာနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ပိုမိုတိုးမြင့်လာစေနိုင်တဲ့ ဖွံဖြိုးရေးအမည်ခံ စီမံကိန်းကိုလုံးဝ လက်မခံဘူးလို့ ဆိုပါတယ်။
ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံ၊ ရေနံချက်စက်ရုံစတဲ့ သဘာဝပတ်ဝန်းကျင်နဲ့လူမှုအသိုက်အဝန်းအတွက် ဆိုးရွားစွာ ညစ်ညမ်းမှုဖြစ်စေမယ့် စက်ရုံတွေဟာ ထားဝယ်ဒေသရဲ့ ပထဝီအနေအထား ရေမြေ၊ တောတောင် ၊ လူမှုပတ်ဝန်းကျင် သဟဇာတဖြစ်မှုနဲ့ သွေဖယ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကပေးတဲ့ အရင်းအမြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတာ၊ တောတောင်ရေမြေနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆက်နွယ်နေထိုင်သူတွေဖြစ်တာကြောင့် အခုလို ညစ်ညမ်းတဲ့ စီမံကိန်းတွေဟာ ထားဝယ်ဒေသမှာ တည်ဆောက်ဖို့ လုံးဝ မသင့်လျှော်ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီ နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာန တို့က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရင်းနှီးမြုပ်နှံဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၃ ရက်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတွေ ပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရုရှား စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနက ပါဝင်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ဖို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ်နဲ့ စစ်ကောင်စီ ဝန်ကြီး ဒေါက်တာကံဇော် တို့ လက်မှတ်ရေးထိုးခဲ့တာပါ။
The Tanintharyi Times