အောက်တိုဘာလ ၂၄ ရက် မနက်ခင်းသတင်း

အောက်တိုဘာလ ၂၄ ရက် မနက်ခင်းသတင်း

ထားဝယ်နဲ့မြိတ်ထောင်တွေမှာ ဒီနေ့ထောင်ဝင်စာတွေ့ ခွင့်ရမယ်

ထားဝယ်ထောင်နဲ့ မြိတ်ထောင်တွေမှာ ဒီနေ့ကစပြီး ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်လို့ အကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ကိုဗစ်ရောဂါကို အကြောင်းပြပြီး သုံးနှစ်လောက်ပိတ်ပင်ထားတဲ့ ထောင်ဝင်စာတွေခွင့်ကို ပြန်ခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေကတော့ ရှိနေပါတယ်။

တွေ့မယ်သူ့မှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုမူရင်း၊ တပတ်အတွင်းယူထားတဲ့ ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားတဲ့လက်မှတ် စတာတွေ ပါမှ တွေ့ ခွင့်ပေးမယ်လို့ ကန့်သတ်ထားတာဖြစ်ပါတယ်။


ထားဝယ်ငါးစျေးအသစ် ဒရုန်းနဲ့ဗုံးသီးချခံရ

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ အောင်တံခွန်ငါးစျေးမှာ မနေ့က ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရပြီး အနီးအနားမှာရှိနေတဲ့ ကလေးငယ်တစ်ဦးနဲ့ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးသီးချခံရပြီး သိပ်မကြာခင် အရေးပေါ်လူနာတင်ကား နှစ်စီးရောက်လာပြီး ဒဏ်ရာရသူနှစ်ဦးကို တင်ဆောင်သွားတယ်လို့ အနီးအနားရပ်ကွက်မှာနေထိုင်သူကပြောပါတယ်။

စစ်ကောင်စီတပ်သားနဲ့ရဲတွေလည်း ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ကားတစ်စီးနဲ့ရောက်လာပြီး စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

ဗုံးသီးချတိုက်ခိုက်ခံရတဲ့နေရာဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ပေါ်လာတဲ့ ငါးစျေးဖြစ်ပြီး စစ်ကောင်စီခန့်ဝန်ကြီးချုပ်နဲ့ မြို့ခံလုပ်ငန်းရှင်တွေပူးပေါင်းအကောင်အထည်ဖော်ထားတယ်လို့ ဝေဖန်ခံရတဲ့ ငါးစျေးဖြစ်ပါတယ်။


ထားဝယ်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်တွေ ကျင်းပဖို့ ပြင်ဆင်

ကိုဗစ်ရောဂါကာလကစပြီး သုံးနှစ်တာရပ်နားခဲ့တဲ့ ထားဝယ်တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူ‌ဇော်ပွဲနဲ့ သီတင်းကျွတ်သပိတ်မျှောပွဲတွေကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ကျင်းပလေ့ရှိတဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲအတွက် ထားဝယ်ကမ်းနားလမ်း၊ သဲကွင်းမှာ ဖျော်ဖြေရေးမဏ္ဍပ်ဆောက်လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညမှာ ကျင်းပလေ့ရှိတဲ့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကိုလည်း ဒီနှစ်မှာ ပြန်ကျင်းပမယ်လို့ ဘုရားကြီးဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အရင်က ညလုံးပေါက်လှည့်လေ့ရှိတဲ့ နှစ်ကျပ်ရှစ်ဆူဘုရားတွေကို ဒီနှစ်မှာ နေ့ဘက်လှည့်မယ်လို့ ဂေါပကအဖွဲ့က ထုတ်ပြန်ထားတာပါ။

ဒီပွဲတော်တွေ ပြန်လည်ကျင်းပတာနဲ့ ပတ်သက်ပြီး ထောက်ခံကြိုဆိုတဲ့သူတွေရှိသလို ဝေဖန်ကန့်ကွက်ကြသူတွေလည်း ရှိနေပါတယ်။


စစ်ကောင်စီရဲ့ဝင်ငွေကိုဖြတ်တောက်ကြဖို့ လောင်းလုံးမှာ လှုံ့ဆော်ဆန္ဒပြ

 စစ်ကောင်စီရဲ့ ဝင်ငွေတွေကိုဖြတ်တောက်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတခုကို  လောင်းလုံးမြို့နယ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုမှာ ဒေသခံတွေလည်းပူပေါင်းပါဝင်ခဲ့ပြီး မြို့နယ်အတွင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။


The Tanintharyi Times