ထားဝယ်က သပိတ်မျောပွဲမဏ္ဍပ်အနီး ပေါက်ကွဲ

ထားဝယ်က သပိတ်မျောပွဲမဏ္ဍပ်အနီး ပေါက်ကွဲ

ပုံစာ - ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မဏ္ဍပ်။

စစ်ကောင်စီကသပိတ်မျှောပွဲ ကျင်းပဖို့ ဖျော်ဖြေရေးမဏ္ဍပ် ဆောက်လုပ်နေတဲ့ ထားဝယ်မြို့၊ ကမ်းနားလမ်းက သဲကွင်းမှာ ဒီနေ့မနက် ၉ နာရီကျော်လောက်​က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

“အသံကတချက် အကျယ်ကြီးပဲ။ ကျမတို့နဲ့ကနီးတော့ သေချာကြားလိုက်ရတယ်” လို့အနီးအနားရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ နဲ့ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားပြီး​​နောက် မိနစ်ပိုင်းအတွင်းမှာပဲစစ်ကောင်စီတပ်သားနဲ့ ရဲတွေ အင်အားအများအပြားနဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်​နေတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီမဏ္ဍပ်ကို စတင်ဆောက်လုပ်ကတည်းက စစ်ကောင်စီတပ်သားတွေ၊ အရပ်ဝတ်တွေက နေ့ရောညပါ လုံခြုံရေးတင်းကြပ်ထားတာဖြစ်ပါတယ်။

ထားဝယ်မြို့မှာ သီတင်းကျွတ်သပိတ်မျှောပွဲနဲ့ သုံးနှစ်တာရပ်နားထားတဲ့ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲတွေကို ပြန်လည်ကျင်းပဖို့စီစဥ်နေတာပါ။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကတော့ စစ်ကောင်စီက ကျင်းပဖို့စီစဥ်နေတဲ့ သပိတ်မျှောပွဲနဲ့ တခြားပွဲလမ်းသဘင်တွေကို ပါဝင်ဆင်နွှဲတာတွေ မလုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်ကလည်း သပိတ်မျှောပွဲမကျင်းပခင် တရက်အလိုမှာ စစ်ကောင်စီဘက်က ဆောက်လုပ်ထားတဲ့​ဖျော်ဖြေရေးမဏ္ဍပ်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei)က မိုင်းနဲ့ဖောက်ခွဲခဲ့ဖူးပါတယ်။

The Tanintharyi Times